ရွှေ၊ သတ္တု ခိုးတူးသူတွေကို ဝင်ဖမ်း၊ လူမမိ

0
694

ကလိန်အောင်မြိုနယ်ခွဲ ဇင်းဘာရွာအနီး ဇင်းဘာချောင်း၏ ချောင်းလက် တက်များတွင် တရားမဝင်ရွှေတူးသူများနှင့် ပုလောမြို့နယ် ပုဒေါရွာအနီး တရားမဝင် သတ္တုခိုးတူးသူများကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သတ္တုတူးသည့် ဆက်စပ်ပစ္စည်းများသာ သိမ်းဆည်းနိုင်ခဲ့ပြီး လူတစ်ဦးမျှ ဖမ်းမမိဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

“ရွှေကျင်ဖောင်တွေ တွေ့တယ်။ ဘက်ဟိုးတွေ တွေ့တယ်။ လူတွေကတော့ ပြေးကုန်တာပေါ့”ဟု ၎င်းက ဆိုသည်။

၎င်းဆက်စပ်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး လူနေတဲများကို ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ဇင်းဘာတွင် ဝင်ဖမ်းသည်မှာ ရွာသား တို့က ဓာတ်ပုံအထောက်အထားနှင့်တကွ ဝန်ကြီးချုပ်ထံ လိပ်မူတိုင်ကြားမှုအရဖြစ်ပြီး ပုဒေါတွင် ဝင်ဖမ်းသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သတင်းပို့မှုကြောင့်ဖြစ်ကြောင်း ဗိုလ်မှူး ကြီး ကျော်ဇေယျက ပြောသည်။

ဇင်းဘာတွင် ထိုသို့ ဝင်ဖမ်းစဉ်က ရွှေတူးသမားများက ခဏနားထားသော်လည်း လက်ရှိတွင်မူ နဂိုနေမြဲအတိုင်း ရွှေဝင်တူးနေဆဲဟု ကလိန်အောင်ဒေသခံ တစ်ဦးက ပြောသည်။

“လက်ရှိက ချောင်းရေ မနောက်ဘူး။ ရွှေကျင်သူတွေက ရေကို တွင်းတူးပြီး ရေကြည်ခံပြီးမှ ချောင်းထဲ ပြန်လွှတ် တာဆိုတော့လေ။ ဒါပေမယ့် မိုးတွင်းဆို ရေပြန်နောက်မှာ။ အမြစ်ပြတ်အောင် နှိမ်နင်းပေးစေချင်ပါတယ်”ဟု ၎င်း ဒေသခံက ပြောသည်။

ဇင်းဘာချောင်းတွင် ရွှေတူးသူများမှာ ဒေသခံများမဟုတ်ဟု ဒေသခံတို့က ပြောကြသည်။

Dawei Watch