ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းပေးမည်

0
1109

ထိုင်းနိုင်ငံတွင် ဟင်းသီးဟင်းရွက် နှင့် သစ်သီး၀လံ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းတက်လိုပါက ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံစိုက် ပျိုးထုတ်လုပ်သူများအသင်းထံ ဆက်သွယ်နိုင်ကြောင်း ဦးဆောင်စီစဉ်နေသည့် တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ မှ သိရသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက ထားဝယ်မြို့တွင် ဖွင့်လှစ်ထား သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဆိုင်ရာ သင်တန်းကျောင်းရှိ ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံစိုက်ပျိုးထုတ်လုပ်သူများအသင်းထံ ဆက်သွယ်နိုင်ကြောင်း တိုင်းကုန်သည်^ စက်မှုအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

ထိုင်းနိုင်ငံတွင် မတ်လ ၂၄ ရက်မှ ၂၉ ရက်အထိ ၆ရက်ကြာ သင်ကြားပေးမည့် သင်တန်းသို့ သင်တန်းသား ၄၀ ဦး စေလွှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သင်တန်းတက်ရောက်လိုသူများ၏ ပညာအရည်အချင်း၊ ကျားမ၊ အသက် အရွယ်ကို ကန့်သတ်ထားခြင်းမရှိဘဲ ထားဝယ်ခရိုင် အတွင်းနေထိုင်ပြီး လက်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူများကို ဦးစားပေးမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“လက်ရှိ စိုက်ပျိုးနေသူထဲက ဦးစား ပေးပြီးခေါ်ဖို့တော့ အကြံပြုထားတယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

သင်တန်းတွင် ပိုးသတ်ဆေးမသုံးဘဲ ပန်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်နည်း၊ သရက်သီးစိုက်ပျိုးထုတ် လုပ်နည်း၊ ဖရဲသီးစိုက်ပျိုးထုတ်လုပ်နည်း အစရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်နည်းများကို သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်တန်းကာလအတွင်း လေ့လာရေး ခရီးစဉ်အဖြစ် သစ်ခွစိုက်ပျိုးထုတ်လုပ် သည့်ခြံ၊ ဝက်မွေးမြူရေးခြံ၊ ဈေး စသည့် နေရာများကို သွားရောက်မည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

အဆိုပါသင်တန်းကို တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်း နှင့် ထိုင်းနိုင်ငံ ရပ်ဘူရီခရိုင် ကုန်သည်/စက်မှုအသင်းတို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း အထက်ပါ အသင်းထံမှ သိရသည်။

သင်တန်းသားများအနေဖြင့် ထားဝယ်-ထီးခီး အသွားအပြန်စရိတ်၊ လမ်းခရီးတွင် စားသောက်စရိတ်ကို ကျခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း သွားလာနေထိုင်စရိတ်မှာ အခမဲ့ဖြစ် ကြောင်း ယင်းအသင်းထံမှ သိရသည်။

၂၀၁၈ ခုနှစ်ကလည်း သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်း စနစ်များ သင်ယူရန်အတွက် သင်တန်းသားများ စေလွှတ်ခဲ့ဖူးသည်။

Dawei Watch