လူကူးမျဉ်းကျား အသက်ဝင်သလား

0
1190

“ဆိုင်ကယ်တစ်စီးလုံး လာနေတာ မမြင်ဘူးလား၊ သေချင်နေတာလား”တဲ့။

တလောလေးက ထားဝယ်မြို့၊ အိုးလုပ်ဈေး (ဒေသအခေါ် ပိန္နဲတောဈေး) ရှေ့မှာ ရေးဆွဲထားတဲ့ လူကူးမျဉ်းကျား ကနေ လမ်းကူးမိတဲ့ ကျွန်တော့်ကို ဆိုင်ကယ်စီး လူလတ်ပိုင်းတစ်ယောက်က ဆုတောင်းမေတ္တာပို့သသွားတဲ့ အသံပါ။

တနင်္ဂနွေနေ့ နားရက်မှာ ဈေးသွား ဝယ်မိတဲ့ကျွန်တော် မေတ္တာအပို့ခံရတာပါ။

လမ်းဖြတ်ကူးမိတဲ့ နေရာကလည်း အဝါရောင်ဆေးခြယ်ထားတဲ့ လူကူးမျဉ်း ကျားဆိုတော့ မေတ္တာပို့ခံရတုန်းခဏတော့ ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်။

လူကူးမျဉ်းကျားဆိုတာ သေချာလား လို့ ပြန်ကြည့်မိတဲ့အထိ ဇဝေဇဝါဖြစ်သွား မိတာ အမှန်ပါ။

ထားဝယ်မှာ ဆွဲထားတဲ့ လူကူးမျဉ်း ကျား အရေအတွက် ဆယ်ဂဏန်းအထိ ရေးဆွဲထားပါတယ်။

ကျွန်တော်ကြုံရတဲ့ အဖြစ်အပျက်က အဲဒီလူကူးမျဉ်းကျားတွေ နဲ့ ပတ်သက်ပြီး ယာဉ်မောင်းသူတွေ တကယ်ပဲ လိုက်နာကြရဲ့လားလို့ သံသယ ဖြစ်မိစေပါတယ်။

မြို့ပေါ်နဲ့ နယ်ဘက်က အခြေခံ ပညာစာသင်ကျောင်းတွေ၊ ယာဉ်နဲ့လူ အသွားအလာရှုပ်ထွေးတဲ့ နေရာတွေမှာ လည်း လူကူးမျဉ်းကြားတွေ ဆွဲထားတာ တွေ့ရပါတယ်။

မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေ မှာတော့ ကျောင်းတက်ချိန်နဲ့ ကျောင်း လွှတ်ချိန်တွေမှာ ယာဉ်ထိန်းရဲတွေက ကြပ်မတ်ပေးနေလို့ အဆင်ပြေနေပေမဲ့ ယာဉ်ထိန်းရဲမလာနိုင်တဲ့အချိန်တွေ၊ နယ် ဘက်က စာသင်ကျောင်းတွေအရှေ့မှာဆို ကား၊ ဆိုင်ကယ်တွေက ပြိုင်ပွဲဝင်နေသလို ဂျက်လေယာဉ်အရှိန်မျိုးနဲ့ သွားလာနေ ကြတာ။

ကလေးတွေကလည်း ကျောင်းလွှတ် ပြီဆို ကိုယ်တွေငယ်ငယ်အတိုင်း အိမ်တွေ ထွက်ပြေးတော့မယ့်အလား အပြိုင်အဆိုင် ပြေးထွက်ကြတာက ကလေးတွေရဲ့ သဘာ၀။

ကလေးတွေရဲ့ သဘာ၀နဲ့ ဂျက်လေယာဉ်နဲ့သာ မိတ်ဆက်မိရင် ဖြစ်လာမယ့် အကျိုးဆက်က မတွေးရဲ စရာပါ။

လူကူးမျဉ်းကျားဆိုတာ လမ်းဖြတ်ကူး သူတွေ ဘေးအန္တရာယ်ကင်းစွာနဲ့ ဖြတ် ကူးနိုင်စေဖို့ ပြည်သူ့ဘဏ္ဍာငွေတွေ အကုန်အကျခံပြီး ရေးဆွဲသတ်မှတ်ထားတာပါ။

လက်ရှိအနေအထားမှာတော့ မျဉ်း ကျားမှာ ဖြတ်နေစဉ်မှာ ယာဉ်ပေါ်က လူတွေက လမ်းလျှောက်သူကို တာဝန် သိသိ စောင့်ဆိုင်းပေးတာမျိုး မတွေ့ရ သလောက်ပါပဲ။

လူကူးမျဉ်းကျားက ဖြတ် ကူးနေတုန်းမှာ ကားသို့မဟုတ် ဆိုင်ကယ် ပေါ်ကနေ စိတ်မရှည်စွာနဲ့ ဟွန်းတပွမ်ပွမ် တီးတာ၊ ဒေါသမျက်နှာထားနဲ့ စိတ်မရှည်တဲ့ ပုံစံနဲ့ ကြည့်တာမျိုးတွေကို အမြဲလိုလို တွေ့ရပါတယ်။ တစ်ခါတလေဆို လူကူး မျဉ်းကျားက ကူးနေတာကို အတင်းတိုးဝင် လာတာမျိုးလည်း ကြုံရပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လူကူးမျဉ်းကြားကနေ လူဖြတ်သွားနေ ချိန်မှာတော့ ဦးစားပေးတာ၊ အသိအမှတ် ပြုတာမျိုး လုပ်တဲ့ဓလေ့ ရှိသင့်ပါတယ်။

လူကူးမျဉ်းကြားတွေကနေ လမ်း ဖြတ်ကူးသူတွေ စိတ်ချလက်ချဖြတ်သန်း သွားလာနိုင်ဖို့ဆိုရင်တော့ မျဉ်းကျားကနေ လမ်းဖြတ်ကူးနေသူတွေကို ဦးစားပေးဖို့နဲ့ လိုက်နာသင့်တဲ့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ပညာပေးမှု ဒါမှမဟုတ် ကြပ်မတ်မှုတစ်ခုခု လုပ်သင့်တယ် ထင်ပါတယ်။

ဟိန်းနောင်