ကျောက်နီမော်ရွာ ငါးအမှုန့် ကြိတ်စက် အနံ့ဆိုးကိစ္စ ထပ်တင်ပြမည်

0
555

လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာရှိ ငါးအမှုန့်ကြိတ်စက်မှ အနံ့ဆိုး ထွက်နေသည့်ကိစ္စကို မခံနိုင်သည့် အတွက် စာဖြင့်တင်ပြရန် ပြင်ဆင်နေ ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုး က ကျောက်နီမော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာအထိ ပျံ့နှံ့နေ ကြောင်း ကျောက်နီမော်ရွာ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်စိုးက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ရပ်ရွာ လူထုမှ ယခင်က တိုင်ကြားခဲ့ဖူးသော် လည်း အကြောင်းထူးခြင်းမရှိသည့် အတွက် ယခုလအတွင်း ထပ်မံတိုင်ကြား ရန် ပြင်ဆင်နေကြောင်း ၎င်းက ပြောသည်။

“စက်ရုံကထွက်တဲ့အနံ့ကို လုံး၀ခံ လို့မနိုင်ဘူး။ အနံ့က ရှူလိုက်ရတာနဲ့ ရင်ထဲမှာစူးပြီး အရမ်းကို ခံစားရတယ်”ဟု ဒေါ်သက်သက်စိုးက ဆိုသည်။

ထို့အပြင် ကျွန်းပေါ်တွင် စက်ရုံ တိုးချဲ့ရန်ဟုဆိုကာ ခွင့်ပြုချက်မရှိဘဲ မြေကြီးများဖြိုချကာ မြေညှိထားကြောင်း ၎င်းက ပြောသည်။

ငါးအမှုန့်ကြိတ်စက်ရုံဖြစ်သည့် အတွက် အနံ့ထွက်မည်သာဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းအနေဖြင့် မတတ်နိုင်ကြောင်း ယင်းစက်ရုံတာဝန်ခံ ဦးမျိုးသန့်က ဆိုသည်။

“အနံ့ဆိုးမထွက်အောင်တော့ လုပ် လို့မရဘူး။ ကမ္ဘာကြီးမှာတောင် မပေါ်သေးဘူး”ဟု ဦးမျိုးသန့်က ပြောသည်။

အဆိုပါ စက်ရုံမှာ ကျောက်နီမော် ကျေးရွာနှင့် ကပ်လျက်ရှိသည့် ရေလယ် ကျွန်းပေါ်တွင် တည်ဆောက်ထားသည်။

မြိတ်မြို့တွင်လည်း ငါးအမှုန့်ကြိတ် စက်ရုံများမှ အနံ့ဆိုးထွက်မှုကြောင့် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည် အထိ ဖြစ်ပွားခဲ့ဖူးသည်။

Dawei Watch