တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုးဖြတ်လုသည့် အမျိုးသမီးကို ဖမ်းမိ

0
1056

မြိတ်တွင် တက္ကသိုလ်မှ ပြန်လာ သည့် တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုး ဖြတ်လုသည့် အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

မြိတ်တက္ကသိုလ်တွင် တတိယနှစ် ကျောင်းသူက ဇန်နဝါရီလ ၃၁ ရက် နေ့လယ်ပိုင်းက ကျောင်းအတန်းချိန်ပြီး၍ အမျိုးသမီးဘော်ဒါဆောင်သို့ တက္ကသိုလ် အနောက်ဘက်လမ်းအတိုင်း တစ်ဦး တည်း လမ်းလျှောက်ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့လမ်းလျှောက်လာစဉ် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာ ပြီး ၎င်းကို အမျိုးသမီးဘော်ဒါဆောင်သို့ သွားမည့် လမ်းကို မေးမြန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

တက္ကသိုလ်ကျောင်းသူက ထိုသို့ လမ်းညွှန်ပြောဆိုရာ ဆိုင်ကယ်စီးအမျိုး သမီးက မကြားရသည့် ဟန်ဖြင့် ဆိုင်ကယ် ဦးထုပ်ကို ချွတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် တက္ကသိုလ်ကျောင်း သူ၏ ဆံပင်တွင် ပိုးကောင်ကပ်နေသည် ဟုဆိုကာ ဆံပင်ကို ခါချပေးဟန်ပြုပြီး လည်ပင်းတွင် ဆွဲထားသည့် ငါးမူးသား ခန့်ရှိ ရွှေဆွဲကြိုးကို ဆွဲဖြတ်၍ ဆိုင်ကယ် မောင်းနှင်ထွက်ပြေးကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့ထွက်ပြေးစဉ် တက္ကသိုလ် ကျောင်းသူက အဆိုပါ အမျိုးသမီး၏ အင်္ကျီကို ဆွဲလိုက်ရာ ဆိုင်ကယ်လဲကျ သွားပြီး တက္ကသိုလ်ကျောင်းသူက ပတ်ဝန်းကျင်ထံ အကူအညီတောင်း ခံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ အကူအညီတောင်းခံမှု ကြောင့် ပတ်ဝန်းကျင်နေသူများရောက် ရှိလာပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွဲကြိုး ဖြတ်လုယက်သည့် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ- ၃၈၂ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch