စည်းကမ်းချက်အပြောင်းအလဲအချို့နှင့်အတူ ကော့သောင်းလျှပ်စစ် တင်ဒါခေါ်

0
340

စည်းကမ်းချက် အပြောင်းအလဲ အချို့ပြုလုပ်ကာ ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ တင်ဒါခေါ်ယူနေကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးလုပ်ငန်းကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူဘဲ အပြောင်းအလဲအနည်းငယ်ပြုလုပ်ထားကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ဆိုသည်။

လျှပ်စစ်တင်ဒါလျှောက်လွှာကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင် ရောင်းချပြီး မတ်လ ၆ ရက်နေ့ တင်ဒါ ပိတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏profile (ကုမ္ပဏီ အကြောင်း)၊ နည်းပညာ၊ တစ်ယူနစ် ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။

ကော့သောင်းမြို့နယ် လျှပ်စစ်တင်ဒါ တွင်မူ ကုမ္ပဏီ၏ profile ၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီ၏ profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက်စစ်ဆေး မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

တင်ဒါဖွင့်ဖောက်ခြင်းကို နှစ်ကြိမ် လုပ်မည်ဖြစ်ပြီး ပထမအကြိမ်တွင် ကုမ္ပဏီ ဏမသ်ငူန၊ နည်းပညာတို့ကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒုတိယအကြိမ်တွင် ကုမ္ပဏီ ဏမသ်ငူန၊ နည်းပညာ စစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ် ဈေးနှုန်း ဖွင့်ဖောက်မည် ဖြစ်ကြောင်း ဦးအောင်သူရက ဆိုသည်။

“ဒါကတော့ အတွေ့အကြုံပေါ့လေ၊ လုပ်လာတဲ့ တင်ဒါတစ်ခုနဲ့ တစ်ခု အတွေ့အကြုံအပေါ် မူတည်ပြီးတော့ အကောင်းဆုံး ဖြစ်အောင်ပေါ့”ဟု ဝန်ကြီးဦးအောင်သူရက ဆိုသည်။

ကုမ္ပဏီ profile၊ နည်းပညာ၊ ဈေး နှုန်းဖွင့်ဖောက်စစ်ဆေးပြီးပါက တိုင်း အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြကာ အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကော့သောင်းလျှပ်စစ်အတွက် ဒီဇယ်လောင်စာအသုံးပြုကာ ထုတ်လုပ် မည်ဆိုပါက စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းနှင့် အခြားလောင်စာအရင်းအမြစ်ဖြင့် ထုတ်လုပ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ထုတ်လုပ် ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း တိုင်း အစိုးရက ထုတ်ပြန်သည်။

တင်ဒါအောင်မြင်ထားသည့် လျှပ်စစ် ယူနစ်ဈေးနှုန်းအတိုင်း သုံးလ အထိ ဖြန့်ဖြူးပေးရမည်ဖြစ်ပြီး ယင်းကာလ နောက်ပိုင်းတွင် လောင်စာဈေးနှုန်း၊ ဒေါ်လာငွေလဲလှယ်နှုန်းတို့ အပေါ် မူတည်ကာ တိုင်းအစိုးရအဖွဲ့သဘောတူညီချက်ဖြင့် သုံးလတစ်ကြိမ် ပြင်ဆင် နိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ပါချန် ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ် ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၄၃၅ကျပ် ကောက်ခံနေသည်ဟု ကော့ သောင်းဒေသခံ အချို့ထံမှ သိရသည်။

Dawei Watch