အဖမ်းခံထားရသည်ဆိုသည့် အမျိုးသမီး ချုပ်နှောင်ထားသည့် ဂိုဒေါင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာ ဟုဆို

0
1660

ထားဝယ်မြို့အတွင်းရှိ နေအိမ်အနီး တွင် ဖမ်းခေါ်သွားခြင်းခံရပြီး ၎င်းကို ချုပ်နှောင်ထားသည်ဆိုသည့် ဂိုဒေါင် ကိုဖောက်ကာ ထွက်ပြေးလာရကြောင်း ကာယကံရှင်ဖြစ်သည့် အသက် ၂၂ နှစ် အရွယ်ရှိ မယုဇနဝေက ပြောသည်။

မယုဇနဝေသည် ကမ်းနားဈေးအနီး ရှိနေအိမ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။

၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းတွင် လူပျောက်မှု အမှတ်စဉ် ၃/၂၀၁၉ ဖြင့် အမှုဖွင့်ထား သည်။ ယင်းနောက် ယခုနှစ်ဇန်နဝါရီလ ၂၇ ရက်တွင် ရန်ကုန်တိုင်းအတွင်း ပြန်လည်တွေ့ရှိခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ဆိုသည်။

ထားဝယ်မြို့ ကမ်းနားဈေးရှေ့ရှိ နေအိမ်မှ ဒီဇင်ဘာလ ၁၉ ရက် ညနေ ပိုင်းတွင် ကမ်းနားပန်းခြံအနီးရှိ ၎င်းတို့ မိသားစုပိုင် အခြားနေအိမ်သို့လမ်း လျှောက်ထွက်လာခဲ့စဉ် သင်္ဘောဆိပ် စာသင်ကျောင်းရှေ့သို့ ရောက်ရှိချိန်၌ ကားအနက်ရောင်တစ်စီးပေါ်မှ လူအချို့ ဆင်းလာပြီး ၎င်းကို ခေါ်ဆောင်သွားခဲ့ သည်ဟု မယုဇနဝေက ဆိုသည်။

ထိုအချိန်မှစ၍ ၎င်းကိုဖမ်းဆီးပိတ် လှောင်ထားသည်ဆိုသည့် နေရာရောက် ရှိသည့်အချိန်အထိ မည်သည့်အကြောင်း အရာကိုမှ မမှတ်မိကြောင်း မယုဇနဝေက ပြောသည်။

၎င်းကို ဂိုဒေါင်တစ်လုံးအတွင်း အခြားမိန်းကလေး ငါးဦးနှင့် အတူချုပ် နှောင်ထားကြောင်း ၎င်းက ဆိုသည်။

ထိုသို့ချုပ်နှောင်ထားစဉ် အခြား မိန်းကလေးအဖော်တစ်ဦးနှင့် အတူ ဂိုဒေါင်ဖောက်ကာ ထွက်ပြေးလာခဲ့ ကြောင်း မယုဇနဝေက ပြောသည်။

ကျန်သည့် မိန်းကလေးလေးဦးက အဆိုပါဂိုဒေါင်တွင်ပင် ကျန်ရစ်ခဲ့ပြီး ထားဝယ်မြို့၊ ဝဲကျွန်းရပ်ကွက်နေ မိန်းကလေးတစ်ဦးလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“သမီးတို့အရွယ်ပဲရှိတယ်။ ထားဝယ် စကားပဲပြောတယ်။ သူ့ကို ခေါ်သေး တယ်။ လွတ်သွားရင် လာကူညီဖို့ ပြောခိုင်းလိုက်တယ်”ဟု မယုဇနဝေက ပြောသည်။

၎င်းထွက်ပြေးလာစဉ် ရေတစ်တန်၊ ကုန်းတစ်တန်ဖြတ်သန်းခဲ့ရပြီး နေရာ အသေးစိတ် မမှတ်မိတော့ကြောင်း ၎င်း က ဆိုသည်။

၎င်းပြောဆိုချက်များနှင့် ပတ်သက်၍ တနင်္သာရီအပတ်စဉ်က သီးခြားအတည် ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ ရဲတပ်ဖွဲ့က လည်း အတည်ပြုပေးနိုင်ခြင်း မရှိသေးပေ။

ထိုနောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပျောက်ဆုံးနေသည့် သမီးဖြစ်သူက အကူအညီတောင်းခံသည့် အတွက် ရန်ကုန်မြို့၊ လှော်ကားရှိ နေအိမ်တစ်ဆောင်တွင် လက်ခံထား ကြောင်း အိမ်ရှင်က ဖုန်းဆက်လာသည့် အတွက် သွားရောက် ခေါ်ဆောင်ခဲ့ ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

Dawei Watch