ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင် လျှောက်ထားသူ မရှိသေး

0
841

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်လျှောက်ထားသူ မရှိသေးဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။

ကျေးရွာသုံးစက်သုံးဆိုင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ဆိုင်ရာ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး စည်းကမ်းချက် ၃၃ ခု ပါဝင်သည်။

“လာလျှောက်ထားတာတော့ မရှိသေးဘူး။ ဆက်သွယ်စုံစမ်းတဲ့သူတွေတော့ ရှိတယ်။ သူက ချက်ချင်းလာ လျှောက်လို့က မရဘူးလေ။ ၁၀၅၊ ၁၀၆ မြေပုံတို့ ဘာတို့ ပါရမယ်လေ။ အဲဒါတွေကလည်း သက်ဆိုင်ရာ မြေစာရင်းရုံးတို့ ဘာတို့မှာ သွားလျှောက်ရတဲ့ အဆင့်တွေ ရှိတာကိုး”ဟု အထက်ပါရုံးမှ တိုင်းရောင်းဝယ်ရေးအရာရှိက ပြောသည်။

လက်ရှိတွင် အထက်ပါလိုင်စင် ဆိုင်ရာအမိန့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် တိုင်းဒေသကြီးရေနံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီမှ ခရိုင်ရေနံကြီးကြပ်ထိန်းသိမ်းရေး ကော်မတီများသို့ ညွှန်ကြားထားသည်ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ စုံစမ်းသူ ၆ ဦးခန့် ရှိကြောင်း သိရသည်။

လိုင်စင်ကိုလျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းအစိုးရ၊ တိုင်းသတ္တုတွင်းဦးစီးဌာန၊ တိုင်းလျှပ်စစ်နှင့်စွမ်းအင် စသဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရယူကာ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတွင် လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် တရားဝင်လိုင် စင်ဖြင့်ရောင်းချနေသည့် စက်သုံးဆီဆိုင် ၃၀ ဆိုင်ရှိပြီး လိုင်စင်လျှောက်ထားဆဲ ၂၆ ဆိုင်ရှိသည်ဟု သိရသည်။

ကျေးရွာသုံးစက်သုံးဆီရောင်းချခွင့် လိုင်စင်လျှောက်ထားရာတွင် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များရယူရန် လိုအပ်သည့် အချက်အလက်များသဖြင့် လိုင်စင်လျှောက်ထားရန် ခက်ခဲသည်ဟု အလယ်ကုန်းကျေးရွာမှ တစ်နိုင်တစ်ပိုင် ရောင်းချနေသူတစ်ဦးက ပြောသည်။

မိုးမြင့်