အသစ်ကလေး

483
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မောင်ခက်တို့ ငယ်ငယ်က ဘာမဆို အသစ်ကလေးမှ လိုချင်ခဲ့တာချည်းပါပဲ။ စာအုပ်ကလေး ဆိုလည်း အသစ်ကလေး မှ။ ခဲတံကလေး ဆိုလည်း အသစ်ကလေး မှ။ အင်္ကျီကလေး ဆိုလည်း အသစ်မှ အသစ်။ လိုချင်ခဲ့ပေမယ့် အမြဲတမ်းတော့ မရတတ်ပါဘူး။

အမေက စေ့စပ်သေချာတော့ အသက် ငါးနှစ်လောက်ကွာတဲ့ သူ့သားတော်မောင် နှစ်ကောင်အတွက် ကျောင်းစိမ်း အင်္ကျီဆို မဲနယ်အပြာလေး ဆိုးလိုက်ပြီးရင် အစ်ကို ကြီးရဲ့ အဖြူ အစိမ်းက ညီလေးအတွက် အမွေ ပြာတာတာ စိမ်းတိမ်းတိမ်းလေး ဖြစ်သွားတာပေါ့။ လေးတန်း ငါးတန်း နှစ်လောက် ရောက်တော့ ကျောင်းစိမ်း ပုဆိုး စဝတ်ရမယ် ဆိုလို့ အစ်ကိုကြီးရဲ့ အနံကြီး ကွင်းကျယ်တွေက ညီလေးဟာ ဖြစ်သွားရပြန်ရော။

အစ်ကိုကြီးက ကျောင်းစိမ်းပုဆိုးကို တစ်နေ့ သုံးခါ လှည့်ဝတ်တယ် ထင်ပါရဲ့။ ချုပ်ရိုး သိပ်မရှိတတ်။ ညီလေးအပိုင် ဖြစ်သွားတဲ့ အခါကြတော့ ကျောင်းစိမ်း ပုဆိုးမှာ ချုပ်ရိုး ချုပ်သားတွေ တိုးတက် များပြားလာပါတော့တယ်။ များမယ်ဆို လည်း များစရာပဲလေ။ ပုဆိုးကွင်းသိုင်း ဆော့တာတစ်မျိုး၊ ပုဆိုးနင်ဂျာ လုပ်တာ တစ်ဖုံ၊ ပုဆိုး ခါးတောင်းကျိုက် ခုန်ပေါက် နေတဲ့ အရွယ်ဆိုတော့။

မောင်ခက်တို့က အမေ့လက်ရာ ချုပ်ကြောင်းကြီးတွေကို ပုဆိုးခေါက်ထဲ မမြင်ရအောင် ထည့်ဝတ်ပြီး အတန်းတွေ တစ်တန်းပြီး တစ်တန်း ဆက်တက်ခဲ့ တာပ။ အခုခေတ် စတိတ်ကျောင်းသား လေးတွေ ဒါမျိုး အရသာ ဘယ်သိတော့ မှာလဲ။ ကိုယ်ပိုင်ကျောင်းတွေဆို အဖြူ အစိမ်းတောင်မှ မဟုတ်တော့။ ကာလာ အရောင် အသွေးစုံကုန်ပြီလေ။ နိုင်ငံခြား က လာဖွင့်တဲ့ ကျောင်းတွေဆို နက်ကတိုင် နဲ့ ဘွတ်နဲ့ ဆိုတော့ မောင်ခက်တုန်းကလို ပုဆိုး ကွင်းသိုင်းတွေကို မလုပ်နိုင်တော့။

သက်မဲ့ ပစ္စည်းလေးတွေကို အသစ် တွေ မျှော်ကိုးမိတတ်တဲ့ မောင်ခက်ကိုယ်တိုင် လည်း အခု အသစ်ကလေး ဖြစ်နေရပြီ လေ။ တက္ကသိုလ်တက်တော့ မြန်မာပြည် တောင်စွန်းမှာနေတဲ့ မောင်ခက်တစ်ယောက် မြန်မာပြည် အလယ်ပိုင်း မြေလတ်ဒေသ က မကွေးမြို့မှာ ပတ်ဝန်းကျင် အသစ်နဲ့ ငါးနှစ်တာ ဖြတ်သန်းခဲ့သေးတာပ။ အဲတော့မှ အသားမကျနိုင်သေးတဲ့ အသစ် အသစ်တွေ ဖြစ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ အသားကျသွားတဲ့ အခါ ဒေါက်တာ ခက် အဖြစ် ကိုယ့်မြို့ ကိုယ် ပြန်ခဲ့တယ်ပေါ့။

နောက် အစိုးရ အလုပ်ဝင်တော့လည်း ကိုယ့်မြို့ ကိုယ် ပြန်လျှောက်ခဲ့တယ်လေ။ အဲတော့ အသစ် ဖြစ်နေတာလေး ခဏတာ ငြိမ်သွားတယ်။ မကြာပါဘူး ဘွဲ့လွန် ဘွဲ့လွန် ဆိုတော့ ကိုယ်လည်း သွားလွန်မိ တော့ အသစ်ကလေး ဘ၀ ပြန်ရောက်ရ တာပါပဲ။

အသစ်ဘ၀က ဘာဖြစ်လဲဆိုတော့ ကိုယ် ဘာလုပ်လုပ် သတိထားရတာပဲပေါ့။

လေ့လာသင်ယူနေရင်း အမှားမပါရအောင် ဂရုစိုက်ရတာပေါ့။ မိတ်သစ်၊ ဆွေသစ် တွေ တိုးပွားရင်း ဆွေရင်း မျိုးရင်းတွေ လည်း ဖြစ်သွားတတ်တာပေါ့။

အခုခေတ် ရေပန်းစားနေတဲ့ Comfort Zone (နေသားကျနေတဲ့ နယ်ပယ်) ထဲကနေ ထွက်ပြီး စိန်ခေါ်မှု အသစ်အသစ် တွေကို တွေ့ကြုံရတာလည်း မောင်ခက် တို့ အသားကျလာခဲ့ပြီ။ ရေအိုင်ထဲက ဖားကလေး လုပ်ပြီး နေတုန်းက ကိုယ့် ဖာသာကိုယ် ပျော်နေတတ်ပေမယ့် ရေပြင် ကျယ်ထဲ ကျသွားတဲ့အခါ ယက်ကန် ယက်ကန်နဲ့ ကူးခတ်ရင်း ရေမနစ်အောင် နေတတ်ခဲ့ပြီလေ။

တစ်ခါတလေ ဝါးကူထိုးမယ့်သူတွေ ကို ကောက်ရိုးတစ်မျှင်ကမ်းသူ အလား မှတ်ယူမိတတ်တာလည်း အသစ်ကလေး မောင်ခက် အတွက် အတွေ့အကြုံကောင်း တွေ ရခဲ့ခြင်းပါပဲ။ ကောက်ရိုးမျှင်လေး ကမ်းတာတောင် မဟုတ်ဘူးဟ၊ ဝါးလုံး ကြီးတောင် ကမ်းတာဟ ဆိုပြီး လှမ်းဆွဲ လိုက်တော့မှ “ရော့၊ အင့်” ဆိုပြီး သာသာ နဲ့ နာနာ ထိုးနှစ်တတ်တာလည်း ကြုံခဲ့ ဖူးပြီ။

Newcomers လို့ ခေါ်တဲ့ အသစ် ကလေးတွေ အဖွဲ့အစည်းတစ်ခုထဲ၊ ယန္တရား တစ်ခုထဲ ဝင်လာပြီ ဆိုရင် အသားတုံး အသစ်ကလေး ((Fresh meat) လို့ တင်စားခေါ်ဝေါ်ခံရတာတွေ ရှိပါတယ်။ အလယ်အလတ်က နေနေတဲ့ သူတွေ များသောအားဖြင့် ရွှေနားတော် သွင်းနိုင် မယ့် သူတွေ အမြင်ကြည်လင်ဖို့ လိုပါ တယ်။ အကြီးအကဲက အလွန်အမင်း သဘောကျလာရင်ပဲ ဖြစ်ဖြစ်၊ ဒင်းတို့ မျက်စိမှာ ကိုယ်ဟာ စပါးမွှေး ဖြစ်နေလို့ ကတော့ နာပြီသာ မှတ်လော့ မောင်။ အသစ်ကလေးတို့ အကြောင်းကို ပိသုဏ ဝါစာ ဆိုပြီး ရွှေနားတော် သွင်းရင်ဖြင့် အငြိုအငြင်ခံရနိုင်တာကိုး။

ဒါကြောင့် မင်းနား ယောက်ျား၊ ကမ်းနားသစ်ပင်ဆိုတာ အချောင်အလကား ဆိုထားတာမှ မဟုတ်။ မဇ္စျိမ ပဋိပဒါ မှာ နေတယ်ဆိုတာ ဘုရားဟော ဆိုပေ မယ့် သူရို့တွေက အောက်ကို နင်းထားမှ အလယ်အလတ်ရောက်မှာကိုး။ အဲတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ဆိုပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေရုံနဲ့ တာဝန် ကျေတာမဟုတ်။ သူရို့ အမြင် မကြည်ရင် မျက်ဖြေလင်္ကာ ရေးတောင် အသတ်ခံရ မယ့် အမတ်ကြီးလို ဖြစ်နေမှာ အသစ် ကလေးတို့ သိဖို့။ အမျက်တော် ရှရင်ဖြင့် တောင်စွယ်မှာ နေကွယ်ပြီ မောင်ရင်တို့။

ဒါကြောင့် မောင်ခက် ကြီးလာလေလေ အသစ် မဖြစ်ချင်တော့လေလေ ပါပဲ။ ရေကြည်ရာမြက်နုရာ ဆိုတာ ငယ်တုန်း ရွယ်တုန်းပဲ ကောင်းပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးခုလုံး မရနိုင်ရင်တောင် ကုသိုလ်ရတဲ့ အရပ်မှာပဲ နေချင်တော့တာ အဟုတ်။ ကိုယ့်ကို Blessing (ကောင်းချီး) ပေးတဲ့ အရပ်မှာ နေသင့်တယ် ဆိုတာ ကြာလေလေ သဘောပေါက်လာလေပ။

မြတ်စွာဘုရားရှင်လည်း ထိုနည်းလည်း ကောင်း ဆိုခဲ့တာပဲလေ။ “ပတိရူပ ဒေသ ဝါသောစ”တဲ့။

မောင်ခက်တို့ သီတင်းကျွတ် ကန်တော့ လို့ရှိရင် အဖွား အမြဲပေးတတ်တဲ့ ဆုလေး သတိရမိတယ်။

“သွားလေရာ သူတော်ကောင်းတို့နဲ့ ဆုံတွေ့ရပါစေ”တဲ့။

မောင်ခက်စိမ်း