သက်ရှိမျိုးစိတ်နှင့် အပင်များ မျိုးသုဉ်းပျောက်ကွယ်ရခြင်း အကြောင်းရင်း ဆယ်ချက်

0
2125

ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးပေါ်မှာ သက်ရှိတွေဖြစ်တဲ့ ကျောရိုးရှိ၊ ကျောရိုးမဲ့ ကုန်းနေ၊ ရေနေသတ္တဝါ အထွေထွေ အပြင် သစ်ပင် ပန်းမန် မြက်ခင်းပြင်နဲ့ အသီးအနှံ အစေ့အဆန်ပေးတဲ့ အပင်တွေ၊ အဏုဇီ၀ သက်ရှိလေးတွေ၊ အကြေးအညှိ အပင်လေးတွေ အစရှိသဖြင့် အမျိုးမျိုး အပြားပြား ကုဋေကုဋာချီ ရှိတယ်ဆိုတာ လူတိုင်း သိကြမှာပါ။ သို့ပေမယ့် သည် ကမ္ဘာကြီးမှာ သက်ရှိရယ်လို စပေါ်လာတဲ့ ကမ္ဘာဦးမျိုးရင်း သက်ရှိများနဲ့ အပင်များ အများစုဟာ ပျောက်ကွယ်ကုန်ပြီဖြစ်ပါ တယ်။ ဘာကြောင့်ပါလဲ။ သည်လို သက်ရှိ သတ္တဝါတွေနဲ့ အပင်တွေ ကမ္ဘာ ပေါ်က လုံး၀ ပျောက်ကွယ်သွားတယ်။ တစ်နည်းအားဖြင့် မျိုးသုဉ်းသွားရတယ် ဆိုတာ အကြောင်းရင်းများစွာရှိပေမဲ့ သည်အထဲက သုတေသန ရှာဖွေတွေ့ရှိမှု တွေကရတဲ့ အကြောင်းရင်း ဆယ်ချက်ကို အနှစ်ချုပ်တင်ပြပါမယ်။

၁) ဥက္ကာပျံ၊ ကြယ်တံခွန်၊ ဂြိုဟ်တစ်ခုခု ကမ္ဘာသို့ ကျရောက် (သို့) ကမ္ဘာနှင့် တိုက်မိခြင်း

ဒီအချက်ကတော့ မျိုးသုဉ်းတယ် ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ ပထမ ဆုံး ပြောရမယ့် အရာဖြစ်ပါတယ်။ ဒီလို စကြာ၀ဠာ ဖြစ်စဉ်တွေက ဘာကြောင့် ဖြစ်နေရတယ်ဆိုတဲ့ အကြောင်းကတော့ တိတိပပ မပြောနိုင်သေးပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းလောက်တုန်းက ယခု မက္ကဆီကိုနိုင်ငံ ယုကတန်ကျွန်းဆွယ် မှာ ဥက္ကာပျံ ကျရောက်ခဲ့တဲ့အတွက် ဒိုင်နိုဆောတွေ လုံး၀ ပျောက်သွားရတယ် လို့ ဆိုပါတယ်။ ဒီလို အဖြစ်အပျက်မျိုး ဖြစ်ရင် သက်ရှိတွေအဖို့ ကြီးမားတဲ့ မျိုးသုဉ်းမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် လည်း နက္ခတ္တဗေဒ ပညာရှင်တွေဟာ အာကာသ စကြာ၀ဠာတွင်းမှာ ဖြစ်ပျက် နေတဲ့ ကြယ်တံခွန်၊ ဥက္ကာပျံ၊ ဂြိုဟ်တွေရဲ့ အခြေအနေကို စောင့်ကြည့်လေ့လာနေပါ တယ်။ စကြာ၀ဠာတွင်းက ကြီးမားလှတဲ့ အရာတခုခုနဲ့ ကမ္ဘာဝင်တိုက်ရင် မိမိတို့ လူသားမျိုးနွယ်စုတွေလည်း ဘ၀ဇာတ် သိမ်းချုပ်ငြိမ်းသွားနိုင်ပါတယ်။

၂) ရာသီဥတု ပြောင်းလဲမှု

အထက်မှာဆိုခဲ့သလို စကြာ၀ဠာ ဖြစ်စဉ်တွေကြောင့် ကမ္ဘာကြီး ကမောက် ကမ မဖြစ်ပေမဲ့လည်း ဥတုရာသီ အပြောင်းအလဲကတော့ သက်ရှိသတ္တဝါ တွေကို ခြိမ်းခြောက်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀၀ လောက်တုန်းက ရေခဲခေတ်နှောင်းပိုင်းကို ပြန်လေ့လာ ကြည့်တဲ့အခါ ကမ္ဘာတစ်လွှားမှာ အပူချိန် တွေ အလျင်အမြန် တက်ပြီး နွေးလာတဲ့ အခြေအနေနဲ့ ဧရာမ နို့တိုက်သတ္တဝါ ကြီးတွေဟာ သဟဇာတ ဖြစ်အောင်မနေ နိုင်ခဲ့ရှာပါဘူး။ သူတို့ဟာ အစာရေစာ ပြတ်လပ်တဲ့ဒဏ်နဲ့ နောက် လူသားတွေ ရဲ့ အမဲလိုက်မှုကိုလည်းခံခဲ့ရတဲ့ အတွက် ကြောင့် မျိုးတုံးပျောက်ကွယ်သွားကြပါ တယ်။ အခုလည်းပဲ ဒီကနေ့မှာ ကျနော် တို့တွေဟာ ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် ဖြစ်လာတဲ့ ရေရှည် အကျိုးဆက်တွေကို ခံစားနေရပါပြီ။ ဒီအကျိုးဆက်တွေ ကြောင့်ပဲ အချို့သော သက်ရှိ မျိုးစိတ်နဲ့ အပင်တွေဟာ မျိုးတုံးပျောက်ကွယ် တော့မယ့် အန္တရာယ်နဲ့ ကြုံနေရကြောင်း သုတေသနတွေက ဆိုထားပါတယ်။

၃) ရောဂန္တရကပ်

ရောဂါဘေးဘယတွေကလည်း သက်ရှိတွေ အပင်မျိုးစိတ်တွေကို မျိုးသုဉ်း စေတဲ့ အစွမ်းရှိနေပါတယ်။ ထင်ရှားတဲ့ သာဓက တစ်ခုကတော့ ရာဇဝင်မှာ မဟူရာမရဏ (Black Death) လို့ သိကြတဲ့ ပလိပ်ရောဂါကပ်ပါ။ ဒီရောဂါ ကြောင့် အလယ်ခေတ် (၁၄ ရာစု) မှာ ဥရောပမှာရှိတဲ့ လူဦးရေ သုံးပုံတစ်ပုံ လောက် အနိစ္စရောက်ခဲ့ကြ ပါတယ်။ အခုခေတ်မှာလည်းပဲ ကုရာနတ္ထိ ဆေးရယ် လို့ မည်မည်ရရ မရှိသေးတဲ့ ရောဂါဆန်း (ဥပမာ ဝူဟန်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ခံရခြင်း)မျိုးကို ကမ္ဘာတစ်ဝန်းကြုံရတဲ့အခါ လူတွေ အတော်လေး ဒုက္ခရောက်နိုင်ပါ တယ်။ လတ်တလော မှာတော့ ကုန်းနေ ရေနေ ဖားမျိုးစိတ်အချို့ဟာ မှိုရောဂါ တစ်မျိုး(Chytridiomycosis) ခံစားနေ ရပြီး သည်ရောဂါကြောင့် ဖားရဲ့ အရေ ပြား ပျက်စီးပြီး ရက်သတ္တပတ် အနည်း ငယ် အတွင်းမှာ သေဆုံးနေရတယ် လို့ဆိုပါတယ်။ ဒီရောဂါကြောင့် ဖား မျိုးစိတ်ဟာ ပျောက်ဆုံးသွားပြီး မျိုးစိတ် အချို့ဟာ မျိုးသုဉ်းမယ့် အန္တရာယ် ကြုံနေရပါတယ်။

၄) စားကျက်များပျောက်ဆုံးခြင်း

တိရိစ္ဆာန် အများစုဟာ အသက် ရှင်သန်ဖို့ အစာဖူလုံဖို့ မျိုးဆက်ပွားဖို့ အတွက် အမဲလိုက် အစာရှာ ခိုနားရာ သည်ကမ္ဘာမှာ လုံလောက်တဲ့ စားကျက် နေရာ အတိုင်းအတာတစ်ခုအထိလိုအပ် ပါတယ်။ လူသားတွေဆိုလည်း အစာ အတွက် စိုက်ပျိုးဖို့၊ နေထိုင်အခြေချဖို့ မြေလိုအပ်သလိုပါပဲ။ ငှက်တွေအတွက် အသိုက်ဆောက်ဖို့ သစ်ပင်တွေ၊ ရေနေ သတ္တတွေ အတွက် ကျင်လည်ကျက်စားဖို့ နေရာ စသဖြင့် စားကျက်တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ယနေ့အခါမှာ တော့ လူသားတွေရဲ့ မရပ်မနား နယ်ချဲ့ ကျူးကျော်မှုဖြစ်တဲ့ မြို့ပြချဲ့ထွင်တာ၊ သစ်ပင်တွေအပြောင်ရှင်းတာ စတာတွေ ကြောင့် တိရိစ္ဆာန်အပေါင်းရဲ့ အရိုင်းတို့ မြေဟာ ကျဉ်းလာတယ်။ လူတွေရဲ့ လုပ်ရပ်ဆိုးတွေကို မတားနိုင်ရှာတဲ့ တိရစ္ဆာန်လေးတွေဟာ အတိဒုက္ခရောက် ကြရရှာပြီး အချို့သော မျိုးစိတ်လေးတွေ ဟာ မရဏမင်းရဲ့ခေါ်ဆောင်မှုနောက် ကောက်ကောက်ပါအောင်လိုက်သွား ရပြီး သည်ဘဒ္ဒကမ္ဘာထဲကနေ လုံး၀ ပျောက်ကွယ်သွားရပါတော့တယ်။

၅) မျိုးရိုးဗီဇစုံလင် ကြွယ်၀မှု မရှိခြင်း

ဆွေချင်းထပ်တော့မြတ်တယ် ဆိုတာ ခေတ်နောက်ကျကျန်ခဲ့ပါပြီ။ ပညာရှင်တွေရဲ့ အဆိုအရ လူသား တွေမှာတောင်မှ သွေးနီးတဲ့ တစ်ဝမ်းကွဲ မောင်နှမအချင်းချင်း လက်ထပ်ကြရင် ရလာတဲ့ ရင်သွေးဟာ မွေးရာပါရောဂါ တခုခု (သို့) ခုခံအားစနစ်မကောင်းတာ၊ မသန်စွမ်းတာ စတဲ့ ချို့ယွင်းချက်တွေ ဖြစ်နိုင်တဲ့ နှုန်းများပါတယ်။ သည်သဘော ပါပဲ။ တိရစ္ဆာန်မျိုးစိတ်တွေမှာလည်း အရေအတွက် အတိုင်းအတာတစ်ခုရှိတဲ့ မျိုးသွင်တူ မျိုးစိတ်အချင်းချင်းပဲ မိတ် လိုက်မျိုးပွားတဲ့အခါ မျိုးဆက်သစ်ဟာ ချို့ယွင်းချက်များစွာရှိလာပြီး နောင်မှာ ထိုမျိုးစိတ်လေးတွေ မျိုးသုဉ်းသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ မျိုးနွယ်တူ ထဲက မျိုးစိတ်ငယ်လေးတွေ အချင်းချင်း ချစ်ခြင်းဆက်သွယ် ယှက်နွယ် ဖို့လိုအပ်တဲ့သဘောပါ။ ဒီလိုမှသာ အမြဲမပြတ်ပြောင်းလဲနေတဲ့ လောကနဲ့ သဟဇာတဖြစ်အောင် နေနိုင်တဲ့ အစွမ်းတွေ ရှိလာနိုင်မယ်လို့ဆိုပါတယ်။ ဒီနေ့ခေတ် မှာ မျိုးရိုးဗီဇနဲ့ ပတ်သက်လို ပိုပြီး စိုးရိမ်ဖွယ်ရှိလာတာကတော့ တိရစ္ဆာန် လောကမှာလည်း လိင်တူချင်း တပ်မက် ကြ၊ အတူနေကြတဲ့ အကျင့်တွေ များစွာ တွေ့လာရတာပဲဖြစ်ပါတယ်။ ဒီလို အမူ အကျင့်နဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ပညာရှင်များကတော့ ဒီအကျင့် ဟာ မျိုးစိတ်တွေ မျိုးသုဉ်းရခြင်းရဲ့ အခြေခံအချက်ဖြစ်လာလေမလားလို့ ကောက်ချပြုကြပါတယ်။

၆) အပြောင်းအလဲနှင့် သဟဇာတဖြစ်နိုင်မှု အားနည်းခြင်း

အပြောင်းအလဲဝန်းကျင်နဲ့ သဟ ဇာတဖြစ်ဖြစ် လိုက်လျောညီထွေနေနိုင် ဖို့ရာကလည်း သက်ရှိတွေအတွက် ရှင်သန် ရပ်တည်ဖို့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဥပမာပြောရရင် သမိုင်း မတင်မီခေတ်ကတည်းက ရှိနှင့်လာတဲ့ တွားသွားသတ္တဝါ အချို့ဟာ ဒိုင်နိုဆော တွေလို မျိုးတုံးမသွားတာသည် သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေနိုင်တဲ့ စွမ်းရည်ရှိခဲ့ကြလို့ဆိုတာမျိုးကို လေ့လာသူတွေကမှတ်ချပြုပါတယ်။ အပြောင်းအလဲတွေကြား ကြံ့ကြံ့ခံရင်း အပြောင်းအလဲကို မိမိတို့နဲ့ သဟဇာတ ဖြစ်အောင် တုံ့ပြန်နိုင်တဲ့ မျိုးစိတ်များဟာ နှစ်ပေါင်းများစွာ ရှည်ကြာ တည်တံ့နေဆဲ ဖြစ်ပါတယ်။

၇) နယ်ချဲ့ မျိုးစိတ်များ

ကြီးနိုင်ငယ်ညှဉ်း၊ နိုင်ရာစား ဆိုတာသည် မြိုင်ဟေဝန် အရိုင်းတို့မြေရဲ့ ဥပဒေသတစ်ခုပါပဲ။ မျိုးစိတ်တစ်ခု အားကောင်းလာတဲ့အခါမှာ တိရစ္ဆာန်ဖြစ် စေ၊ အပင်ဖြစ်စေ အစာကွင်းဆက်အရ အားနည်းတဲ့ မျိုးစိတ်များဟာ လုံး၀ ပပျောက်သွားသည်အထိ အမဲလိုက်ခံရ၊ လွှမ်းမိုးခံလိုက်ရပါတော့တယ်။ အပင် တွေမှာဆိုရင်လည်း ဒေသမျိုးရင်း မဟုတ်တဲ့ အပင်တွေ အားကောင်းလာ တဲ့အခါ ထိုအပင်တွေက ဒေသမျိုးရင်း အပင်တွေကို လွှမ်းမိုးလိုက်တတ်ပါတယ်။ တချို့အပင်များဟာလည်း မှို ရောဂါစွဲတဲ့အခါ သေဆုံးသွားတတ်ကြ သလိုပါ။ ဥပမာ အမေရိကန် ရုက္ခဗေဒ ပညာရှင်တွေဖော်ပြကြတဲ့ kudzu လို့ ခေါ်တဲ့ချုံနွယ်ပင်တစ်မျိုးဟာ ၁၉ရာစု နှောင်းပိုင်းမှာ ဂျပန်ပြည်ကနေ အမေရိကန် ကို ဆောင်ကြဉ်းလာတာဖြစ်ပြီး အခု တော့ တစ်နှစ်ကို ဧကတစ်သိန်းခွဲလောက် နှုန်းနဲ့ ဒေသခံတွေရဲ့ မြေမှာ ပျံ့နှံ့ ရှင်သန် နယ်ချဲ့နေတယ်လို့ဆိုပါတယ်။

၈) အစားအစာ ပြတ်လပ်ခြင်း ဒုဗ္ဘိက္ခန္တရ ကပ်

ဒီအချက်ကတော့ အင်မတန် အခြေခံကျတဲ့ အချက်ပါပဲ။ ငတ်မွတ် ခေါင်းပါးတဲ့ဘေး ဒုဗ္ဘိက္ခန္တရကပ် အကြီး အကျယ် ဆိုက်တဲ့ အခါ သက်ရှိတွေ ရှင်သန်ဖို့ သိပ်ခက်သွားစေပါတယ်။ ဒီလိုဒုက္ခကြောင့်ဖြစ်လာတဲ့ အကျိုးဆက် ကလည်း ကြောက်စရာကောင်းပါတယ်။

အာဟာရပြတ်လပ်မယ်၊ ခုခံအားလျော့ တာကြောင့် ရောဂါဘယတွေဝင်မယ်၊ နောက်ဆုံးတော့ ဇီဝိန်ကြွေမှာဖြစ်ပါ တယ်။ နောက်တစ်ခုကတော့ အစာကွင်း ဆက်မှာပါဝင်တဲ့ မျိုးစိတ်တစ်ခုခု ပျောက် သွားတဲ့ အခါ အခြားမျိုးစိတ်တွေရဲ့ နိစ္စဓူ၀ကိစ္စတွေ ကမောက်ကမ ဖြစ်ကုန် တာပါ။ ဥပမာ ခြင်တွေကို လုံး၀ပပျောက် သွားအောင် လုပ်လိုက်နိုင်တယ်ဆိုပါ တော့။ ဒီအကျိုးဆက်ဟာ ခြင်တွေကို အစာလုပ်နေရတဲ့ လင်းနို့၊ ဖားစသည်တို့ အတွက် အငတ်ဘေးဆိုက်တာပါပဲ။

၉) ညစ်ညမ်းမှုများ

ရေနေသတ္တတွေဖြစ်တဲ့ ငါး၊ လိပ်၊ ခရုကမာ၊ သန္တာကောင်လေးတွေဟာ သူတို့နေတဲ့ ဝန်းကျင်၊ စားကျက် ဖြစ်တဲ့ မြစ်ချောင်းအင်းအိုင် ပင်လယ် သမုဒ္ဒရာ တွေမှာ ဓာတုအဆိပ်အတောက် စွန့်ပစ် ရည်တွေပါလာနေတာကြောင့် အများ အပြား သေကြေပျက်စီးကြရရှာပါတယ်။ သည်လို စက်မှုဇုန်ထွက် စွန့်ပစ်ပစ္စည်း တွေနဲ့သဘာ၀ကိုညစ်ညမ်းစေတာတွေ ဖြစ်လို့လာနေပါတယ်။

သည်ညစ်ညမ်းမှု တွေက အပင်တွေ၊ တိရစ္ဆာန်တွေအတွက် မျိုးသုဉ်းစေမယ့် အကြောင်းတစ်ရပ်ဖြစ်လာ နေပါတယ်။ တစ်ခါတစ်ရံမှာ ရေနံတင် သင်္ဘောမှောက်ပြီး ရေနံစိမ်းတွေ ယိုဖိတ် တာမျိုးက သဘာ၀ ပတ်ဝန်းကျင်ကို အလွန်အမင်းညစ်ညမ်းသွားစေပြီး အဲသည် ဒေသမှာ ကျင်လည်ကျက်စားတဲ့ ရေနေ သတ္တ အထွေထွေအတွက် အငတ်ဘေး၊ ရောဂါဘေးတွေဆောင်ယူလာပါတယ်။ အဲဒီအခါမှာ မျိုးစိတ်တချို့ ပျောက်ကွယ် သွားတာမျိုး ဖြစ်သွားတတ်ပါတယ်။

၁၀) မနုဿမုဆိုး

လူသားရယ်လို့ သည်ကမ္ဘာမှာနေ လာတာ နှစ်ကာလအပေါင်းကြာညောင်း လို့နေပါပြီ။ တစ်ချိန်က လူဟာ ရာဇဝင် ထဲမှာတော့ မုဆိုးဖြစ်လိုက်၊ သားကောင်ဖြစ် လိုက်ပါပဲ။ ဒီတော့ သတ္တဝါတွေ မျိုးသုဉ်း ရတာနဲ့ ပတ်သက်လို့ လူတွေကိုချည်း အပြစ်ပုံချရင်လည်း သိပ်တော့တရား မယ်မထင်ပါဘူး။ ဒါပေသိ လူတွေဟာ အသိဥာဏ်အမြင့်ဆုံး သတ္တဝါဖြစ်လို့ ပတ်ဝန်းကျင် အပြောင်းအလဲနဲ့လည်း သဟဇာတဖြစ်အောင်၊ ခံနိုင်ရည်ရှိအောင် နေနိုင်လာတာနဲ့ အမျှ မျိုးဆက်တိုးပွား ကာ အားကောင်းလို့လာပါတယ်။ သည် တော့ လူများများအတွက် အစာများများ လိုအပ်လာတာအပြင် များများဖြုန်းတတ် လာတာကြောင့် ကျန်တဲ့ သတ္တဝါတွေရဲ့ ဘ၀တွေ နယ်မြေတွေကို သိမ်းပိုက် ကျူးကျော် ရယူတဲ့ မနုဿမုဆိုးတွေ ဖြစ်လာပါတယ်။ အလွန်အကျွံ အမဲ လိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ တွေ ကြောင့်မျိုးသုဉ်း ပျောက်ကွယ်သွားရတဲ့ သက်ရှိ မျိုးစိတ်တွေလည်း မနည်းတော့ ပါဘူး။ သည်တော့ ကောက်ချက်ဆွဲရရင် သက်ရှိမျိုးစိတ်လေးတွေ မျိုးတုန်းလာရ တာသည် လူ့ပယောဂ အတော်များများ ပါတယ်လို့ ပြောရမှာပါပဲ။

အချုပ်ဆိုရရင်တော့ ကျွန်တော်တို့ လူသားတွေသည်လည်း အစာကွင်းဆက် ထဲ မှီခိုနေရတာမို့ အပင်တွေ၊ သက်ရှိ မျိုးစိတ်တွေ ပျောက်ကွယ်ကုန်တဲ့ အခါ ကျွန်တော်တို့လည်း ကြီးမားတဲ့ ပြဿနာ နဲ့သေချာပေါက်ကြုံရမှာမို့ နောင်မျိုး ဆက်အတွက် အရှည်ကိုမျှော်ကိုးပြီး မိမိတို့ပယောဂကြောင့် အခြားသက်ရှိ တွေ မျိုးမသုဉ်းရအောင် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ထိန်းသိမ်း နေထိုင်သွားသင့်ပါကြောင်း လက်ဆောင် စကား မျှဝေ ပါးလိုက်ပါရစေ အဆွေ စာရှုသူ။

Dawei Watch

ကိုးကား-

BASIC EXTINCTION. THE ECONOMIST
https://www.thoughtco.com/reasons-animals-go-extinct-3889931