ထားဝယ် အောက်ဆီဂျင်စက်ရုံတွင် ဆိုလာစနစ် တပ်ဆင်မည်

0
583

ထားဝယ်မြို့ရှိ အောက်ဆီဂျင်စက်ရုံ တွင် ဆိုလာစနစ်တပ်ဆင်ကာ အောက်ဆီ ဂျင်ထုတ်လုပ်ရန် ပြင်ဆင်နေကြောင်း အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေး ထံမှ သိရသည်။

တပ်ဆင်မည့် ဆိုလာစနစ်က ရာသီဥတုအပေါ်မူတည်ကာ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ၇၀ မှ ၁၅၀ ဝန်းကျင်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အဆိုပါ ဆိုလာပြားကို ထားဝယ်မြို့နေ အလှူရှင် တစ်ဦးက တပ်ဆင်လှူဒါန်းရန် ပြင်ဆင် နေခြင်း ဖြစ်သည်။

လက်ရှိတွင် အောက်ဆီဂျင်စက်ကို အစိုးရ၏ လျှပ်စစ်စနစ်ဖြင့် ချိတ်ဆက်ထား ပြီး ဆိုလာစနစ်တပ်ဆင်ပြီးပါက လျှပ်စစ်ယူနစ် သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ် ကြောင်း အလှူရှင်ဖြစ်သူ ဦးတင့်လွင်ဦး က ဆိုသည်။

“ဆိုလာက ဘက်ထရီ မပါတဲ့စနစ် ခင်ဗျား။ သူက နေရောင်ခြည်ရတဲ့အချိန် မှာပဲ အလုပ်လုပ်လိမ့်မယ် ခင်ဗျား”ဟု ဦးတင့်လွင်ဦးက ပြောသည်။

အဆိုပါဆိုလာစနစ်ကို မတ်လကုန် သို့မဟုတ် ဧပြီလတွင် တပ်ဆင်လှူဒါန်း ရန် မျှော်မှန်းထားပြီး ကျပ်သိန်း ၁၇၀ ခန့် ကုန်ကျနိုင်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ် အောက်ဆီဂျင်စက်ရုံရှိ လေဖိသိပ်စက် Compressor) ချို့ယွင်း နေသည့်အတွက် လက်ရှိတွင် စက်လည် ပတ်မှု ရပ်နားထားရပြီး လေဖိသိပ်စက် အသစ်တစ်လုံး မှာယူထားကြောင်း အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးမှ ဦးအောင်မြင့်က ပြောသည်။

ယင်းလေဖိသိပ်စက် လဲလှယ်ပြီး ပါက အောက်ဆီဂျင်စက် ပုံမှန်လည်ပတ် နိုင်မည်ဖြစ်ပြီး တစ်နာရီလျှင် အောက်ဆီ ဂျင်အိုးကြီး တစ်လုံးနှုန်း ထုတ်ပေးနိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“(ဆိုလာ)လှူတာနဲ့ ကွက်တိ ဖြစ် သွားတာပေါ့”ဟု ဦးအောင်မြင့်က ပြော သည်။
အောက်ဆီဂျင်စက်ရုံလည်ပတ်ချိန် က ပျမ်းမျှတစ်လလျှင် မီတာခ ကျပ် ၃၅ သိန်းခန့် ကျသင့်ကြောင်း ၎င်းက ဆို သည်။

စက်ရပ်နားထားစဉ် လိုအပ်သည့် အောက်ဆီဂျင်ကို ရန်ကုန်မြို့မှ မှာယူ သုံးစွဲနေရသည်။

အာယုဒါနပါရမီမြောက် ကုသိုလ် ဖြစ်အရေးပေါ် အောက်ဆီဂျင် လှူဒါန်း ရေးကို အများလှူဒါန်းသည့် ငွေကြေးဖြင့် လုပ်ငန်း လည်ပတ်နေရသည့်အတွက် လစဉ်အလှူငွေ တစ်ထောင်ကျပ် (သို့ မဟုတ်)သီးခြားအလှူငွေများလည်း လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

Dawei Watch