တနင်္သာရီတွင် လူကုန်ကူးနှင့် လူမှောင်ခို အမှုသုံးခု ဖမ်းမိ

0
667

ယမန်နှစ် တစ်နှစ်လုံး တနင်္သာရီ တိုင်းတွင် လူကုန်းကူးမှု နှစ်မှုနှင့် လူမှောင်ခိုမှု တစ်မှု စုစုပေါင်း အမှု သုံးခုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်)ထံမှ သိရသည်။

လူကုန်ကူးမှု နှစ်ခုတွင် ရန်ကုန်မြို့ မှ နယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုပြီးနောက် ပြည့်တန်ဆာအလုပ်ကို ခိုင်းစေခဲ့သည့် အမှုဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

လူမှောင်ခိုမှုတစ်ခုမှာ မော်လမြိုင် ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင် လာသည့် ခရီးသည်တင်ကားကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် သတင်း အရ စစ်ဆေးရာမှ လူမှောင်ခိုခေါ်ဆောင် လာသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြော သည်။

လူကုန်ကူးမှုနှစ်မှုတွင် တစ်မှုကို တရားရုံးက ထောင်ဒဏ်ဆယ်နှစ်ချမှတ် လိုက်ပြီး ကျန်တစ်မှုမှာ ကော့သောင်းခရိုင် တရားရုံးတွင် စစ်ဆေးဆဲဖြစ်သည်။

လူမှောင်ခိုမှုတွင်လည်း တရားခံ အမျိုးသမီးနှစ်ဦးကို ရေဖြူမြို့နယ် တရားရုံး က ထောင်ဒဏ်ငါးနှစ်စီ အမိန့်ချမှတ် ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဆက်စပ်ပတ်သက်တဲ့သူတွေပေါ့ စားသောင်ဆိုင်ပိုင်ရှင်တွေလဲ ပါတယ်။ အလုပ်ရမယ်ဆိုပြီး ခေါ်လာတဲ့သူတွေ လည်း ပါတယ်။ သူတို့ကို စစ်ဆေးပြီးမှ တရားရုံးမှာ တရားစွဲတင်ရတာ” ဟု ၎င်းက ဆိုသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးရမိသည့် လူကုန်ကူးမှု ပေါင်း ၂၃၉ မှု၊ တရားခံ ၇၃၂ ဦးရှိပြီး လူကုန်ကူးခံရသူ ၃၈၅ ဦးရှိကြောင်း သိရသည်။

ယင်းအမှုများအနက် အဓမ္မလက်ထပ် ရန် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း ၁၈၈ မှုရှိ ကြောင်း သိရသည်။

ကျော်သူစိုး