နှစ်လအတွင်း ကျပ်သန်းတစ်သောင်း ခွဲခန့်တန်ဖိုးရှိ လုပ်ငန်းလေးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

0
869

ယခုနှစ်ဆန်းပိုင်းအတွင်း ကျပ် သန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ လုပ်ငန်းလေးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လက်ရှိအချိန်ထိ ခွင့်ပြု ပေးခဲ့သည့် လုပ်ငန်းများဖြစ်သည်။

မြိတ်မြို့နယ်အတွင်းရှိ အသင့်ဖျော် ဘိလပ်မြေ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း နှစ်ခု၊ ငါးအမှုန့်ထုတ်လုပ်ဖြန့် ဖြူးခြင်းလုပ်ငန်း တစ်ခုနှင့် ကွန်ကရစ် ပိုင်တိုင်ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ကျောက်ဖျာကျေးရွာအုပ်စုတွင် လုပ်ကိုင်မည့် ငါးအမှုန့်ကြိတ်လုပ်ငန်းက အနံ့ဆိုး ထွက်မှု မရှိစေရန် ထိုင်းနိုင်ငံနည်းပညာဖြင့် လုပ်ကိုင်မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

အမေရိကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ(TRIဃ)ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အတွင်းရေးမှူးအဖြစ်ဆောင် ရွက်သည်။

တိုင်းဒေသကြီး TRIC တွင် လျှောက် ထားပြီး မြေပိုင်ဆိုင်မှုမပြီးပြတ်သေးသည့် အတွက် စိစစ်နေဆဲ လုပ်ငန်း ၁၅ ခုခန့် ကျန်ရှိနေသေးကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။

“အခု ပါမစ်ပေးတာတွေက နောက် အသစ်တင်တဲ့ဟာတွေ”ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

ယင်းအပြင် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC) တွင် အဆိုပြုမိန့် လျှောက်ထားသည့် လုပ်ငန်းငါးခု ရှိသေးကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီး TRIC စတင်ဖွဲ့ စည်းချိန်မှ လက်ရှိအချိန်ထိ လုပ်ငန်း အရေအတွက် ၃၀ ခု ခွင့်ပြုထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ် သန်း ငါးသောင်းခွဲခန့်ရှိကြောင်း တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

TRIC တွင် ရင်းနှီးမြှုပ်နှံခွင့် အတည်ပြုမိန့် ရရှိပါက တိုင်းဒေသကြီး အတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။

တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါး သည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီး မြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ်သတ်မှတ်ထားသည်။

ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသောဒေသ အဖြစ် သတ်မှတ်ထားသည့် ထားဝယ် မြို့နယ်၊ ရေဖြူ၊ လောင်းလုံး၊ ကျွန်းစု၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ် များတွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ် သတ်မှတ်ထားသည်။

Dawei Watch