မိုးရာသီအတွင်း ပျက်စီးလမ်းများအတွက် သန်းတစ်ထောင်ကျော် ရရှိထား

0
455

မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် တိုင်းအတွင်းရှိ လမ်းများပြုပြင်ရန် ဘဏ္ဍာ ငွေကျပ်သန်းတစ်ထောင်ကျော် ရရှိထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည် ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံးမှုများကို အပြီးသတ် ပြုပြင်နိုင်ရန် လမ်းဦးစီး ဌာနရုံးချုပ် (ဆောက်လုပ်ရေးဝန်ကြီး ဌာန)ထံ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံ တောင်းခံထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။

တောင်းခံထားသည့် ငွေကြေး အနက်မှ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လုပ်ငန်း ၅ ခုအတွက် ငွေကျပ် ၁၀၃၂.၅ သန်းကို ချထားပေးခဲ့ကြောင်း ယင်းဌာန စာရင်းအရ သိရသည်။

အဆိုပါ ငွေများအနက် မလွှဲတောင် လမ်းပိုင်းအတွက် ကျပ်သန်း ၇၀၀ နှင့် မြိတ်-ထားဝယ်လမ်းပိုင်းအတွက် ကျပ်သန်း ၃၀၀ ခန့်ရရှိထားပြီး တံတား၊ မြေထိန်းနံရံ၊ ရေပြွန် စသည့် လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းအပြင် မလွှဲတောင်လမ်းပိုင်း ယာယီပြုပြင်ခြင်းလုပ်ငန်းအတွက် ကျပ် ၁၂၉ ဒသမ ၅ သန်းကို ယမန်နှစ်က ချထားပေးခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လက်ရှိလမ်းသား ပဲ့ကျသွားသည့် နေရာတွင် လာမည့်မိုးရာသီ၌ ထပ်မံ မပျက်စီးစေရန် မြေထိန်းနံရံကို လုပ်ဆောင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။

“အခုကျတာတွေက ချောက်ဘက် ခြမ်းတွေများတယ်။ တောင်ဘက်ခြမ်းတွေကို မကျသေးဘူးပေါ့”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

မိုးရာသီက ပျက်စီးခဲ့သည့် တိုင်းဒေသကြီးလမ်းများကို ပြုပြင်ရန် လက်ရှိဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ငွေကျပ်သန်းပေါင်း ၃၃၀ ကျော် တင်ပြတောင်းခံထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။

မိုးရာသီက ပျက်စီးခဲ့သည့် လမ်းဦးစီးဌာနပိုင် လမ်းတံတားများ ရေရှည်တည်တံ့ကောင်းမွန်အောင် ပြုပြင်ခြင်းလုပ်ငန်းများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် သုံးစွဲရမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။ တစ်ဘီလီယံသည် သန်းပေါင်းတစ်ထောင်နှင့် ညီမျှသည်။

Dawei Watch