ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန်ကျန်

0
1651

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းအတွက် ကျပ်သန်းပေါင်း ခုနစ်သောင်းနီးပါး လျော်ကြေးပေးရန် ကျန်နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးအောင်ထူးက ပြောသည်။

ကနဦးစီမံကိန်းတွင် စုစုပေါင်း ဧရိယာ ၆၉၂၈ ဧကရှိသည့်အနက် ၆၆၂၄ ဧကအတွက် လျော်ကြေးပေးရန် ကျန်နေသေးကြောင်း ၎င်းက ဆိုသည်။

ထိုဧရိယာအတွက် ပေးရန်ကျန်သည့် လျော်ကြေးငွေမှာ ငွေကျပ်သန်းပေါင်း ၆၈၂၆၃ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

လျော်ကြေးငွေပေးသည့်အချိန်နှင့် ပြန်လည်နေရာချထားရေးကိစ္စများတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ရန် လျော်ကြေးပေးချေရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

“အဆိုပါလျော်ကြေးငွေများကို လုပ်ငန်းလုပ်ဆောင်သူက ပေးချေရမှာ ဖြစ်ပါတယ်”ဟု ဒုဝန်ကြီးဦးအောင်ထူးက ပြောသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ဆောင်ရန် ပြင်ဆင်နေသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်းတွင် ပါဝင်သည့် ထီးခီး လမ်းအဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံ NIDA ထံမှ ချေးငွေယူရန် ပြင်ဆင်နေသည်။

ယင်းအတွက် နည်းပညာပိုင်းဆိုင်ရာ လေ့လာခြင်းအစီရင်ခံစာကို ပြုစုနေကြောင်း ဒုဝန်ကြီးဦးအောင်ထူးက ပြောသည်။

အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း အဖြစ် စီးပွားရေးဇုန် – ထီးခီးလမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းငယ်အပါအဝင် လုပ်ငန်းအစီအစဉ် ၉ ခု ပါဝင်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ပါဝင်သော စီမံကိန်းအကောင်အထည်ဖော်ရေး မြန်မာအစိုးရနှင့် ထိုင်းကုမ္ပဏီ ITD တို့ ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေး နေခဲ့သည်။

Dawei Watch