ဝန်ထမ်းကောင်းတံဆိပ် လျှောက်သူ များပြား၊ ကားပါမစ်အစား ကျန်းမာရေး နှင့် နေရေးကိစ္စ စီစဉ်ပေးသင့်ဟုဆို

0
859

ဝန်ထမ်းကောင်းတံဆိပ်ရသူများကို ကားတင်သွင်းခွင့်ပါမစ် ပေးမည်ဆိုသည့် သတင်းကြောင့် တနင်္သာရီတိုင်းတွင် ယင်းတံဆိပ်ကို လျှောက်ထားသူ အလွန်များပြားနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယမန်နှစ်များက ဝန်ထမ်းကောင်း တံဆိပ်လျှောက်သူ တစ်နှစ်လျှင် ပျမ်းမျှ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း ကားတင်သွင်းခွင့်ပါမစ် ရရှိမည်ဆိုသည့် သတင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယင်းတံဆိပ်ကို ပညာရေးဝန်ထမ်းများ အကြား စိတ်ဝင်စားမှု မြင့်တက်လာ ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

ဝန်ထမ်းကောင်း တံဆိပ်လျှောက်လွှာကို ဇန်နဝါရီလ တတိယအပတ်တွင် မြို့နယ်များသို့ စတင်ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက် နောက်ဆုံးထားကာ တိုင်းပညာရေးမှူးရုံးထံပေးပို့ရမည် ဖြစ်သည်။

“အခု မြို့နယ်က ပို့လာတဲ့ လျှောက် လွှာတွေ အရမ်းများနေလို့ အဲဒါ စိစစ်နေတယ်။ မြိတ်မြို့နယ်တစ်ခုတည်းကို (လျှောက်လွှာ) ဆာလာအိတ်နဲ့ နှစ်အိတ်တောင်ရှိတာ”ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စိစစ်နေဆဲဖြစ်သောကြောင့် လျှောက်ထားသူ အရေအတွက် တိတိကျကျ မသိရသေးပေ။

ဝန်ထမ်းကောင်း တံဆိပ်ရသူများကို ကားတင်သွင်းခွင့် ပါမစ်ပေးမည့်အစား အခမဲ့ဆေးကုသခွင့်၊ နေထိုင်ရေး ကိစ္စများကို ရရှိအောင် ဆောင်ရွက်ပေး သင့်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ပြောသည်။

ထားဝယ်မြို့ရှိ ဆရာ၊ ဆရာမ ခုနစ်ဦးကို မေးမြန်းကြည့်ရာ ကားဝယ် မည့်ကိစ္စသည် ပညာရေးဝန်ထမ်းများနှင့် လက်လှမ်းဝေးသဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန်နှင့် နေရာထိုင်ခင်း ကိစ္စများကို ဆောင်ရွက်ပေးသင့်ကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။

“ကိုယ်က ပင်စင်စားဖြစ်သွားပြီဆို လို့ရှိရင် မလုပ်နိုင်၊ မကိုင်နိုင်နဲ့ ပင်စင် လခလေးနဲ့ပဲနေရတော့မှာလေ။ ကားပါမစ် ထက်တော့ အခမဲ့ ကျန်းမာရေးတွေ ပေးမယ်။ နေဖို့ထိုင်ဖို့ အိမ်ရာတွေ ပံ့ပိုးပေးတာ ပိုသဘောကျတယ်”ဟု ထားဝယ်မြို့ အထက်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဝန်ထမ်းကောင်း တံဆိပ်ရသူများကို ကားတင်သွင်းခွင့် ပါ မစ်ထုတ်ပေးမည့်ကိစ္စကို ယာယီရပ်ဆိုင်း ထားသည်။

ဝန်ထမ်းကောင်း လက်မှတ်ရရှိရန် မှာ လုပ်သက် နှစ်နှစ်ရှိသူသည် ငြိမ်ဝပ် ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်၊ လုပ်သက် ၁၅ နှစ်ရှိသူသည် ပြည်သူ့ဝန်ထမ်းတံဆိပ်တို့ကို ဦးစွာ လျှောက်ထားရမည် ဖြစ်သည်။

ယင်းဆံဆိပ်နှစ်ခုစလုံး ရရှိထားပြီး လုပ်သက် ၂၆ နှစ်ရှိသူသည် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ကို ထပ်မံလျှောက် ထားရမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

ကျော်သူစိုး