လွန်ခဲ့တဲ့ နှစ်သုံးဆယ်အကျော်က ချင်းတွင်းမှ ပင်လယ်သို့

0
755

ချင်းတွင်းမှ ပင်လယ်သို့
လူထုဒေါ်အမာ
လူထုကြီးပွားရေးစာအုပ်တိုက်
၂၀၁၉ ၊ ဩဂုတ်လ (စတုတ္ထအကြိမ်)
၁၉၈၅ ၊ နိုဝင်ဘာ (ပထမအကြိမ်)

မန္တလေးက လူထုမောင်နှံလို့ ပြောလိုက်တာနဲ့ စာဖတ်ဝါသနာပါတဲ့သူ တွေ အကုန်လုံး မသိတဲ့သူ မရှိကြပါဘူး။ မန္တလေးနဲ့ လူထုသတင်းစာ၊ လူထုစာအုပ် တိုက်ဆိုတာလည်း ခွဲလို့ မရပါဘူး။ သူတို့ရဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ပြည်သူလူထုအကျိုးအတွက် စာအုပ် စာပေတွေ အများကြီးပြုစုခဲ့တဲ့ ဇနီးမောင်နှံ ဖြစ်ပါတယ်။

လူထုဒေါ်အမာက သူတို့ဇနီးမောင်နှံ အတူတကွ သွားရောက်ခဲ့တဲ့ ၁၉၈၀ ခုနှစ် ချင်းတွင်းမြစ်တစ်လျှောက်သွားခဲ့တဲ့ ခရီးအကြောင်းကို “သတင်းကြီးတဲ့ ချင်းတွင်း ခရီး” ဆိုတဲ့နာမည်နဲ့ သွေးသောက် မဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့ပြီး ၁၉၈၂ ခုနှစ်မှာ သွားခဲ့တဲ့ မြိတ်၊ ထားဝယ်ခရီးတို့ အကြောင်းကိုတော့ “အညာသူများပင်လယ်သွား”ဆိုတဲ့ နာမည်နဲ့ စန္ဒာမဂ္ဂဇင်းတို့မှာ အခန်းဆက် ဆောင်းပါးတွေ ရေးသားခဲ့ ပါတယ်။

လူထုဒေါ်အမာက ၁၉၁၅ ခုနှစ်ဖွား ဖြစ်ပါတယ်။ အခု သွားခဲ့တဲ့ ခရီးနှစ်ခု ကတော့ ဆရာမကြီး အသက်ခြောက်ဆယ် ကျော်အရွယ်မှာ သွားခဲ့တဲ့ ခရီးနှစ်ခု ဖြစ်ပါတယ်။ လူထုတိုက်မှာ နှစ်ပေါင်း များစွာ သတင်းတွေ ရေးလာတဲ့ သတင်းစာ ဆရာမကြီးပီပီ ဆရာမကြီးက ဒီခရီးနှစ်ခု အကြောင်းကို ဗဟုသုတရစရာ အချက် အလက်တွေ များစွာနဲ့ ရေးသားထားတာပါ။ အခု စာအုပ်လေးက ဒီဆောင်းပါး နှစ်ခုကို စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ချင်းတွင်းခရီးကို သွားရောက်ခဲ့တဲ့ အချိန်ကတော့ မိုးအကုန် ဆောင်းအကူး ကာလ ၁၉၈၀ ခုနှစ် အောက်တိုဘာလထဲမှာ ဖြစ်ပြီးတော့ မြိတ်၊ ထားဝယ်ခရီးကို သွားရောက်ခဲ့တဲ့ အချိန်ကတော့ ၁၉၈၂ ခုနှစ် ဇန်နဝါရီလထဲမှာ ဖြစ်ပါတယ်။ ခရီးသွားစာအုပ်တွေကို ဖတ်ရှုတဲ့အခါ ခရီးသွားခဲ့တဲ့အချိန်နဲ့ နောက်ခံပတ်ဝန်း ကျင်နေရာတွေကို သိထားဖို့ကလည်း အရေးကြီးပါတယ်။

ဒီတော့မှသာ အရင် အချိန်နဲ့ အခုအချိန် ဘာတွေကွာခြားသွားလဲ ဆိုတာ နှိုင်းယှဉ်လေ့လာမိမှာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်ဟာ မေခနဲ့ မလိခ မြစ် နှစ်သွယ်ပေါင်းစည်းပြီးတော့မှ ဧရာ၀တီ ရယ်လို့ ဖြစ်လာသလို ချင်းတွင်းမြစ်ရယ် လို့ ဖြစ်လာအောင်လည်း တနိုင်ခနဲ့ တရုန်ခ(တဝမ်ခ) ချောင်းနှစ်ခု ပေါင်းစည်း ရပါတယ်။ သတင်းကြီးတဲ့ချင်းတွင်းခရီး လို့ ဘာလို့ပေးရတာလဲဆိုတော့ ချင်းတွင်း မြစ်တစ်ရိုးဟာ အရင်အင်္ဂလိပ်ခေတ် ကတည်းက နယ်ချဲ့ကိုတော်လှန်ခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့်ရယ်၊ အဲဒီ အချိန်မှာ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်တဲ့ ကျွန်းသစ်တွေအများကြီး ထုတ်ပေးနိုင်လို့ရယ်နဲ့ ချင်းတွင်းမြစ်ထဲကို ဟုမ္မလင်းနားမှာ စီးဝင်တဲ့ ဥရုချောင်းရဲ့ အထက်ပိုင်း ချောင်းဖျားဒေသကလည်း ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ မြန်မာ ကျောက်စိမ်းထွက်တဲ့ ဒေသဖြစ်လို့ ဖြစ်ပါ တယ်။

ဖားကန့်၊ လုံးခင်း၊ တောမော်၊ ဟောင်ပါးစတဲ့ နာမည်ကြီး ကျောက်စိမ်း တွင်းတွေက ဥရုမြစ်ဖျားပိုင်းမှာ ရှိပါတယ်။ ဒါတွေအပြင် နာမည်ကြီးထွက်ကုန်တစ်ခု ဖြစ်တဲ့ သစ်မွှေးကလည်း ချင်းတွင်းတစ် ကြောက သစ်တောကြီးတွေထဲမှာ ရတတ် ပါသေးတယ်။

ဒေသထွက်ကုန်တွေ အကြောင်း ပြီးတော့ ချင်းတွင်းမြစ်မှာ သွားလာခဲ့ကြတဲ့ အရင်လှေခေတ်က လှေလုပ်သားတွေရဲ့ ဘ၀တွေ၊ မော်တော်လှေခေတ်မှာ ဆိုရင် လည်း မော်တော်လုပ်သားတွေရဲ့ ဘ၀တွေ ကိုလည်း ပေါ်လွင်အောင် ရေးသားထားပါ သေးတယ်။

အရင်လှေခေတ်က ဆန်သုံးတင်းဝင် အိတ် ၃၀၀-၄၀၀ လောက်ပါတဲ့ လှေကြီး တစ်စင်းကို လှေပေါ်က ထိုးဝါးကြီး နှစ်ချောင်းနဲ့ ဝါးထိုးပြီး လိုက်ရတဲ့သူက နှစ်ယောက်၊ ကမ်းပါးပေါ်ကနေ လှေကို ကြိုးနဲ့ဆွဲရတဲ့သူက ခြောက်ယောက် အားလုံးပေါင်းရှစ်ယောက်နဲ့ ချင်းတွင်း မြစ်ကို ဆန်တက်ရပါတယ်။ ထိုးဝါးကြီးတွေ ကို ပခုံးနဲ့ ထမ်းတွန်းရလွန်းလို့ ပခုံးတွေ က သွေးထွက်တဲ့အထိ ရောင်လာပြီး ကျွဲပခုံးကြီးတွေ ဖုထစ်လာတဲ့အထိ လှေ ထိုးရတဲ့ လှေသမားတွေဘ၀ကို ဖော်ပြ ထားပါတယ်။

မော်တော်လှေခေတ်မှာဆိုရင်လည်း မော်တော်ပန်ကာ မြစ်ထဲပြုတ်ကျသွားလို့ မြစ်ထဲအထိ ရေထဲလိုက်ငုပ်ပြီး လိုက်ရှာ ရတဲ့ ရေလုပ်သားတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ လူထုဒေါ်အမာက

“သူတို့ဘ၀ဟာ ငါးနဲ့အတူတူပဲ ဆိုတာ နည်းတောင်နည်းသေးတယ်။ ငါးက ကုန်းပေါ် ခဏခဏတက်ပြီး အသက်စွန့်ဆံဖျား အလုပ်မလုပ်ရဘူး။ လူက ရေထဲငုပ်ငုပ်ပြီး ခဏခဏ အလုပ် လုပ်ရ ပါကလား။”လို့ ဖော်ပြခဲ့ပါတယ်။

မြိတ်၊ ထားဝယ်ခရီးကို သွားဖြစ်ခဲ့တဲ့ အကြောင်းက ခင်ပွန်းသည်ဖြစ်သူ လူထု ဦးလှက ဇနီးသည် လူထုဒေါ်အမာကို အိမ်ထောင်စကျကတည်းက ဇနီးသည် ရောက်ဖူးချင်တဲ့ မြိတ်၊ ထားဝယ်ဘက်ကို လိုက်ပို့ပေးမယ်လို့ ပြောထားခဲ့ဖူးပါတယ် တဲ့။ ဒါပေမဲ့ လူထုဒေါ်အမာတို့ အိမ်ထောင်သက် အနှစ်လေးဆယ် သက်တမ်းရှိမှ ဒီခရီးကို သွားဖြစ်ကြပါ တယ် ဆိုတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

ဆရာမကြီးက ၁၉၃၈-၄၀ခုနှစ် အသက် ၂၃ နှစ်အရွယ်မှာ မောရစ်ကောလစ် ရဲ့ Trials in Burma (ဗမာပြည်မှ အမှုအခင်းများ) နဲ့ Sanda Mala(စန္ဒမာလာ) ဝတ္ထုတို့ကို ဘာသာပြန်ဆိုခဲ့ ပါတယ်။ စန္ဒမာလာဝတ္ထုထဲမှာ ပါရှိခဲ့တဲ့ ပထော်ပထက်တောင်နဲ့ တစ္ဆေခြောက်တ ယ်ဆိုတဲ့ အိမ်ကြီးတို့ကို သွားချင်ပေမဲ့ အကြောင်းမညီညွတ်လို့ မသွားဖြစ်ခဲ့ဘူး လို့ ဆိုခဲ့ပါတယ်။

ထားဝယ်ရောက်တဲ့အခါ ရွှေတောင်စား စေတီတော်ကြီးကို သွားဖူးခဲ့ရတဲ့အကြောင်း တွေ၊ မီးပုံးပျံဦးကျော်ရင်ရဲ့သား ထားဝယ် ကျော်မင်း စုဆောင်းစောင့်ရှောက်ထားတဲ့ ထားဝယ်ယဉ်ကျေးမှုပြတိုက်လေးကို တွေ့ရလို့ ဝမ်းသာမိတဲ့ အကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။

မောင်းမကန်ကမ်းခြေကို သွားတဲ့ အခါမှာတော့ ကမြောကင်းတံတားကြီး ပေါ်က ဖြတ်သွားရပုံတွေ၊ မောင်းမကန်မှာ စားသောက်ဆိုင်ပိုင်ရှင်က ရှပ်ကျွေးတဲ့အခါ မစားရဲတဲ့အကြောင်းလေးတွေ ပြုံးချင် စရာ ဖတ်ရပါတယ်။ မောင်းမကန် ကမ်းခြေက သဲဖြူဖြူတွေပေါ်မှာ ဇနီး မောင်နှံနှစ်ယောက် အတူ လမ်းလျှောက်ရ တာကို ဆရာမကြီးက –

“ဦးလှနဲ့ ကျွန်မက အိမ်မှာနေ့တိုင်း တစ်နေ့လေးမိုင်လောက် လမ်းလျှောက်နေ ကြဆိုတော့ မောင်းမကန်က သဲသောင်ပြင် ကြီးပေါ်မှာ ဖိနပ်ချွတ်ပြီး သောင်ပြင် ဖွေးဖွေးမှာ လေသန့်သန့်ကို တစ်၀ကြီး ရှူရင်း တစ်မျှော်တစ်ခေါ် လမ်းလျှောက်ရ တဲ့ အရသာကိုကြိုက်လို့ မဆုံးဘူး … သူနဲ့ ကျွန်မ နှစ်ယောက်အတူ ခရီးဝေး ထွက်ရတာ ဒီအခေါက်ဟာ ပထမ အခေါက်မို့ သဘောကျလိုက်တာ။ ဒါဟာ နောက်ဆုံးအခေါက်ပဲလို့တော့ မသိကြ ဘူးပေါ့ အသက် (၂၁) နှစ် အရွယ် ကတည်းက ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့ပြီး တစ်သက်လုံး မမောတမ်း တိုင်းပြည်အကျိုး ကို ဆောင်ရွက်ခဲ့တဲ့ စာရေးဆရာမကြီးရဲ့ ကိုယ်ပိုင်ဘ၀ကို ဒီအပေါ်က စာပိုဒ်လေး ဖတ်ကြည့်လိုက်ရုံနဲ့တင် နားလည်နိုင် လောက်ပါတယ်။

ထားဝယ်ကနေ မြိတ်ကို ခရီးဆက် တဲ့အချိန်မှာတော့ မြိတ် ကျွဲကူး-ကျောက်ဖျာ တံတား မရှိသေးတဲ့ အကြောင်းနဲ့ ဆက်စပ်ပြီး ရန်ကုန်ကနေ မြိတ်-ထားဝယ် အထိ လမ်းခရီးအကြောင်းကို ဆရာမကြီး က ဒီလို ဖော်ပြခဲ့ပါတယ်။

“ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်ကို ကားလမ်းတောက်လျှောက် ဖောက်ရင် ခရီးက မိုင် ၅၄၀ ပဲရှိတာ အဲဒီ ၅၄၀ မှာ ရန်ကုန်က သံဖြူဇရပ်အထိ ၃၁၆ မိုင်က ကတ္တရာလမ်းဖောက်ပြီး ရှိပြီးသား မို့ ဥတုမရွေး သွားလာနိုင်တယ်။ ကျန်တဲ့ မိုင် ၂၀၀ ကျော်ကလည်း မူလကလမ်းရှိပြီး၊ ပျက်စီးနေလို့ အသစ်ပြန်ခင်းရမှာက မိုင် ၄၀ လောက်ရယ်၊ ကျန်တာတွေက ကတ္တရာခင်းရုံနဲ့ ချောင်းသုံးခုကို တံတား ကူးပေးရုံပဲ ရှိသတဲ့။ ရန်ကုန်နဲ့ မြိတ် ကြားမှာက မုတ္တမမှာတစ်ချက် ကူးတို့ ကူးရမယ်။

ကျောက်ဖျာနဲ့ ကျွဲကူးမှာ တစ်ချက် ကူးတို့ကူးရမယ်။ ဒါဆိုရင် သိန်း ၂၀၀ ကျော်လောက် အကုန်ခံရုံနဲ့ ရန်ကုန်မြိတ်ကားလမ်း တောက်လျှောက် ပေါက်နိုင်သတဲ့။ တကယ်လို့ ငွေကုန်ခံ နိုင်မယ်ဆိုရင် ကျွဲကူးနဲ့ ကျောက်ဖျာကြား လည်း တံတားကူးနိုင်တာပဲ။ မုတ္တမ တောင်မှ ခေါင်းဆေးကျွန်းပေါ်ကဖြတ်ပြီး တံတားဆောက်နိုင်သေးတယ်။ ဒီလိုများ တောက်လျှောက်ပေါက်ရင် မြန်မာပြည်မှာ အလှဆုံးလမ်း ဖြစ်လိမ့်မယ်တဲ့။ ရေးနဲ့ ထားဝယ်ကြားမှာ ပင်လယ်နောက်ခံထား ပြီး ဖောက်ထားတာမို့ လမ်းက သိပ်လှ သတဲ့။ ထားဝယ်က တောင်ဘက် မိုင် ၆၀ လောက်အထိလည်း အလွန်သာယာ လှပတဲ့ ရှုမျှော်ခင်းတွေကို မြင်ရမယ့်လမ်း ဖြစ်လိမ့်မယ်တဲ့။

ဒီလမ်းဟာ လုံခြုံရေးအတွက်ပါ စိတ်ချသွားရရင် တနင်္သာရီတိုင်းနဲ့ မွန် ပြည်နယ်ကထွက်တဲ့ ကုန်ပစ္စည်းတွေ တန်ဖိုးပိုရလာမယ်။ ဒီတိုင်းနဲ့ပြည်နယ်က စားသုံးတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းလည်း သက်သာကျဆင်းလာမှာ အမှန်ပဲပေါ့။ လမ်းပန်းဆက်သွယ်ရေးဟာ ပြည်နယ် ပြည်မ ဘယ်မှာမဆို သိပ်အရေးကြီးတာ မဟုတ်လား။ တနင်္သာရီတိုင်းလို အစွန်ဆုံး တိုင်းအတွက်ဆိုတော့ အရေးအကြီးဆုံး ကိစ္စပေပေါ့”

ဒါ ၁၉၈၂ ခုနှစ်က ထားဝယ်၊ မြိတ် ဘက်ကို ခရီးထွက်ခဲ့တဲ့ ဆရာမကြီးရဲ့ အမြင်ဖြစ်ပါတယ်။ မြိတ်မြို့အဝင်က ကျွဲကူး-ကျောက်ဖျာတံတားကိုတော့ ၂၀၀၃ အောက်တိုဘာ ၂၆ မှသာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလထဲမှာတော့ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ အဖွဲ့တွေက ထားဝယ်နဲ့ မြိတ်မြို့တို့ကို လာရောက်ပြီး ထားဝယ် ရေနက်ဆိပ်ကမ်းအတွက် အစီအစဉ်တွေ ရေးဆွဲဖို့နဲ့ မြိတ်မြို့က အသစ်ဆောက်လုပ် ပြီးစီးသွားတဲ့ ကျွဲကူးတံတားကြီးကို ကြည့်ရှုဖို့ လာရောက်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက ခရီးသွားစာအုပ် တွေထဲမှာ မြသန်းတင့်ရဲ့ ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာ ညများ၊ လွမ်းမောဖွယ်ကမ္ဘောဇ၊ မြောက် ဘက်တောင်ကုန်းဒေသများမှ အပြန်၊ သိန်းဖေမြင့်ရဲ့ ဝိသေသတိုင်း သမိုင်းအစ စတဲ့ ခရီးသွားစာအုပ်တွေက ထင်ရှားပါတယ်။

ဒီနေ့ခေတ်ဟာ အရင်ကထက်စာရင် သွားရေးလာရေး လမ်းခရီးတွေ ပိုမိုလွယ်ကူ လာပါပြီ။ ခရီးသွားအေဂျင်စီတွေ၊ ခရီးသွား ဝန်ဆောင်မှုတွေ၊ ခရီးသွားဘလော့ဂါတွေ အများကြီးလည်း ရှိလာနေကြပါပြီ။ ခရီး တစ်ခုသွားဖို့ ကားလက်မှတ်၊ နေစရာ တည်းခိုခန်းတွေအကြောင်း လိုက်စုံစမ်း ပြီးလို့ ခေါင်းတွေကိုက်နေရပြီဆိုရင် လူထုမောင်နှံရဲ့ နှစ်ယောက်ခရီး အတူတူ သွားခဲ့တဲ့ ဒီခရီးသွားစာအုပ်လေးကိုလည်း သွားရင်းလာရင်း ဖတ်ရှုကြည့်ကြပါဦး။

မိုးရဲ