ထားဝယ်အထူးစီးပွားရေးဇုန် ခြောက်အိပ်မက်

0
778

ရွာပြန်လာတိုင်း ရေနက်ဆိပ်ကမ်း ဘယ်တော့စမလဲလို့ အမေးခံရတယ်။ မေးတဲ့ လူအုပ်စု နှစ်စုရှိတယ်။ အလုပ် လိုချင်လို့ဆိုတဲ့ လူငယ်အုပ်စုနဲ့ အဲဒီ ဘက်မှာ မြေတွေဝယ်ထားပြီး လျော်ကြေး မျှော်နေကြတဲ့အုပ်စု။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကာလ တွေအတွင်း ထားဝယ်ဒေသမှာ ရေနက် ဆိပ်ကမ်း ပြန်စတော့မယ်၊ အလုပ်တွေ ရကြတော့မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေ ခဲ့တယ်။

ကောလာဟလတွေအရ နဘုလယ်ဒေသမှာ အလုပ်သမားကတ် ပြုလုပ်ပေးမယ်ဆိုသူတွေ၊ အလုပ်သွင်း ပေးမယ်ဆိုသူတွေပါ ရှိလာတယ်လို့ ခပ်စိပ်စိပ်ကြားလာရတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ကြေညာချက် ထွက်လာပြီးချိန်မှာ ထားဝယ် ရေနက်ဆိပ်ကမ်းသတင်းက ဒေသတွင်း မှာ ပိုမွှေးလာခဲ့တယ်။

ဆိုတော့ မေးစရာရှိတာက တကယ်ပဲ ထားဝယ်အထူးစီးပွားရေးဇုန်ပြန်စမှာလား။ ဒီစီမံကိန်းပြန်စရင်ရော ဒေသခံ တွေ အလုပ်အကိုင်တွေ တကယ်ရကြမှာ လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီလို အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက် တဲ့ မေးခွန်းအပြင် ဒီစီမံကိန်းနဲ့ပတ်သက် ပြီး အကြောင်းအရာများစွာထဲက စိတ်ဝင်စားဖွယ်အကြောင်းတစ်ခုဖြစ်တဲ့ စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေ အတွက် ဘယ်ပုံဘယ်နည်းပေးလျော် မလဲဆိုတာကလည်း လူထုအတွက် အရေး ကြီးပြန်ပါသေးတယ်။

အလုပ်အကိုင်နဲ့ လျော်ကြေးအကြောင်း တွေကို မဆွေးနွေးခင်မှာ ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ဘာကြောင့် ရပ်သွား ရသလဲ ဆိုတာလေးကို ပြန်ကောက်ချင်ပါ တယ်။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက စီမံကိန်းလော်ဘီတွေနဲ့ မြေပွဲစားအများစု က ဒီစီမံကိန်းကြန့်ကြာနေတာဟာ စင်ကာပူက ဒေါ်လာပေးပြီး ကန့်ကွက် ခိုင်းထားလို့ ဘာလုပ်လုပ် ကန့်ကွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြောင့်လို့ ပေါ်ပေါ်တင်တင် စွပ်စွဲလေ့ရှိပါတယ်။

ဒါပေမဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဇန်နဝါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်ပေါ်တိုးတက်မှုများရှင်းလင်းတင်ပြပွဲမှာ ပြောသွားတဲ့ စီမံကိန်း ကြန့်ကြာရ ခြင်း အကြောင်းအရင်း ၅ ရပ်မှာတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ကန့်ကွက် လို့ပါဆိုတာမျိုး စိုးစိမျှ မပါပါဘူး။

ကော်မတီက ရှင်းပြသွားတာက နှစ်ဖက် (မြန်မာအစိုးရနဲ့ ထိုင်းအခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အီတာလျံ -ထိုင်း ကုမ္ပဏီ) ဖြည့်ဆည်းရမည့်အချက် များ မဖြည့်ဆည်းပေးနိုင်ခြင်း၊ မြေငှားရမ်း စာချုပ်ကို အစိုးရမှ မပေးနိုင်ခြင်း၊ ကုမ္ပဏီ ဘက်က ဓာတ်ငွေ့ရည်သုံး ဆိပ်ကမ်းကို တိုးချဲ့လိုခြင်း၊ ကနဦးစီမံကိန်းကိုးခု ဆောင်ရွက်ရန်အတွက် ကုမ္ပဏီဘက်တွင် ငွေကြေး အခက်အခဲ ရှိခြင်း၊ ကုမ္ပဏီဘက် မှ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက် သန်မှု မရှိဘဲ အချိန်ဆွဲနေခြင်း စတဲ့ အချက်တွေ ကြောင့်ဖြစ်တယ်လို့ ပြောဆို သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လုပ်ငန်းဆောင်ရွက်မှုတွေအတွက် အီတာလျံ -ထိုင်းက ကော်မတီကို ပေးရန်ရှိတဲ့ ပိုက်ဆံတွေ မပေးသေးတာကလည်း ကြီးမားတဲ့အခက်အခဲဖြစ်ကြောင်း ဖွင့်ဟ ပါတယ်။

၂၀၁၃ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းတွေ ရပ်ဆိုင်းမသွားခင်အချိန်အထိ ထားဝယ် အထူးစီးပွားရေးဇုန်ကို စီမံကိန်း တည် ဆောက်သူ အဖြစ် လုပ်ကိုင်ခွင့်ရရှိထား ခဲ့တဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက စီမံကိန်း နဲ့ပတ်သက်တဲ့ ဘယ်အပိုင်းကိုမှ ထိထိ ရောက်ရောက် အကောင်အထည်ဖော်သွား တာမျိုး မတွေ့ရပါဘူး။

သုတေသန တွေ့ရှိချက်တွေအရ အီတာလျံ-ထိုင်းဟာ နဘုလယ်မှာ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ဖို့ထက် ထားဝယ်မှာ လျှပ်စစ်ထုတ်ပြီး ထိုင်းကို တင်ပို့ရောင်းချဖို့နဲ့ သူလုပ်ကိုင်ခွင့်ရရှိ ထားတဲ့ မြေနေရာတွေကို ရင်းနှီးမြှုပ်နှံသူ တွေထံ တစ်ဆင့် ပြန်အငှားချဖို့ကို ပိုမို စိတ်ဝင်စားပုံရတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ မြန်မာ၊ ဂျပန်၊ ထိုင်း သုံးနိုင်ငံအစိုးရပူးပေါင်းအဖွဲ့က ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်မှုကို ဦးဆောင်မယ်လို့ ကြေညာလိုက် ပြီး အီတာလျံ-ထိုင်းဟာလည်း စီမံကိန်း တစ်ခုလုံးရဲ့ ရင်းနှီးတည်ဆောက်သူ မဟုတ်တော့ဘဲ ၂၀၀၈ ခုနှစ် စစ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာထိုးစဉ်ကနေ ၂၀၁၃ ခုနှစ် စီမံကိန်းရပ်မသွားခင်ကာလတွေ အထိ သူ ရင်းနှီးစိုက်ထုတ်ထားမှုတွေ အတွက်ကို မြေဧက ၂၇ စတုရန်းကီလိုမီတာ (၆၆၀၀ ဧကကျော်) ပေါ်မှာ ကနဦး စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ ခွင့်ပြုချက် ရရှိခဲ့ပြန်တယ်။

ဇန်နဝါရီ ၉ ရက်၊ အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီရဲ့ကြေညာချက် မထွက်လာခင်ကတည်းက မြန်မာအစိုးရ ဟာ အီတာလျံ-ထိုင်းရဲ့ ကနဦး စီမံကိန်း အကောင်အထည်ဖော်မှုကို စောင့်နေမှာ မဟုတ်ဘဲ မူလအစီအစဉ်ပါ Full Phase ခေါ် တင်းပြည့်စီမံကိန်းပါ အထူးစီးပွားရေး ဇုန်တွေကို တစ်ပြိုင်နက် အကောင်အထည် ဖော်သွားမယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါဆိုရင် နစ်နာသူတွေ လျော်ကြေး ရပြီး ဒေသခံတွေ အလုပ်ရကြတော့မယ်လို့ ဆိုစရာရှိလာတယ်။ ဟိုးထား…. ပရိသတ်ရေ၊ ဟိုးထား…။ ဒီကိစ္စက ကျွန်တော်တို့ လူပြိန်းတွေ တွေးသလောက် မလွယ်ရေးချ မလွယ်သေး။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်နိုင်ဖို့ဆိုရင် အရေးအကြီးဆုံး ခက်ခဲ နေတာက လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ် ရေး၊ ရေရရှိရေးစတဲ့ အခြေခံအအောက် အဦတွေဖြစ်တယ် ဆိုတာ အားလုံး သိပြီး ဖြစ်ပါလိမ့်မယ်။ ဒီစီမံကိန်းတွေအားလုံး နီးပါးဟာ initial phase လို့ခေါ်တဲ့ ကနဦးစီမံကိန်း အစီအစဉ်တွေမှာ ပါဝင် ပါတယ်။ တစ်နည်း အီတာလျံထိုင်း ကုမ္ပဏီက အကောင်အထည် ဖော်ရမယ့် စီမံကိန်းတွေထဲမှာ ပါဝင်နေတယ်လို့ ဆိုလိုကလည်း ဆိုလို့ရတယ်။

သို့ပေမဲ့ ကန်ချနဘူရီကနေ ထားဝယ်အထူးစီးပွား ရေးဇုန်၊ တိတိကျကျဆိုရရင် ထီးခီးကနေ တလိုင်းယာ ရေဖြူတံတားအထိ ၁၃၈ ကီလိုမီတာရှည်လျားတဲ့ လမ်းပိုင်းစီမံကိန်း လိုမျိုးကတော့ မြန်မာအစိုးရက ထိုင်း ချေးငွေနဲ့ တည်ဆောက်မယ်လို့ ဆိုထား ပြန်တယ်။

နောက်တစ်ခု စိတ်ဝင်စားဖွယ်က အီတာလျံ-ထိုင်းက လုပ်ကိုင်ခွင့် ရမယ့် မြေဧက ၂၇ စတုရန်းကီလိုမီတာကို တစ်ခါတည်း လုပ်ကိုင်ခွင့်ပြုမှာမျိုး မဟုတ်ဘဲ ၇-၇-၇-၆ ဆိုပြီး အပိုင်း လေးပိုင်းခွဲ ခွင့်ပြုသွားမယ်လို့လည်း စီမံခန့်ခွဲမှုကော်မတီက ဆိုထားတယ်။ ဆိုလိုတာက ပထမအဆင့်အနေနဲ့ ၇ စတုရန်းကီလိုမီတာ (ဧက ၁၇၀၀ ကျော်) ကို အရင်စမ်းလုပ်ကြည့်စေပြီး အောင်မြင် မှ နောက်ထပ်မြေနေရာတွေကို ခွင့်ပြုသွား မယ့် သဘောဖြစ်ပါတယ်။ အဲဒီ ပထမ အဆင့် အကောင်အထည်ဖော်မှုအတွက်ကိုလည်း business planလို့ခေါ်တဲ့ စီးပွားရေးစီမံချက်၊ budgeted workplan လို့ခေါ်တဲ့ အချိန်သတ်မှတ်ချက်နဲ့ ငွေကြေး ကုန်ကျမှု အစီအစဉ်စတာတွေကို ရေးဆွဲ ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့ အတွက် ကုန်ကျမယ့်ငွေကြေးကို အမှန် တကယ်ပြနိုင်မှသာ အီတာလျံ-ထိုင်းက အဆိုပြုထားတဲ့ စီမံကိန်းတွေကို အကောင် အထည်ဖော်ခွင့်ရမယ့် သဘောဖြစ်ပါ တယ်။

လက်ရှိအချိန်မှာတော့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ က မြေငှားရမ်းစာချုပ်တွေကို ပြင်ဆင် သတ်မှတ်ပြီး လာမယ့်မတ်လအတွင်း အဲဒီစာချုပ်တွေကို သဘောတူ^မတူကို အီတာလျံ-ထိုင်းက မြန်မာအစိုးရထံ အကြောင်းပြန်ကြားရဖို့ ရှိနေပါတယ်။
အပေါ်က အစီအစဉ်အတိုင်း အဆင် ပြေချောမွေ့မယ်ဆိုရင်တော့ အလုပ်တွေ စနိုင်ဖို့ နီးလာမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း လိုက်တဲ့ ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေး ဇုန်ဥပဒေ၊ အခန်း ၁၆ ၊ ပုဒ်မ ၇၅ အရ ရင်းနှီးမြှုပ်နှံသူဟာ လိုအပ်တဲ့လုပ်ငန်း တွေအတွက် ပထမနှစ်နှစ်အတွင်း နိုင်ငံသား အနည်းဆုံး ၂၅%၊ ဒုတိယ နှစ်နှစ်အတွင်း ၅၀% နဲ့ တတိယ နှစ်နှစ် အတွင်း ၇၅% ခန့်ထားပြီးဖြစ်ရမယ်လို့ ပြဋ္ဌာန်းပါရှိပါ တယ်။

ဒီမှာ အရေးကြီးတာက အများစု ပြောနေသလို ဒေသခံတွေကို ဦးစားပေး ခန့်ထားရမယ်ဆိုတဲ့ စကားရပ် မပါတာ ပါပဲ။ နောက်တစ်ခုက ဒေသခံဆိုတဲ့ စကားရပ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တွေက အင်္ဂလိပ်လို local လို့ ပြန်ဆိုတာ ပါ။ ဆိုလိုတာက ပြည်ပက ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းတစ်ခု နိုင်ငံတွင်းမှာ လာအလုပ် လုပ်လို့ ဒေသခံကို အလုပ်ခန့်ရမယ်ဆိုတဲ့ အနေအထားမှာ ဒီဒေသခံ ဆိုတဲ့ စကား ရပ်ဟာ ကုမ္ပဏီဘက်ကနေကြည့်ရင် မြန်မာနိုင်ငံသား မည်သူမဆိုကို ဆိုလို တာပါ။ ကျွန်တော်တို့ အများစု နားလည် ယူဆနေသလို ဒေသခံဆိုတာ ထားဝယ် မှာလုပ်ရင် ထားဝယ်ဒေသခံ၊ ရေဖြူမှာ လုပ်ရင် ရေဖြူဒေသခံ ဆိုတာမျိုး မဟုတ်ဘူး ဆိုတာ သတိချပ်ဖို့ကောင်းပါတယ်။ နောက်ပြီး ဒီစကားရပ်နဲ့ပတ်သက်လို့ ကံပေါက်ဒေသမှာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေ လုပ်စဉ်က ဒေသခံတွေကို အလုပ်ခန့်ထားမှု ရာနှုန်းအလွန်နည်းတယ် လို့ ရွာသူရွာသားတွေဘက်က ကုမ္ပဏီ တွေကို တောင်းဆိုတဲ့အခါ စီမံကိန်းတွေ ဘက်က သူတို့ လုပ်ငန်းခွင်တွေမှာ နိုင်ငံ ခြားသား တစ်ဦးတစ်လေသာရှိပြီး အလုပ် သမား အားလုံးနီးပါးဟာ ဒေသခံတွေ ဖြစ်တယ်လို့ပြန်ပြောဖူးတဲ့ သာဓကတွေ လည်း ရှိခဲ့ပါတယ်။

အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ပြောကြဆိုကြရင် အရေးအကြီးဆုံးတစ်ခု ပါလာတာက လုပ်ခ လစာ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်တည်ဆောက် ဖြစ်ရင် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ် သမားအနေနဲ့ သွားရောက်လုပ်ကိုင်နေ ကြတဲ့ ကျွန်တော်တို့ တနင်္သာရီတိုင်းသူ တိုင်းသားတွေ ပြည်တော်ပြန်နိုင်ကြ လိမ့်မယ်ဆိုတဲ့ အယူအဆ အများစုမှာ ရှိကောင်း ရှိကြပါလိမ့်မယ်။ ပြန်ကြည့် ရရင် ထိုင်းမှာ သွားအလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မိသားစုဝင်တွေ ဘယ်လို အလုပ်အမျိုးအစားတွေကို လုပ်ကိုင်နေ ကြသလဲဆိုတာက အရေးကြီးတယ်လို့ မြင်ပါတယ်။ ရေလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စက်ရုံအလုပ်ရုံတွေ၊ စိုက်ပျိုးရေးနဲ့ ဆက် စပ်တဲ့ စက်ရုံအလုပ်ရုံတွေ၊ စားသောက် ဆိုင်၊ ဟိုတယ်နဲ့ဖျော်ဖြေရေး၊ ဈေးဝယ် စင်တာ အစရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့အလုပ်အကိုင်တွေကို ကျွန်တော် တို့ဆီက ရွှေ့ပြောင်းအလုပ်သမားတွေ အများစု လုပ်ကိုင်ကြပါတယ်။

ထိုင်းကနေ ထားဝယ်ကို ရွှေ့လာ ချင်နေတဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ အကြီးအကျယ်ဖြစ်လို့ လေထု၊ ရေထု နဲ့ဓာတု အဆိပ်သင့်မှုတွေဖြစ်လို့ ဒေသခံ တွေ တရားစွဲတာခံရလို့ ထိုင်းတရားရုံးက ဆက်လက်မတိုးချဲ့တော့ဖို့ အမိန့်ချ ထားတဲ့ မာတာဖွတ်လို စက်မှုဇုန်မျိုးမှာ ကျွန်တော်တို့ဆီက လူတွေ အလုပ်သွား လုပ်နေတာမဟုတ်ဘူးဆိုတာကို သတိရ ကြဖို့ ဖြစ်ပါတယ်။

ဒီလိုပြောလို့ တနင်္သာရီတိုင်းကို ဖွံ့ဖြိုးအောင် မလုပ်ရတော့ဘူးလို့ ဆိုလို တာ မဟုတ်ပါ။ ကျွန်တော်တို့အားလုံး ဖွံ့ဖြိုးရေးကို နှစ်ပေါင်းများစွာ မျှော်လင့် တောင့်တနေကြသူတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကမ္ဘာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့တဲ့ ဖွံ့ဖြိုးရေးအတွက်အထူးစီး ပွားရေးဇုန်တွေ ထူထောင်ခြင်းလိုမျိုး အိုမင်းဆွေးမြေ့နေတဲ့ အိုင်ဒီယာဆိုးတွေ ကို ထိုင်းတွေဆီကနေ မိတ္တူပွားတာမျိုး ကတော့ နှစ်ခါပြန် သုံးခါပြန် လေးခါ ပြန် စဉ်းစားရပါမယ်။

အဲဒီအစား ကျွန်တော်တို့ရေမြေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးမှုပုံစံအသစ်တွေကို စဉ်းစားရပါမယ်။ ဥတုဘေးကပ်ဆိုက်နေ တဲ့ ဟောဒီ ကလိယုတ် ခေတ်ကြီးမှာ နောင်မျိုးဆက်တွေအထိ စိတ်အေးလက် အေးနေနိုင်မယ့် ရေရှည်ဖွံ့ဖြိုးရေးပုံစံကို စဉ်းစားကြရပါမယ်။ ကျွန်တော်တို့မှာ ရှိပြီးသား ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်း တွေတိုးတက်ဖို့ကို စဉ်းစားကြရပါမယ်။ ဒါဟာ ဒေသခံတွေအတွက် လက်တွေ့ကျ ပြီး ရေရှည်အကျိုးရှိမယ့် လုပ်ငန်းနယ်ပယ် တွေ ဖြစ်ပါတယ်။ အဲဒီအတွက် လိုအပ် တဲ့ သုတေသနလုပ်ငန်းတွေအတွက် အားစိုက်ရပါမယ်။

စောစောက အထူးစီးပွားရေးဇုန် ဥပဒေပါအလုပ်သမားကိစ္စကို ပြန်ဆက် ရရင် ရင်းနှီးမြှုပ်နှံသူတွေဟာ လိုအပ်တဲ့ အလုပ်သမားကို ဇုန်ထဲက အလုပ်သမား ရုံးနဲ့ ချိတ်ဆက်ပြီးဖြစ်စေ၊ အလုပ်အကိုင် ရှာဖွေရေးကိုယ်စားလှယ်တွေက တစ်ဆင့် ဖြစ်စေ၊ မိမိအစီအစဉ်နဲ့ပဲ ဖြစ်စေ လွတ်လပ် စွာရှာဖွေစုဆောင်းနိုင်တယ်လို့ ပြဋ္ဌာန်း ပါရှိပြန်ပါတယ်။ လုပ်ခ လစာကို စီမံ ခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးရမယ် လို့ ပြဋ္ဌာန်းပါရှိပေမဲ့ နိုင်ငံတွင်း ပြဋ္ဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ လစာ နှုန်းထားနဲ့ကိုက်ညီရမယ်ဆိုတဲ့ ပြဋ္ဌာန်း ချက်မျိုးကတော့ မပါဝင်ပါဘူး။ (မြန်မာ နိုင်ငံ၏အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက် – တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်း။ စကားချပ်)

၂၉ ရက်နေ့ တွေ့ဆုံပွဲမှာတော့ စီမံခန့်ခွဲမှုကော်မတီက လုပ်ခလစာနဲ့ ပတ်သက်ပြီး ဖြေဆိုသွားရမှာ မြန်မာ နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှု အညွှန်းကိန်း နိမ့်ကျတယ်၊ ရင်းနှီးမြှုပ်နှံ တဲ့သူတွေက ဒီမှာ အလုပ်သမားကို ဈေးပေါပေါနဲ့ငှားလို့ရတယ်ဆိုတဲ့ အချက် ကို စိတ်ဝင်စားတယ်ဆိုတာမျိုး ပြော သွားတာကိုလည်း သတိထားမိပါတယ်။ ဆိုလိုတာက ထိုင်းမှာ အနိမ့်ဆုံး လုပ်ခ တစ်ရက် ဘတ် ၃၀၀ (မြန်မာငွေ ၁၄၀၀၀ ဝန်းကျင်) တော့ ဘယ်လိုနည်း နဲ့မှ မရဘူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက် စေပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မှု ကြောင့် နစ်နာမှုတွေအတွက် ပေးလျော် တဲ့နေရာမှာလည်း နိုင်ငံတကာနှုန်းကို ဆိုလိုတာမျိုး မဟုတ်ဘဲ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက် သွားမယ်လို့သာ ဆိုလိုကြောင်း ပြောသွား တာကို သတိထား မိပါတယ်။ ထူးခြား တာကတော့ ကန်ချနဘူရီကနေ ထားဝယ် မြစ်အထိ ဖောက်မယ့်လမ်းပိုင်းအတွက် ထိုင်းနိုင်ငံက ချေးယူမယ့် ဘတ်ငွေ ၄.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၁၅၀) ဝန်းကျင်မှာ လမ်းဖောက်လုပ်မှု ကြောင့် ထိခိုက်မှုတွေအတွက် ပေးလျော် ဖို့ မပါဝင်ဘူးဆိုတာနဲ့ အဲဒီပေးလျော် မှုတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ့်သဘော ဖြစ်ပါတယ်။

ခြုံပြောရရင် ထားဝယ်အထူးစီးပွား ရေးဇုန်ကြောင့် ထိခိုက်နစ်နာမှုတွေကို နိုင်ငံတကာနှုန်း အတိုင်းရရှိရေး၊ အလုပ် အကိုင်ရရှိရေးနဲ့ လုပ်ခလစာကို ထိုင်း နဲ့တန်းတူရရှိရေးဆိုတာတွေက ဆောင်း တွင်းမှာ မက်တဲ့ခြောက်အိမ်မက်တွေလို ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။

တနင်္သာရီအပတ်စဉ်