ရေဒီယိုလည်ပြန်

0
136
ဓာတ်ပုံ - ဝေယံစိုး
ကြော်ငြာဝန်ဆောင်မှု

“တူနဲ..တူနယ်..တူနဲရတူးနယ်.. တူနဲ..တူနယ်..ဗြောင်..”

ရေဒီယိုမှ နာရီအချိန် မကြေညာမီ ထိုတီးလုံးလာလျှင် ထားဝယ်ဒေသခံ အချို့က အောက်ပါအတိုင်း လိုက်ဆို တတ်ကြသည်။

“တောန်မန်းဗြွန်က ဝယ်ဟှားဒေ က္လယ်မှောန်းဝယ်စားနေ”

တီဗွီတွေ၊ ဖုန်းတွေမပေါ်မီကမူ ရေဒီယိုတွေက အဓိက ဖျော်ဖြေရေးပစ္စည်းပင်။ သတင်းအချက်အလက် စီးဆင်းရာ ကဏ္ဍမှာ လွန်စွာ အရေးပါသည့် ပစ္စည်း တစ်ခု။

အချို့က ညဘက်မိသားစုလိုက် ရေနွေးကြမ်းနှင့် လက်ဖက်သုပ်မြည်းရင်း ဇိမ်ခံနားသောတဆင်ကြသည်။

အချို့ကလည်း နိုင်ငံရေးဝါသနာပါ သူ၊ အားကစားဝါသနာပါသူ စသည်ဖြင့် ဝါသနာတူရာ တူရာအချင်းချင်းတွေ စုပြီးနားဆင်ကြသည်။ ဘောလုံးပွဲ ဆိုက ရေဒီယိုအစီအစဉ် တင်ဆက်တဲ့သူက သောတရှင်တို့၏ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသည်အထိ ပြောပြ အသံလွှင့်လျှင် နားထောင်သူတို့က ရင်တမမ။

“အခုဆိုရင်တော့ဖြစ် မြန်မာအသင်း ရဲ့ တိုက်စစ်မှူးဟာ တစ်ဘက်အနောက် တန်းကစားသမားတစ်ယောက်ကို လှလှပပ လိမ်ခေါက်ပြီးတော့ ဂိုးဧရိယာအတွင်းကိုဆွဲပြေးလာပါပြီခင်ဗျ….အနောက် က တစ်ဘက်အသင်းရဲ့ နောက်တန်း ကစားသမားကလဲ ထပ်ကြပ်မကွာ ပြေး လိုက်လာနေတဲ့ကြားကနေ ဂိုးထဲကိုကန် သွင်းလိုက်ပါပြီ….မြန်မာအသင်း ဂိုးပါ ပြီခင်ဗျား…”

ထိုသို့ နားထောင်ရသည်ကို ဘောလုံး ကွင်းထဲ သွားကြည့်ရသလို ခံစားရ ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်က အသက် ၆၂ အရွယ် ဦးရွှေဝင်းက ဆို သည်။

“ဘောလုံးပွဲဆိုရင်တော့ အသံလောက်ပဲကြားရတယ်။ လူမမြင်ရဘူးပေါ့။ ရေဒီယိုဆိုတော့လေ။ သူတို့က ကိုယ်တိုင်သွားကြည့်နေသလိုမျိုး မျက်စိထဲ မြင်နေအောင်ကို ကြေညာပြီးလွှင့်တာ”ဟု ဦးရွှေဝင်းက ဆိုသည်။

ထိုသို့ နားဆင်ရာတွင်လည်း ရပ်ရွာထဲ ရေဒီယိုက ပေါပေါလှိုင်လှိုင် မရှိသေးပေ။

ဦးရွှေဝင်းတွင်မူ ထားဝယ်ဈေးကြီး အတွင်းမှ သုံးရာကျပ်ဖိုးဝယ်ယူထားသည့် ရေဒီယိုတစ်လုံးရှိသည်။ မြန်မာ့ အသံကလွှင့်သည့် ဘောလုံးပွဲကဲ့သို့ ဖျော်ဖြေရေးအစီအစဉ်များကို ထိုရေဒီယို ဖြင့် အသံကျယ်ကျယ်ဖွင့်ပြီး နားဆင်နိုင် ပေမယ့် BBC၊ VOA စသည့် သတင်း ဌာနတို့ကလွှင့်သည့် နိုင်ငံရေးသတင်း များကိုတော့ ကျယ်ကျယ်မဖွင့်ရဲကြ။

“အရင်ခေတ်ဆိုးတုန်းကလဲ ရေဒီယို နားထောင်တာပဲ။ ဒါပေမယ့် ကိုယ့်ဘာသာ တိုးတိုးတိတ်တိတ် နားထောင်ရတာပေါ့။ အဲဒီခေတ်တုန်းကတော့ BBC တို့ကို နားထောင်တာပေါ့။ မြန်မာ့အသံကတော့ သူတို့လဲ ဆူပူမှာကြောက်လို့ထင်တယ်။ သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေ လောက်ပဲ လွှင့်တာလေ”ဟု ဦးရွှေဝင်းက ဆိုသည်။

မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ အသက် ၄၂ အရွယ် ကိုအောင်ကျော်ကတော့ မူလတန်း အရွယ်ကတည်းက ရေဒီယို စပြီးနားထောင်ဖူးသည်ဟု ဆိုသည်။ ညနေပိုင်းဆိုလျှင် ပုံမှန်ရေဒီယိုနားထောင် နေကျဖြစ်သည့် ဖခင်နှင့်အတူ စာကျက်ပြီး နာထောင်ခဲ့ဖူးသည်ကို သူမှတ်မိနေ သည်။

“ညဘက် အဖေရေဒီယို နားထောင်ချိန်ဆို မကြာခဏ အိမ်လမ်းထဲက အဖေ့နဲ့ သက်တူရွယ်တူ လူကြီး တစ်ယောက် နှစ်ယောက်ကလည်း အဖေနဲ့အတူ နားထောင်ကြတယ်။ ပြီးရင်နိုင်ငံရေး အကြောင်း ထွေရာလေးပါး ပြောကြဆို ကြဝေဖန်ကြတယ်။ ကျွန်တော်တို့ကလည်း သူတို့ပြောတာကို နားမလည်ပေမဲ့ ဘေးကနေပြီး လက်ဖက်သုပ်လေး ဝင်စားလိုက်ပေါ့”ဟု ကိုအောင်ကျော်က ပြောသည်။

ယခင်က BBC၊ VOA စသည့် နိုင်ငံခြားသတင်းဌာနတို့ကလွှင့်သည့် နိုင်ငံရေးသတင်းတွေကို ပုန်းလျှိုး၊ ကွယ်လျှိုးတစ်မျိုး၊ မြန်မာ့အသံကလွှင့်သည့် အစီအစဉ်များကို ကျယ်ကျယ်လောင် လောင်တစ်ဖုံ အသုံးပြုလာခဲ့ကြသည့် ရေဒီယိုများသည် ယနေ့မျက်မှောက် ခေတ်မှာလည်း လူကြီး၊ လူငယ်၊ ရေလုပ် သားတွေကြားထဲမှာ အသုံးဝင်ဆဲပင် ဖြစ်သည်။

FM ကဲ့သို့သော ရေဒီယိုအစီ အစဉ်များကထုတ်လွှင့်နေသည့် မွေးနေ့ ဆုမွန်တောင်းသည့်အစီအစဉ်၊ ဆွေမျိုး၊ ချစ်သူ စသည်ဖြင့် မိမိချစ်နှစ်သက်သူတို့ အတွက် သီချင်းလက်ဆောင်တောင်းပြီး ဖွင့်ခိုင်းသည့် အစီအစဉ်များက လူငယ်များ အကြား ရေပန်းစားလျက်ရှိနေပေသေး သည်။

နေ့ဘက်မှာရော ညဘက်မှာပါ ရေဒီယိုနားထောင်ပြီး လက်ဖက်ရည် သောက်နေတဲ့ အသက်ကြီးပိုင်းလူကြီး တွေလည်း ရှိနေဆဲဖြစ်သလို လက်တစ်ဆုပ်စာ ရေဒီယိုငယ် ဈေးကွက်ကလည်း ရောင်းချနေရဆဲ၊ ဝယ်နေကြဆဲ ဖြစ်သည်။

သို့သော် ရုပ်ရော၊ အသံပါမြင်ကြား နေရသည့် တီဗွီ၊ ဖုန်းကဲ့သို့သော ဖျော် ဖြေရေးပစ္စည်း၊ သတင်းအချက်ရနိုင်သော ပစ္စည်းများ ပေါ်လာပြီးနောက်ပိုင်းတွင်မူ ရေဒီယိုတွေက လူအများကြားထဲ နေရာ ရရှိမှုနည်းပါးလာသည်မှာ အမှန်ပင်ဖြစ်သည်။

“အခုက ဖုန်းတွေလဲပေါ်လာတယ်လေ။ တီဗွီတွေလဲပေါ်လာတယ်ဆိုတော့ ဖွင့်တဲ့သူမှ ဖွင့်တော့တယ်ပေါ့။ နည်းသွား တယ်။ အရင်တုန်းကတော့ ရေဒီယိုပဲ အဓိက အားကိုးရတယ်”ဟု ဦးရွှေဝင်းက ဆိုသည်။

“တူနဲ..တူနယ်..တူနဲရတူးနယ်.. တူနဲ..တူနယ်..ဗြောင်”ဟု တီးလုံးလာတိုင်း “တောန်မန်းဗြွန်က ဝယ်ဟှားဒေ က္လယ်မှောန်း ဝယ်စားနေ”ဟု လိုက်ဆိုခဲ့ဖူးသူတို့ကမူ တချိန်က ရေဒီယိုတစ်ခေတ်ဆီသို့ မျှော်တွေးလွမ်းဆွတ်နေကြပါလိမ့်မည်။

“တစ်ခါတစ်ခါ အဲဒီအချိန်လေးတွေ ကို ပြန်လွမ်းမိတယ်။ ကွမ်းတမြုံ့မြုံ့ဝါးပြီ ရေဒီယိုနားထောင်တတ်တဲ့ အဖေ့ကိုရောပေါ့”ဟု မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၄၅ နှစ်ရှိ ကိုကျော်အောင်က ဆိုလေသည်။

တနင်္သာရီသတင်းအဖွဲ့