ကော့သောင်းအပါအဝင် မြို့နယ်လေးခု တီဘီရောဂါ ကွင်းဆင်းကုမည်

0
405

တိုင်းအတွင်းရှိ ထားဝယ်၊ သရက် ချောင်း၊ တနင်္သာရီနှင့် ကော့သောင်းမြို့ နယ်တို့ရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။

ထားဝယ်မြို့နယ်တွင် ရှမ္မတွင်း၊ ရောင်းမော်ကျေးရွာတို့ကို ဖေဖော်ဝါရီလ တတိယအပတ်၊ သရက်ချောင်းမြို့နယ် အတွင်း ကျေးရွာအချို့ကို မတ်လ ပထမအပတ်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် ကုန်ထုတ်စခန်း (အရပ်ခေါ် ရဲဘက်စခန်း)ကို ဒုတိယအပတ်၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တတိယအပတ်တွင် ကွင်းဆင်းကုသမည်ဟု ၎င်းက ပြောသည်။

“တစ်ခါသွားရင်တော့ သုံးလေးရွာလောက် ကုပေးဖြစ်တယ်။ ရွာတစ်ရွာကို စုရပ်အဖြစ်ထားပြီးတော့ အနီးအနားက ရွာကတွေကိုပါ ခေါ်ပြီး တီဘီရောဂါ စစ်ဆေးပေးတာပေါ့။ အဲလိုလုပ်ရင် ရွာတော်တော်များများကို ကာဗာ(လွှမ်းခြုံ) မိသွားစေတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က ဆိုသည်။

ပြီးခဲ့သည့်လက တီဘီရောဂါ ကွင်းဆင်းကုသပေးခြင်းကို မြိတ်ခရိုင်ရှိ ကျေးရွာအချို့နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့တွင် ပြုလုပ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

တီဘီရောဂါသည် အဆုတ်ပြင်ပ တီဘီ၊ အဆုတ်တီဘီ စသည့် ရောဂါ အမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံး ခြောက်လမှ တစ်နှစ်အထိ ဆေးသောက် ရသည်။

ကျော်သူစိုး