ဆောင်းဘောက် ဆူညံသံပြဿနာ ဖြေရှင်းနိုင်ခြင်း မရှိ

0
1120

မွန်ပြည်နယ်အတွင်းက ဆောင်းဘောက် ဆူညံသံပြဿနာနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ထောက်ပြသည်။

ဆောင်းဘောက်ဆူညံသံကို ထိန်းချုပ်ရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး မှူးမှတစ်ဆင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးအဆင့်ထိ ချပြရန်နှင့် ဆောင်းဘောက်လုပ်ငန်းရှင်များကိုလည်း ပညာပေး ရှင်းပြထားရန် ပြည်နယ်အစိုးရ အဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလခန့်က တရားဝင်စာထုတ် ညွှန်ကြားထားသလို ညွှန်ကြားချက် မလိုက်နာဘဲ သတ်မှတ်ဥပဒေပါ စည်းမျဉ်းစည်းကမ်းထက် ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်လာပါက ဥပဒေအရ အရေးယူမည်ဟု လည်း ပြည်နယ်အစိုးရက ညွှန်ကြား ထားသည်။

သို့သော် လက်တွေ့တွင် ဆောင်းဘောက်ဖွင့်သူများ၊ ဆောင်းဘောက်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပြင် ဆောင်းဘောက်များကို တွဲလုံးတပ်ဆင်ပြီး စီးပွားဖြစ်လုပ်ကိုင် နေကြသည်လည်း ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

“လက်ရှိအချိန်ထိ ဆောင်းဘောက် ကားများဟာ ပြောင်းလဲခြင်း မရှိဘဲ၊ ယခင်အတိုင်းပဲ ဟွန်းတွဲလုံးများနဲ့ ပတ်ဝန်းကျင်ကို အလေးမထားဘဲ၊ သက်ကြီး ရွယ်အိုတွေကိုလည်း ဂရုမမူဘဲ လုပ်ဆောင် လျက်ရှိနေပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် အဆိုပါ ဆောင်းဘောက်ဖွင့်သူများနှင့် ဆောင်းဘောက်လုပ်ငန်းရှင် များအား ထိရောက်စွာ အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က မေးခွန်းမေး တောင်းဆိုထားသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကမူ အသံချဲ့စက်ဖွင့်ခွင့်နှင့် ပတ်သက်သည့် စည်းကမ်းချက်သတ် မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်၍ အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်စေရေး အတွက် အသံချဲ့စက်ဖွင့်ခွင့် တင်ပြလျှောက်ထားရန်နှင့် ခွင့်ပြုမိန့် မရှိဘဲ ဖွင့်ပါက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မ ၂၇ နဲ့ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကို အများပြည်သူ သိရှိအောင် ရှင်းပြထားသည်ဟု ပြန်လည် ဖြေကြားသည်။

“လတ်တလောမှာ ဆောင်းဘောက် တစ်လုံးမှာ ယူနစ် ၃၅၀ သတ်မှတ်ထားတယ်။ အများပြည်သူ ထိခိုက်စေနိုင်တဲ့ အသံနှုန်းဖြင့် ဖွင့်လှစ်မှု မရှိစေရေးအတွက်ကို မြို့နယ်မှ ရပ်ကွက်/ကျေးရွာ အဆင့်ထိ အသိပညာပေးခြင်း အရေးယူဆောင်ရွက်ခြင်းများကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်”ဟု ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

Dawei Watch