စည်ပင်တွင် စာဖြင့် အကြွေးတောင်းသည့် ကော်မတီဝင်

0
870

ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီတစ်ဦးက သူစိုက်ထုတ်ကျခံ ထားရတဲ့ အကြွေးကို စည်ပင်သာယာရေး အဖွဲ့က မပေးလို့ စာနဲ့ တောင်းခံခဲ့ပါတယ်။

စည်ပင်ကော်မတီဝင် ဦးဇော်လေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကမ်းနား ဈေးအနီးမှာ ရေမြောင်းအဖုံး ၁၉ ချပ် အတွက် ငွေကျပ် ၁၅ သိန်းကို ၎င်း ပိုင်ငွေကြေးစိုက်ထုတ်ပြီး လုပ်ထားတယ် လို့ ဆိုပါတယ်။

သူစိုက်ထုတ်ထားတဲ့ငွေကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ စည်ပင်သာယာရေးအဖွဲ့က ပြန်ပေးမယ် လို့ ပြောဆိုပြီးမှ စိုက်ထုတ်ပေးထားတာ ဖြစ်တယ်လို့ ဦးဇော်လေးက ပြောပါတယ်။

ဒီငွေတွေကို ပြန်ပေးဖို့ စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ လူချင်းတွေ့ပြီး တောင်းခဲ့ပေမယ့် ပြန် မပေးလို့ နောက်ဆုံးမှာတော့ ဖေဖော်ဝါရီ လ ၅ ရက်နေ့မှာ စာနဲ့ တောင်းခံခဲ့ရတယ် လို့ သူက ဆိုပါတယ်။

ဦးဇော်လေးက အကြွေးတောင်းတဲ့ စာကို Facebook စာမျက်နှာပေါ်မှ တစ်ဆင့် မျှဝေခဲ့ပါတယ်။

“တောင်းနေတာတော့ အစည်း အဝေးမှာလည်း တောင်းတယ်။ နှစ်ဦး နှစ်ဘက် လက်ဖက်ရည်ဆိုင်မှာတွေ့လည်း တောင်းနေတာပဲ။ တောင်းနေတာကို ဘယ်လိုဖြစ်နေမှန်းမသိဘူး၊ မပေးဘူးဗျ”လို့ ဦးဇော်လေးက ပြောပါတယ်။

အဲဒီအကြွေးတောင်းစာ ပေးပြီးချိန် မှာပဲ စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ငွေကျပ် ၁၅ သိန်းကို ချက်ချင်းလာပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ခွင့်ယူထား တဲ့အတွက် ယင်းအကြွေးကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်မရခဲ့ပါဘူး။

ဒီအကြွေးတောင်းတဲ့စာကို တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးနဲ့ စည်ပင် သာယာရေးဝန်ကြီးဆီကိုလည်း မိတ္တူ ပေးပို့ထားပါတယ်။

သူစိုက်ထုတ်ထားသည့် ငွေကို ပြန်တောင်းချိန်မှာ ခက်ခဲနေတဲ့ အတွက် စည်ပင်လုပ်ငန်းတွေအတွက် ပစ္စည်း တင်ဒါ အောင်မြင်ထားတဲ့ လုပ်ငန်းရှင် တွေအဖို့ ပိုပြီးခက်ခဲနေနိုင်တယ်လို့ ဦးဇော်လေးရဲ့ အကြွေးတောင်းတဲ့စာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ စည်ပင်သာယာဝန်ကြီးတို့ သိရှိဖို့နဲ့ ပြန်လည်ကြပ်မတ်ပေးဖို့ အဲဒီ စာမှာ တောင်းဆိုထားပါတယ်။

Dawei Watch