လော့လော့ ပုစွန်မွေးမြူကန်နှင့် တပ်သိမ်းမြေကိစ္စ တောင်သူလယ်သမားသမဂ္ဂ ကူမည်

0
457

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန် မွေးမြူရေးကန်နှင့် တပ်သိမ်းမြေယာများ ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ကူညီမည် ဖြစ်ကြောင်း ယင်းသမဂ္ဂ နာယက ဦးဆန်းဆင့်ထံမှ သိရသည်။

သိမ်းဆည်းမြေယာများအား သက် ဆိုင်ရာဒေသရှိ သမဂ္ဂများမှ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ မြေယာအမှုတွဲများ ပေးပို့သွားမည်ဖြစ်ကြောင်း တောင်သူ လယ်သမားသမဂ္ဂ နာယက ဦးဆန်းဆင့်က ပြောပြသည်။

“စစ်ဆေးပြီးတော့ မှန်ကန်တဲ့ဟာတွေ ကို တင်ပေးသွားမယ်”ဟု ဦးဆန်းဆင့်က ပြောသည်။

ဦးဆန်းဆင့်သည် သာသနာရေး ဝန်ကြီးဟောင်းဖြစ်ပြီး နိုင်ငံပိုင်ငွေ အလွဲ သုံးစားပြုမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရပြီး ၂ နှစ်ကျော်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်သူလယ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မြေယာ သိမ်းဆည်းခံတောင်သူများသည် ဖေဖော်ဝါရီလ ၅ ရက်က လော့လော့ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တောင်သူများက ပုစွန်မွေးမြူရေးကန် သိမ်းဆည်းမှုနှင့် တပ်သိမ်းမြေများ ပြန်လည်ရရှိရေး အတွက် တင်ပြခဲ့ကြသည်။

“တောင်သူလယ်သမားသမဂ္ဂက လည်း ကူညီပေးမယ်ဆိုတော့ ပြန်ရနိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟု လယ်ယာမြေဆယ်ဧကကျော်ခန့် သိမ်းဆည်း ခံထားရသူ လော့လော့ကျေးရွာနေ ဦးဇော်လွင်က ပြောသည်။

လော့လော့ပုစွန်မွေးမြူကန် အတွက် ၂၀၀၄ ခုနှစ်အတွင်းက သိမ်းဆည်းခံထား ရသည့် လယ်ယာ၊ ဥယျာဉ်၊ ဓနိမြေ စုစုပေါင်း ၄၂၀ ဧကကျော်အတွက် လက်ရှိအချိန်ထိ လျော်ကြေးငွေနှင့် အစားထိုးမြေနေရာများ မရရှိသေးကြောင်း မြေယာသိမ်းဆည်းခံ တောင်သူတချို့က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကမူ ပုစွန်မွေးမြူရေးကန် အတွက် လယ်ယာ ဓနိမြေ စုစုပေါင်း ဧက ၂၇၀ ကျော်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက သိမ်းဆည်း စဉ်က တောင်သူများအား စိုက်ပျိုးစရိတ် နစ်နာကြေးအဖြစ် တစ်ဧကလျှင် ကျပ် သုံးသောင်းပေးချေထားပြီး ဖြစ်ကြောင်း ဇန်နဝါရီလ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောဆိုထားသည်။

ထို့အပြင် မြေယာအစားထိုးဖော် ထုတ်ပေးရန်အတွက် ကျပ်သိန်းတစ်ရာအား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနမှ မြိတ်ခရိုင်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီကို ပေးချေခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

Dawei Watch