“ခ”လိုင်စင်ဖြင့် သုံးဘီးယာဉ် မမောင်းရ

0
1718

ထားဝယ်ဒေသတွင် အသုံးပြုမှုများနေသည့် အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်ကို “ခ” လိုင်စင်ဖြင့် မောင်းနှင်ခွင့် မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန) တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်နှင့် တရုတ်နိုင်ငံထုတ်သုံးဘီး ဆိုင်ကယ်များကို “ဟ” (သုံးဘီးမောင်း) လိုင်စင် သို့မဟုတ် “ဃ” လိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

မြေပြင်တွင်မူ အဆိုပါ သုံးဘီးယာဉ်များကို “ဃ” ယာဉ်မောင်းလိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိသည်ဟု ယူဆနေကြသည်။

“ဃ”ယာဉ်မောင်းလိုင်စင်မှာ အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကားမှလွဲ၍ ကျန်မှတ်ပုံတင်ထားသည့် ယာဉ်များအားလုံးကို မောင်းနှင်ခွင့်ရှိပြီး “ခ” လိုင်စင်က သုံးတန်အထိ တင်ဆောင် နိုင်သည့် ကိုယ်ပိုင်ယာဉ်များနှင့် ကိုယ်ပိုင် ဘတ်စ်ကားငယ်များ မောင်းနှင်ခွင့်ရှိသည်။

“သုံးဘီးကတော့ ကားလိုမဟုတ် ဘူးလေ။ သူ့ရဲ့နေထိုင်မှု ပုံစံက မတူဘူးလေ”ဟု ဦးထင်ပေါ်က ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအထိ စာရင်းများအရ တိုင်းအတွင်း “ဟ”လိုင်စင်ကိုင်ဆောင်ထားသူ ၃၆၂ ဦးရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

“ခ” လိုင်စင်ရှိသူ “ဟ” လိုင်စင်ကို ထပ်မံလုပ်ဆောင်နိုင်ပြီး “က” လိုင်စင် ကိုင်ဆောင်ထားပါက “က” လိုင်စင်ကို ပြန်အပ်ရမည် ဖြစ်ကြောင်း ဦးထင်ပေါ်က ရှင်းပြသည်။

“ဟ” လိုင်စင်ဖြင့် သုံးဘီးယာဉ်အပြင် ဆိုင်ကယ်ပါ မောင်းနှင်ခွင့်ရှိသည်။

လက်ရှိတွင် “ခ”လိုင်စင်ဖြင့် မောင်းနှင်နေပြီး ယင်းလိုင်စင်ဖြင့် မောင်းနှင်ခွင့် မရှိပါက သက်တမ်းကုန်ချိန်တွင် “ဟ”လိုင်စင်လုပ်မည်ဖြစ်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး တောင်ဘက်တွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။

“ပိုက်ဆံနှစ်ခါကုန်နေမှာဆိုတော့ ခ (လိုင်စင်) ကို ပစ်ရဖို့ဖြစ်နေတာပေါ့”ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားသည့် သုံးဘီဆိုင်ကယ်နှင့် သုံးဘီးယာဉ် စုစုပေါင်းအစီးရေ ၂၈၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Dawei Watch