တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

0
415

တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။

ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေကျပ် ၅ သိန်း ပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။

မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။

ထိုနောက် တနင်္သာရီဂျာနယ်ဘက် က ၂၀၁၉ ခုနှစ် ဇွန်လတွင် တိုင်းတရား လွှတ်တော်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်မံ လျှောက်ထားရာ တိုင်းတရားလွှတ်တော် က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉/၂၀၁၉ ဖြင့် လက်ခံခဲ့ပြီး ပလပ်ကြောင်း အမိန့်ချလိုက်ခြင်း ဖြစ်သည်။

“ပြင်ဆင်မှုကို ပလပ်သည်”ဟု တိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်ပိုက်ပိုက်အေးက တရားခွင်အတွင်း အမိန့်ချသည်။

“ဒဏ်ငွေ ကျပ်ငါးသိန်းပေးဆောင် စေရန် ချမှတ်သည့်အမိန့်နဲ့ ယင်းအမိန့်ကို အတည်ပြုတဲ့ ထားဝယ်ခရိုင်တရားရုံး ရဲ့ အမိန့်တွေဟာ ဥပဒေအရ မှားယွင်းမှု မရှိကြောင်း သုံးသပ်ပြီးတော့ ပြင်ဆင်မှုကို ပလပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်”ဟု တိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

တိုင်းတရားလွှတ်တော်က ချမှတ် သည့်အမိန့်နှင့်ပတ်သက်၍ ရက်ပေါင်း ခြောက်ဆယ်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ပြင်ဆင်မှု ထပ်မံ လျှောက်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။

တိုင်းတရားလွှတ်တော်က ချမှတ် သည့်အမိန့်နှင့်ပတ်သက်ပြီး ဥပဒေအရ ပေးထားသည့်အခွင့်အရေးအတိုင်း ရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တနင်္သာအပတ်စဉ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

လက်ရှိတွင် ဒေါက်တာလဲ့လဲ့မော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရပြီး တိုင်းတရားလွှတ်တော်တွင်ပင် စစ်ဆေးနေသည်။

ဦးမျိုးအောင်အား တရားစွဲဆိုခဲ့သည့် မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)သည် မီဒီယာဥပဒေပုဒ်မ ၉ (ဆ)ကို ရည်ညွှန်း ထားသည်။

ယင်းပုဒ်မတွင် ဖော်ပြထားသည်မှာ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက် စေသော အရေးအသားနှင့် လူအခွင့်အရေး ကို ထိခိုက်စေသောအရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။

မြို့နယ်တရားရုံးတွင် စစ်ဆေးစဉ် က တနင်္သာရီဂျာနယ်ဘက်မှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ သရော်စာ စာရေးဆရာ ဗြိတိသျှကိုကိုမောင် အပါ အဝင် တရားခံပြသက်သေ ၇ ဦးက ထွက်ဆိုထားသည်။

တရားလိုဘက်မှ တိုင်းအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုး၊ NLD ပါတီ ထားဝယ်ခရိုင်တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုး အပါအဝင် တရားလိုပြသက်သေ ၃ ဦး က ထွက်ဆိုထားသည်။

Dawei Watch