တိုင်းအတွင်း ကလေးအလုပ်သမား စစ်တမ်းကောက်ရန် စီစဉ်

0
270

ကလေးအလုပ်သမား ပပျောက်ရေးစီမံချက်၏ ကနဦး လုပ်ငန်းဖြစ်သည့် ကလေးလုပ်သား စစ်တမ်းကောက်ယူ နိုင်ရေးစီစဉ်နေကြောင်း တနင်္သာရီတိုင်း ကလးလုပ်သား စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်စုစုနွယ်က ပြောသည်။

ကနဦးအနေဖြင့် အစားအစာထုတ် လုပ်ခြင်းလုပ်ငန်း၊ လက်လီ၊ လက်ကား ရောင်းဝယ်ရေးလုပ်ငန်းနှင့် မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် ကလေးအလုပ်သမားများ အလုပ်ဝင် ရောက်နေခြင်း ရှိ၊ မရှိကို စစ်တမ်းကောက် ယူမည်ဖြစ်ကြောင်း ဒေါ်စုစုနွယ်က ပြောသည်။

၂၀၁၈ ခုနှစ်တွင် ကောက်ခံထားသည့် စာရင်းအရ တိုင်းအတွင်းတွင် အထက်ပါလုပ်ငန်း လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဈေးဆိုင်စုစုပေါင်း လေးထောင်ကျော် (၄၅၀၁) ရှိသည့်အနက် နမူနာအနေဖြင့် ဆိုင်နှစ်ထောင်နီးပါး(၁၈၉၁ ဆိုင်) တွင် ကောက်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ကောက်ယူနိုင်ရန် အတွက် ပြင်ပစာရင်းကောက်ယူသူ အယောက် ၃၀ နှင့် ဌာနမှဝန်ထမ်းဆယ်ဦး စုစုပေါင်း လူအင်အားလေး ဆယ်ဖြင့် မြို့နယ် ဆယ်မြို့နယ်စလုံးတွင် ကောက်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

“အစကတည်းက ဒီစစ်တမ်းကောက်ဖို့ လုပ်ငန်း အစီအစဉ်ကို ချထားပေး ပြီးသား။ မိုးရာသီထဲမှာ ဖြစ်နေတယ် ကောက်ဖို့ကလေ။ မိုးရာသီဆိုရင်တော့ တနင်္သာရီတိုင်းမှာ သွားရေးလာရေး ခက်ခဲလို့ အချိန်ကို ပြန်ညှိဖို့ကို ကော်မတီဗဟိုကို တင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။

ကလေးလုပ်သမားပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင်ရွက်မည် ဖြစ်ပြီးငါးနှစ်ပြီး ငါးနှစ်လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် ကလေးအလုပ်သမား ပပျောက်ရေးစီမံချက် အကောင် အထည်ဖော်ရန်အတွက် တိုင်းအစိုးရ အဖွဲ့ဝင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဥက္ကဋ္ဌ တာဝန်ယူပြီး ဖွဲ့စည်းထားသည့် အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာကော်မတီ၊ ဥပဒေရေးရာကော်မတီ စသည်ဖြင့် လုပ်ငန်းကော်မတီ ၈ ခု ဖွဲ့စည်းထားပြီး ဖြစ်သည်။

ယင်းစစ်တမ်းကောက်ယူရေးတွင် ခရီးစရိတ်အဖြစ် အသုံးပြုရန် ငွေကျပ် ၂၇ သိန်းလျာထားပြီး စုစုပေါင်း ကောက်ယူမည့် အချက်အလက် ၇၀ ကျော်ရှိကြောင်း ကလေးအလုပ်သမား စာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီ စာရင်းအရ သိရသည်။

ကျော်သူစိုး