အထွက်တိုးဈေးကွက်ဝင် မျိုးစပါး ပုဂ္ဂလိကဆန်စက် ဖြန့်ဖြူးမည်

0
420

အထွက်တိုးပြီး ဈေးကွက်ဝင်သည့် မျိုးစပါးများကို အိုကေဆန်စက်မှ လာမည့် စပါးစိုက်ရာသီတွင် ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင် ထွေးက ပြောသည်။

မျိုးစပါးများကို ဧရာ၀တီတိုင်း ဒေသကြီးမှ ဝယ်ယူထားပြီးမြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများအား လာမည့်ဧပြီလတွင် ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ရေမြေဒေသနဲ့ ကိုက်ညီပြီး အထွက်တိုးတဲ့မျိုးစပါးတွေကို တောင်သူတွေဆီဖြန့်ဖြူးပေးသွားမယ်”ဟု အိုကေအဆင့်မြင့်ဆန်စက်ပိုင်ရှင် လည်းဖြစ်သူ ဦးမောင်ထွေးက ပြောသည်။

ဧရာ၀တီတိုင်းမှမျိုးစပါးများဝယ်ယူပြီးပြီးခဲ့သည့်နှစ်မှ စတင်၍တောင်သူ ၅၇ဦးပိုင်လယ်ဧက၅၀၀ကျော်တွင် စတင် စမ်းသပ်စိုက်ပျိုးခဲ့ရာ စပါး ထက်ဝက် ကျော်တိုးလာသည့်အတွက် ယခုနှစ်တွင်ဒေသအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ဖြူးသွားရန်စီစဉ်နေကြောင်း ၎င်းက ဆိုသည်။

ယခင်ကလယ်တစ်ဧကလျှင်စပါးအတင်း၅၀ခန့်သာထွက်ရှိနေရာမှ အိုကေ ဆန်စက်မှပေးသည့်မျိုးစပါးအား စမ်းသပ် စိုက်ပျိုးကြည့်ရာလယ်တစ်ဧကလျှင် အနည်းဆုံး စပါးအတင်း၉၀ခန့်ရရှိလာ ကြောင်းမြိတ်မြို့နယ် ကျောက်ဖျာကျေး ရွာအုပ်စုရှိတောင်သူများက ပြောပြသည်။

“ရေအလုံအလောက်မရတော့တစ် ဧက တင်း၉၀လောက်ပဲရတယ် ရေ အလုံအလောက်ရတဲ့ ကျွန်တော့် မိတ်ဆွေ မှာဆိုတစ်ဧကတင်း၁၅၀တောင် ထွက်ခဲ့တယ်”ဟု ကျောက်ဖျာကျေးရွာ အုပ်စု၊ ကဘင်းကျေးရွာမှ တောင်သူ ဦးထင်ကျော်လင်းက ပြောသည်။

အိုကေဆန်စက်မှထုတ်ပေးခဲ့သည့် မျိုးစပါးတစ်တင်းလျှင် ကျပ်ငါးထောင် ကျသင့်ပြီး စပါးပေါ်သည့်အချိန်မှပြန် ပေးရကြောင်းကျောက်ဖျာကျေးရွာနေ တောင်သူများက ဆိုသည်။

မြိတ်ဒေသနှင့်ကိုက်ညီပြီးအထွက် တိုးသည့်မျိုးစပါးရရှိအောင်၎င်းအနေဖြင့် အကြိမ်ကြိမ်လက်တွေ့စမ်းသပ်စိုက်ပျိုးခဲ့ ရကြောင်းဦးမောင်ထွေးက ပြောပြသည်။

ကိုဆန်း