စိတ်နဲ့စတာကို စိတ်နဲ့ ပြန်ရုပ်

0
115
ကြော်ငြာဝန်ဆောင်မှု

ညနေခင်းတွေ၊ ညဘက်တွေမှာ ဘီယာတကူးတက ဝယ်မသောက်ဖြစ်တဲ့ ရက် ဒီအပတ်အတွင်းမှာ သုံးရက်လောက် ရှိပါတယ်။ ဝယ်နေကျ ကုန်စုံဆိုင်မှာ ဘီယာ၊ အရက်ရတော့ ညနေခင်းမှာ မီးဖိုချောင်အတွက် ဝယ်စရာ ရှိတာဖြစ်ဖြစ် အိမ်အောက်ကို ဆင်းစရာ အကြောင်းရှိလို့ ပဲဖြစ်ဖြစ် ဆင်းဖြစ်ပြီဆို အခြားဟာတွေ ဝယ်ရင်း၊ အခြားလုပ်စရာရှိတာလုပ်ရင်း ဘီယာ ဝယ်သောက်ဖြစ်လေ့ ရှိပါတယ်။

တစ်ခါတလေ ဝယ်သောက်မယ်၊ မသောက်တော့ပါဘူးဆိုပြီး တစ်ယောက် တည်း ချီတုံချတုံဖြစ်နေလို့ မုန့်တွေ ကြည့်ရင်း ဆိုင်ထဲ ပတ်နေတတ်တာလည်း ရှိရဲ့။ တစ်ခါတလေ ဘီယာကနိုင်သွားပြီး တစ်ခါတလေကျတော့လည်း ကိုယ်က နိုင်တယ်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် အဲဒါမျိုး အခြေအနေကို ပြန်တွေးမိတော့ ကိုယ့် ဟာကိုယ် မျက်နှာပူမိတာ၊ ရှက်သလိုလို ဖြစ်တာတော့ အမှန်ပါပဲ။ ပြီးတော့ ပျော်လည်းမပျော်ဘူး။ ဘာကြောင့် ငါ ဒီလို ကြီး ဖြစ်နေလဲ ဆိုပြီးတော့ တနုံ့နုံ့တွေးနေ မိတော့တာပါပဲ။

တစ်ခါတလေ ကိုယ်က ဝယ်မသောက် ဖြစ်ဘဲ နေနိုင်သွားတဲ့ အနေအထားမျိုး ဆိုရင်လည်း ကြည်နူးကျေနပ်ဖြစ်နေမိ ပြန်တယ်။ ငါကွ ဆိုပြီးတော့ပေါ့။ အဲဒီ ကြည်နူးကျေနပ်မှုက ဘာနဲ့မှကို မတူ ပါဘူး။

လူမှုရေးအရဆိုပြီး ညနေပိုင်းတွေမှာ စကားတွေပြောရင်း သောက်ဖြစ်လာရာ ကနေ ကိုယ်က ဘီယာကို သောက်တာ လား။ ဘီယာက ကိုယ့်ကိုသောက်တာလား တ်စ်ခါတလေ သိပ်မသဲကွဲတော့ပါဘူး။

တလောက အသက် ၃၀ ကျော်သာ ရှိသေးတဲ့ကိုယ့်နဲ့ ရွယ်တူ မိတ်ဆွေတစ်ဦး အရက်ကြောင့် ဆုံးသွားတော့ ငါလည်း သတိထားဦးမှလို့ အတွေးတော့ ဝင်မိသား။

ဒါပေမယ့် ပြန်ပြန် သောက်ဖြစ်တာ ပါပဲ။

အဲလို ဘီယာနဲ့ ကိုယ် သူတစ်ပြန် ကိုယ်တစ်ပြန် ဖြစ်နေတာ အတော်တော့ ကြာပါပြီ။ အဲလို ကာလထဲမှာ အကျေ နပ်ဆုံးကတော့ ညက လုပ်နိုင်ခဲ့တာကိုပဲ။

ဝယ်စရာတစ်ခု ရှိတာနဲ့ ဘီယာဖိုး ပါ ပိုက်ဆံယူပြီး အိမ်အောက်ဆင်း သွားရင်း ဆိုင်နားရောက်ခါနီးမှ ငါ ဒီလောက်ကြီး တကူးတက ငတ်ကြီးကျ မနေသင့်ပါဘူးဆိုပြီး အတွေးဝင်လာတော့ အရက် ဘီယာမရောင်းတဲ့ ဘေးနားကပ် လျက်က ကုန်စုံဆိုင်လေးကို ကွေ့ချလိုက် တာပါပဲ။

အဲလိုလေး လုပ်ပြီး တစ်ညတာလုံး ကိုယ့်ဟာကိုယ် ကျေနပ်နေတာပါပဲ။ ငါလုပ်နိုင်တယ်ဆိုပြီးတော့ပေါ့။ မနက် အိပ်ရာနိုးတော့လည်း ကြည်ကြည်လင် လင်နဲ့ ယုံကြည်မှု ရှိရှိပါပဲ။

စိတ်ကို ဒီအတိုင်း လွှတ်ထားတာမျိုး မဟုတ်ဘဲ အမြဲသတိထား ကြည့်နေတတ် တဲ့ အလေ့အထရှိတော့ သောက်ဖြစ်တဲ့ညနဲ့ မသောက်ဖြစ်တဲ့ည၊ သောက်ပြီးတဲ့မနက် နဲ့ မသောက်ခဲ့တဲ့မနက်တွေ ဘာတွေ ကွာသလဲဆိုတာတွေကိုလည်း သတိထား မိလာပါတယ်။

သိမ်သိမ်မွေ့မွေ့လေး တွေ့ရတာ ကတော့ စိတ်အကြည်ဓာတ်ရှိတာနဲ့ မရှိ တာပဲ ဖြစ်ပါတယ်။

ကျွန်တော်ပြောတဲ့ ကြည်လင်မှုဆိုတာက အရက်နာ ကျတာ မကျတာနဲ့ မဆိုင်ပါဘူး။ စိတ်နဲ့ပဲ ဆိုင် တာပါ။ ထူးဆန်းတာက ယေဘုယျအား ဖြင့် သောက်ထားရင် ညဘက် သိုးနေအောင် အိပ်ပျော်သွားပေမဲ့ မနက်ကျ လူရော စိတ်ရော ကြည်ကြည် လင်လင် ဖြစ်မနေတာမျိုးပါ။ နောက်ပိုင်း သောက်တာ တွေ ဆက်လာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ မပျော်တော့ပြန်ပါဘူး။

အဲလိုတွေ ဖြစ်လာတော့ စိတ်ထဲ ပိုပြီး တွန့်ဆုတ်လာပေမယ့် လူမှုရေစီးထဲ ရောက်နေတာဖြစ်တော့ မကြာခဏဆို သလို ဘီယာက ကိုယ့်ကို သောက်သွား တာချည်းပါပဲ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဒီဗွီဘီ ဝက်ဘ်ဆိုဒ်မှာဖော်ပြတဲ့ ဆောင်းပါး တစ်ပုဒ်မှာတော့ အရက်ကြောင့် သေဆုံး သူ ၂ ဆလောက်အထိ မြင့်တက်လာ ပါသတဲ့။ ကမ္ဘာလုံးအနေအထားနဲ့လား၊ မြန်မာနိုင်ငံအနေအထားနဲ့လားဆိုတာ တော့ ဆောင်းပါးမှာ ဖော်ပြမထားပါဘူး။

အရက်အလွန်အကျွံသောက်တဲ့ အမျိုးသမီး အရေအတွက်ကလည်း သိသိသာသာ မြင့်တက်လာတယ်တဲ့။

အဲလိုမျိုးဆောင်းပါးတွေမှာတော့ ကိုယ်က ဘီယာ၊ အရက်ကို ဘယ်လို လျှော့ရမယ်ဆိုတာမျိုး နည်းလမ်းတစ်ခုစ နှစ်ခုစတော့ ပါတတ်ပါတယ်။

သေချာ ပြန်တွေးကြည့်တော့ ဒါက အကျင့်ပါပဲ။ ကျန်တာတွေ အားလုံးက အဲဒီအကျင့်ကို ထောက်ပံ့ဖို့ အကြောင်း ပြချက် ရှာတာ သက်သက်ပဲ။ သူငယ်ချင်း တွေနဲ့ လူမှုရေးအရလို့ ပြောနေပေမဲ့ တကယ်တမ်းကျ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်ရင်လည်း ကိုယ်တစ်ယောက် တည်း သောက်ရင် သောက်နေမှာပါပဲ။ အကြောင်းပြချက် ရှာတော့ ညနေတိုင်း လည်း တွေ့စရာ ပြောစရာတွေက မကုန် နိုင်၊ တွေ့ရပြောရမယ့်လူကလည်း မကုန် နိုင်ဘူးလေ။

ပြီးတော့ ညနေပိုင်းရောက်ရင် လူက ပိုပို ပင်ပန်းတတ်လာတယ်။ အလုပ်လုပ် လို့ ပင်ပန်းတာလား။ သောက်ချင်စိတ် ကြောင့် မအီမလည်နဲ့ ပင်ပန်းသလို ဖြစ်လာတာလားလည်းမသဲကွဲဘူးလေ။ သတိလက်လွတ်ဖြစ်နေတဲ့နေ့တွေ ဆိုရင်တော့ “ဟူး . . မောလိုက်တာ ၊ တစ်ခွက် နှစ်ခွက် သောက်ဦးမှ”ဆိုပြီး သောက်လိုက် ပေမဲ့၊ သတိဝင်နေတဲ့နေ့တွေဆိုရင် တော့ သောက်ရင်းနဲ့ ငါ တကယ်ပဲ အလုပ် ပင်ပန်းနေတာပဲလားဆိုပြီး တွေးမိပါရဲ့။

ကျွန်တော်တို့က ကိုယ့်ကိုကိုယ် လိမ်တဲ့နေရာမှာ အရမ်းပိရိတယ် မဟုတ် လား။
အကျင့်တစ်ခုရဲ့ အစက အတွေးပါ ပဲ။ စလုပ်ဖြစ်တာက ကာယကံမြောက် ဖြစ်သွားလို့ လူမြင်ပေမယ့် အဲဒီမတိုင်ခင် မှာ စိတ်ထဲ အရင်ဖြစ်တာကိုး။

ဆိုတော့ အတွေးကနေ စလုပ်ဖြစ်၊ စလုပ်ဖြစ်ရာက အကျင့်ဖြစ်၊ အကျင့်ကနေ စရိုက်ဖြစ်၊ စရိုက်ကပဲ ကိုယ့်ကြမ္မာကိုယ် ပုံဖော်တယ်ဆိုတဲ့ သဘောရှိတဲ့အခါကျ တော့ အဲဒါကို ပြောင်းပြန် ပြန်လှန်နိုင် အောင် ဖြည်းဖြည်းချင်း ကြိုးစားရမှာပါပဲ။

အကျင့်ဆိုးတွေကို ဘယ်လို ရပ်တန့် မလဲဆိုတာ အင်တာနက်မှာ ရှာကြည့် တော့ ယေဘုယျအားဖြင့် တွေ့တာက တစ်ခုခုကို အစားထိုးလုပ်ဖို့၊ ကိုယ့်အကျင့် ဆိုးကို မီးလောင်ရာ လေပင့်ဖြစ်စေမယ့် သူတွေနဲ့ ဝေးဝေးနေဖို့၊ တဖြည်းဖြည်းချင်း တစ်ဆင့်ချင်း လျှော့ချဖို့ အဲလိုတွေ လမ်းညွှန်ထားကြတာ တွေ့ရပါတယ်။

ကျွန်တော်ကတော့ စိတ်ထဲမှာ အတွေး ထဲမှာ ခိုင်ကျည်ပြတ်သားသွားဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ ကျန်း မာရေး အယိုယွင်းခံပြီး၊ မိသားစုဘ၀တွေ အပျက်ခံပြီး၊ ကိုယ့်ဘ၀ကို အပျက်ခံပြီး သောက်နေတဲ့သူတွေကို တွေ့တော့ အတွေးစိတ်က အဓိက ကျတယ်ဆိုတာ ပိုသေချာလာတယ်။

ဘာလို့ဆို အတွေးစိတ်မှာသာ အကျိုး အကြောင်းခိုင်မာတဲ့ ခံယူမှု မရှိလျှင် သူတို့ကို ကျန်းမာရေးနဲ့ခြောက်လည်း မကြောက်၊ ဘ၀ပျက်မှာ ပြောပြီးခြောက်လည်း မကြောက်ဘူးမဟုတ်လား။

တစ်စုံတစ်ရာ ခံယူမှုတစ်ခုခုနဲ့ ခိုင်ခိုင်ကြည်ကြည် နောက်ပြန်ဆုတ်တာ ကိုပဲ ကြိုးစားသင့်ပါတယ်။ အတွေးစိတ် က စခဲ့တဲ့ အကျင့်တစ်ခုကို အတွေး စိတ်နဲ့ပဲ ပြန်လျှော့ချ၊ ပြန်သတ်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း ညကလို ပျော်ရွင် ကြည်နူးမှုမျိုး နောက်ညတွေ ဆက်ရ အောင် ကြိုးစား ရပါဦးမယ်။ လူမှုရေစီးနဲ့ အတူ တစ်လှေကြီး ဝိုင်းအုံနေတဲ့ အကြောင်းပြချက် နတ်ဆိုးတွေကို အောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အားလုံး ကြည်နူးမှုကို ခံစားကြရ ပါစေ။ ဘ၀နေ့ရက်တွေကို အကြည်ဓာတ် လေးနဲ့ ရှင်သန်နိုင်ကြပါစေ။

သည်မွန်