မီဒီယာ အကြောင်း နားလည်သဘောပေါက်ခြင်း

0
773
editorial

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးစွဲနိုင်သည်အထိ မီဒီယာ ဆိုသည်မှာ ပုံနှိပ်၊ ရုပ်သံနှင့် ရေဒီယိုတို့သာ ဖြစ်သည်။ ယင်းအချိန်က မီဒီယာ ဆိုသည်များကို အစိုးရများ၊ စီးပွားရေး လုပ်ငန်းစုများကသာ ပိုင်ဆိုင်ထားလေ့ရှိပြီး မီဒီယာကိုအသုံးပြု၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အပေါ် လွှမ်းမိုးနိုင်သော အင်အားတစ်ရပ်အဖြစ် ရှိခဲ့သည်။

အင်တာနက်များ ပေါ်လာပြီးနောက်ပိုင်း အင်တာနက် စာမျက်နှာများ (Websites)များ ပေါ်လာခြင်း၊ ဘလော့ (Blog) များ ရေးသားထုတ်လွှင့်လာခြင်း ရေပန်းစားခဲ့သည်။ အင်တာနက်အသုံးပြုနိုင်သူ၊ နည်းပညာနှင့် ထိတွေ့မှု ရှိသူ မည်သူမဆို မီဒီယာစာမျက်နှာတစ်ခု ပိုင်ဆိုင်နိုင်ပြီး မီဒီယာတစ်ခု ကိုင်ထား နိုင်သည့် သဘောရှိလာခဲ့သည်။

နောက်ဆုံး Facebook (ဖေ့ဘွတ်)၊ Twitter (တွစ်တာ)၊ Instagram (အင်စတာဂရမ်) တို့ကဲ့သို့သော လူမှုမီဒီယာ (Social Media) များကြောင့် မီဒီယာ တစ်ခု ပိုင်ဆိုင်နိုင်ရန် အခွင့်အလမ်းများ တယ်လီဖုန်းကိုင်နိုင်သော လူတိုင်းနီးပါး တွင် ရရှိသွားသည်။

လူတိုင်း မိမိတို့၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ လူအများသိ ထုတ်ဖော်ပြောဆိုလာနိုင်ခြင်း၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း နီးစပ်စွာ ဆက်ဆံ လာနိုင်ခြင်း၊ အခြား သင်ယူစရာကိစ္စများကိုလည်း လူမှုမီဒီယာမှ တစ်ဆင့် သင်ယူလာနိုင်ခြင်းတို့ ရှိလာသည်။

လူတိုင်း မီဒီယာစာမျက်နှာတစ်ခု ပိုင်ဆိုင်လာခြင်းနှင့် အတူ ဆိုးကျိုးများလည်း ရှိလာသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းများ၊ လူအုပ်စုများက အမျိုးမျိုးသော အကျိုးစီးပွားအတွက် ထိုစာမျက်နှာများကို တစ်လွဲသုံးလာကြသည်။ အထူးသဖြင့် ယခုကဲ့သို့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူအများကြောက်လန့်နေရချိန်တွင် မဟုတ်မမှန် သတင်းများ ထုတ်လွှင့်၍ စာဖတ်သူများ၏ စိတ်ဝင်စားမှုကို ရယူလာသည်။ လူအများက အရေးကိစ္စ တစ်ခုခုကို စိတ်ပါဝင်စားမှု ရှိနေချိန်၊ စိုးရိမ်ကြောင့်ကြ နေချိန်တွင် ထိုသို့သော မမှန်သတင်းများ၊ ပုံဖျက်ထားသော သတင်းများ ထုတ်လွှင့် ရန် အကောင်းဆုံး အချိန်လည်း ဖြစ်သည်။

မီဒီယာနှင့် ရင်းနှီးကျွမ်းဝင်သူအချို့ပင်လျှင် ထိုသို့သော သတင်းများ၏ လှည့်စားမှု ကြုံရတတ်လေ့ရှိသည်။ ထိုသို့သော သတင်းမှား၊ သတင်းတု၊ ပုံဖျက် သတင်းများကြောင့် တိုင်းပြည်တစ်ခု၏ ကံကြမ္မာ အလှည့်အပြောင်းပင် ဖြစ်သွား နိုင်ကြောင်း ၂၀၁၆ ခုနှစ် အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲက သက်သေပြခဲ့ ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း လာလတ္တံ့သော ရွေးကောက်ပွဲအချိန်သည် လူထု အများစိတ်ဝင်စားသော အချိန်ဖြစ်ရာ ထိုသို့သော သတင်းတု၊ သတင်းမှား၊ ပုံဖျက်သတင်းများ ကြီးစိုးထုတ်လွှင့်လာနိုင်သော အချိန်လည်း ဖြစ်သည်။ ထိုကြောင့် ပင်မမီဒီယာများအပြင် လူမှုမီဒီယာများအကြောင်း ပိုမိုသဘောပေါက်နားလည်ရေး အရေးကြီးပါကြောင်း မီးမောင်းထိုး ဖော်ပြလိုပါသည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၀)