GDP ကိန်းအတွက် နောက်ကြည့်မှန်များ လိုသည်

0
177
ကြော်ငြာဝန်ဆောင်မှု

တိုင်းပြည်တစ်ပြည်၊ ဒေသတစ်ခု၊ မြို့တစ်မြို့၏ တိုးတက်မှုကို တိုင်းတာ သက်သေပြနိုင်ရန် အမြဲလိုလို အသုံးပြု လေ့ရှိသော စံတော်ဝင်ညွှန်းကိန်းမှာ GDP ဖြစ်သည်။ အထက်တန်း ကျောင်းသုံး စာအုပ်များတွင်ပင် GDP အကြောင်း ပြဋ္ဌာန်းလေ့ရှိသည်။ Gross Domestic Product (GDP) ဆိုသည်ကို မြန်မာလို အမျိုးမျိုးအဓိပ္ပာယ်ပြန်ဆိုလေ့ရှိသည်။ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးဟု အများအားဖြင့် ပြန်လေ့ရှိသည်။

GDP ကို တွက်ချက်တိုင်းတာသော နည်းအမျိုးမျိုးရှိသည့်အနက် တိုင်းပြည် တစ်ခုအတွင်းရှိ ဝယ်ယူသုံးစွဲသော ဝန် ဆောင်မှုနှင့် ထုတ်ကုန်တန်ဖိုး၊ အစိုးရ အသုံးစရိတ်၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး မျှခြေ (ပို့ကုန်မှ သွင်းကုန်နုတ်ထားသော တန်ဖိုး) စသည်တို့၏ စုစုပေါင်းအဖြစ် လည်း တွက်ချက်လေ့ရှိသည်။ တိုင်းပြည် တစ်ပြည် (သို့မဟုတ် ဒေသတစ်ခု) အတွင်း နှစ်တစ်နှစ်ကို ယူ၍ တွက်ချက် ခြင်း ဖြစ်သည်။

GDP အကြောင်းကို စီးပွားရေး သတင်းများ၊ ဆောင်းပါးများတွင် ထည်လဲ တွေ့နိုင်သည်။ တိုင်းပြည်ခေါင်းဆောင် များ၏ မိန့်ခွန်းများတွင် တွေ့နိုင်သည်။ မေခရိုစီးပွားရေးပညာရှင်များ၏ ဆွေးနွေး ချက်များတွင် တွေ့နိုင်သည်။ GDP သည် တိုင်းပြည်တစ်ခု၊ ဒေသတစ်ခု၊ မြို့တစ်မြို့ စသည့်တို့၏ အခြေအနေကို ထင်ဟပ်နိုင်သော ညွှန်းကိန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည်။

ယခုတော့ သတိပေး ခေါင်းလောင်းသံတွေ မြည်လာပြီ ဖြစ်သည်။

တိုင်းပြည်တစ်ခု၏ တကယ့်အခြေ အနေကို GDP သက်သက်ဖြင့် တိုင်းတာ ၍ မရနိုင်ကြောင်း စီးပွားရေးနိုဗယ်ဆုရှင် ဂျိုးဇက်စတစ်ကလစ်၊ အမတြာဆင်း တို့အပါအဝင် ပညာရှင်အချို့က သတိပေး လာပြီ ဖြစ်သည်။ GDP ၏ အဓိက ပြဿနာများကို ပညာရှင် အချို့က ထောက်ပြကြသည်။ ယင်းတို့အနက် အချက်အချို့ကို တင်ပြပါမည်။

GDP သည် ကောင်းတာဖြစ်လာတွေ လည်း ထည့်သွင်းတွက်ချက်သလို၊ အခုခု ဘေးသင့်သွားသဖြင့် ပြန်ပြင်သည့် အရေး ကိစ္စများအရေးကိုလည်း ထည့်သွင်းတွက် ချက်သည်။

ဥပမာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် မြေပြိုသဖြင့် လမ်းများ ပျက်သွားသည်။ တံတားများ ပြိုသွား သည်။ ထိုတံတားများ၊ လမ်းများ ပျက်ပါ က အစိုးရက ပြန်ပြင်ရသော စရိတ်သည် အစိုးရ အသုံးစရိတ်ဖြစ်လာပြီး GDP တက်လာသည်။ ပျက်စီးသွားသော လမ်း၊ တံတား တန်ဖိုးများကို GDP တွင် မနုတ်ချေ။ လူတစ်ဦးနေမကောင်းပါက ဆေးကုရသည်။ ဆေးကုသစရိတ်မှာ လူ၏ အသုံးစရိတ် ဖြစ်လာပြီး GDP တက်လာလေသည်။

GDP တွင် အစိုးရ၏ထံ စာရင်းဝင် သော တရားဝင်ကိန်းဂဏန်းများကိုသာ ထည့်သွင်းတွက်ချက်သည်။ တရားဝင် ရောင်းချနေသော ရောင်းကုန်၊ ဝန်ဆောင် မှုများကိုသာ ထည့်သွင်းတွက်ချက်နိုင် သည်။ မြန်မာနိုင်ငံကဲ့သို့သော တရားမဝင် နှင့် မှောင်ခိုကုန်သွယ်ရေး ပမာဏ ကြီးမားသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် GDP သက်သက်ဖြင့် တိုင်းပြည်အခြေ အနေကို သတ္တုချခြင်းသည် များစွာသော အကွာအဟကို ဖြစ်စေနိုင်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မဆိုထားဘိ၊ တိုးတက်သော တိုင်းပြည်များတွင်လည်း တရားဝင်မဟုတ်သော ရှဲဒိုးစီးပွားရေး ပမာဏ အတော်ကို ကြီးမားသည်။ ဥပမာ ၂၀၁၇ ခုနှစ် စာရင်းအရ ဂရိတွင် စုစုပေါင်း GDP ၏ ၂၁ ရာခိုင်နှုန်းကျော်၊ အီတလီ တွင် ၁၉.၈ ရာခိုင်နှုန်း၊ နော်ဝေတွင် ၁၂.၂ ရာခိုင်နှုန်း၊ ဂျာမနီတွင် ၁၀ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုတွင် ၅.၄ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးရှိသည်။

ထို့အပြင် အချို့သောNon-Market တန်ဖိုးကို GDP တွင် မထည့်တွက်နိုင်ချေ။ ဥပမာအားဖြင့် လူအချို့က ကိုယ်တိုင်စိုက် ကိုယ်တိုင်စားသော ထုတ်ကုန်များကို GDဏ အတွင်း ထည့်သွင်းတွက်ချက်နိုင် ခြင်း မရှိပေ။ ဥပမာ တောင်သူတစ်ဦးက သူ၏ ဥယျာဉ်ခြံအတွင်း နေ့စဉ်စား ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုး လုပ်အားထုတ်၊ စားသုံးခြင်းများမှာ GDP တွင် မပါဝင်ပေ။

မိသားစုတစ်ခု အပြင်တွင် ညစာ ထွက်စားပါက သုံးသည့် ငွေကြေးပမာဏ ကို GDP တွင် ထည့်တွက်သည်။ သို့သော် ကိုယ့်ဟာကိုယ် အိမ်တွင်ချက်စားပါက ချက်သည့် လုပ်အားခ စသည်တို့ကို GDP တွင် ထည့်တွက် နိုင်ခြင်း မရှိပေ။ အိမ်ရှင်မ၊ အိမ်ရှင်ထီးတို့၏ ကလေး ထိန်းခြင်း၊ အိမ်မှုကိစ္စ လုပ်ခြင်းကိုလည်း GDP တွင် မထည့်တွက်ပေ။ သို့သော် ယင်းအစား အိမ်အကူတစ်ဦးကို ငှားရမ်း လိုက်ပါက GDP တွင် ထည့်တွက်ပြန် သည်။

နောက်ပြဿနာ တစ်ခုမှာ ဝင်ငွေ (သို့မဟုတ်) ထုတ်ကုန်နှင့် ဝန်ဆောင်မှု များ ခွဲဝေဖြန့်ဖြူးခြင်း ဖြစ်သည်။ ဒေသ တစ်ခု၏ စီးပွားရေးသည် GDP ၁၀၀ ယူနစ် ရှိပြီး လူဦးရေ ၁၀ ဦးရှိသည် ဆိုပါစို့။ ဝင်ငွေခွဲဝေမှု မညီမျှသော စီးပွားရေး ပုံစံတွင် တစ်ဦးတည်းက ၉၀ ယူနစ်ရရှိသွားပြီး ကျန် ၉ ဦးက ၁ ယူနစ် ကျော်ကျော်သည်သာ ရရှိသော်လည်း GDP ရှုထောင့်မှ ဆိုပါက တစ်ဦးချင်း ဝင်ငွေသည် ၁၀ ယူနစ်ဖြစ်သည်။ အခြား တစ်ဘက်တွင် လူတိုင်းက ညီတူညီမျှ ၁၀ ယူနစ်စီ ရရှိသည့် ဝင်ငွေခွဲဝေမှု ညီမှု သော စီးပွားရေးပုံစံတွင်လည်း တစ်ဦးချင်း ဝင်ငွေသည် ၁၀ ယူနစ်သာ ဖြစ်သည်။ ထိုကြောင့် GDP ရှုထောင့်သက်သက် တစ်ခုတည်းဖြင့် ဝင်ငွေခွဲဝေညီမျှမှု၊ မညီမျှမှုကို ထင်ဟပ်နိုင်ခြင်း မရှိပေ။

GDP တွင် ညစ်ညမ်းမှု၊ သဘာ၀ ပတ်ဝန်းကျင် ယိုယွင်းမှုကို ထည့်သွင်း တွက်ချက်ခြင်း မရှိပေ။ GDP တွင် ထည့်သွင်းတွက်ချက်သော အချို့သော ဝန်ဆောင်မှုနှင့် ထုတ်ကုန်တန်ဖိုးများမှာ သဘာ၀ပတ်ဝန်းကျင် ပျက်စီးစေမှုမှ ထွက်လာသည်။ ဥပမာ ကျောက်စိမ်း တန် ၁၀၀ ရောင်းလိုက်လျှင် ယင်းတန်ဖိုး နှင့် ညီစွာ GDP တန်ဖိုး တက်သွားသည်။ သို့သော် ကျောက်စိမ်းတူးဖော်မှုကြောင့် ဆိုးကျိုးဖြစ်လာသော သစ်တောပြုန်းမှု၊ တောင်ပြိုမှု၊ ချောင်းကောမှု၊ ရေကြီးမှု၊ မြို့ရွာပျက်မှု စသည့် အနုတ်တန်ဖိုးများကို GDP တွင် ထည့်သွင်းတွက်ချက်ခြင်း မရှိပေ။

စီးပွားရေး ပုံစံနှစ်မျိုးဖြင့်လည်း ထိုကိစ္စကို ဥပမာ ပြနိုင်သည်။ နံပါတ်တစ် စီးပွားရေး ပုံစံတွင် GDP ၁၀၀ ယူနစ် ရှိသည်။ သို့သော် ရေထု၊ လေထုညစ်ညမ်း နေသည်။ နံပါတ်နှစ် စီးပွားရေး ပုံစံတွင် လည်း GDP ၁၀၀ ယူနစ်ရှိသည်။ သို့သော် ရေထု၊ လေထု၊ သဘာ၀ ဝန်းကျင် မပျက် သလောက် ဖြစ်သည်။ တကယ့်မြေပြင်တွင် ထိုစီးပွားရေးပုံစံနှစ်ခု၏ အကျိုးရလဒ်၊ သက်ရောက်မှု၊ လူအများ၏ လူနေမှု၊ ကျန်းမာရေးအရ ထိခိုက်မှု၊ လူမှုစီးပွားအရ ထိခိုက်မှု မတူညီသော်လည်း GDP ကား အတူတူပင် ဖြစ်သည်။

နောက်တစ်ခုမှာ ခေတ်ပေါ် နည်း ပညာများ လူအများ အခမဲ့သုံးစွဲနိုင်မှုကို GDP ဖြင့် မတိုင်းတာနိုင်တော့ခြင်း ဖြစ် သည်။ ဥပမာ လက်ကိုင်ဖုန်းတွင် အခမဲ့ အသုံးပြုနိုင်သော အက်ပလီကေးရှင်းများ (APP) ၏ တန်ဖိုးကို မတိုင်းတာနိုင်ခြင်း ဖြစ်သည်။ ထိုAPP များကို အသုံးပြု၍ ဈေးဝယ်ကြသည်၊ ယာဉ်လမ်းကြောင်းရှင်း၊ မရှင်း ကြည့်ကြသည်၊ မိုးလေ၀သကို ကြည့်ကြသည်၊ သတင်းတွေကြည့်ကြ သည်။ လူတွေက ထို APP များကို အခမဲ့သာ လိုတော့သည်။ ထိုအခါ ထို APPများ၏ အမှန်တကယ်တန်ဖိုးကို တွက်ရန် ခက်လာသည်။ GDP ကလည်း ယင်းကို ထည့်မတွက်နိုင်တော့။

ဂျိုးဇက်စတစ်ကလစ်ကတော့ GDP ကို အားပြုလွန်းခြင်း တိုင်းတာနည်း အမှားက လုပ်နည်းကိုင်နည်းအမှားကို ဖြစ်စေကြောင်း သတိပေးစကားဆိုသည်။ တိုင်းပြည်၏ ဖွံ့ဖြိုးမှုကို တိုင်းတာနည်း အမှားကြီး ဖြစ်သော GDP ဂဏန်းများက ကမ္ဘာကြီး၏ လက်ငင်း အရေးတကြီး ပြဿနာများကို ဖြေရှင်းရန် နည်းနည်းမျှ ပင် သတိပေးစကား မဆိုနိုင်၊ ထိုပြဿနာ များ ဖြစ်လာမည်ဟု နည်းနည်းမျှပင် အရိပ်အငွေ့မပြခဲ့ဟု သူကဆိုသည်။

သူညွှန်းဆိုသည့် အဓိက ပြဿနာကြီး သုံးရပ်မှာ ဥတုဘေး၊ ဆင်းရဲချမ်းသာ မညီမျှမှုနှင့် ဒီမိုကရေစီ စနစ် ပြဿနာကြုံ လာခြင်း တို့ဖြစ်သည်။ GDP ကိန်းဂဏန်း များကိုကြည့်၍ မည်သည့် ကြိုတင် နိမိတ်ဖတ်စကားမျှ မဆိုနိုင်ဘဲ ထိုပြဿနာ များ ကြုံလာခြင်းက GDP သက်သက်ကို အားပြုတိုင်းတာညွှန်းဆိုခြင်းမှာ မှားနေ ပြီဖြစ်ကြောင်း စတစ်ကလစ်က ထောက်ပြ ပြောဆိုသည်။

အထက်ဆိုခဲ့ပါ အချက်များတွင် တစ်ခု အပါအဝင်ဖြစ်သော GDP နှင့် သဘာ၀ ပတ်ဝန်းကျင် ပြဿနာက အဆက်အစပ်၊ တစ်နည်းဆိုရသော် GDP တက်စေသော အချို့သော ထုတ်ကုန်များ မှာ သဘာ၀ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ပျက်စီးစေပြီး ကမ္ဘာကြီး၏ ရေရှည်ဖွံ့ဖြိုး ရေးကို ထိခိုက်စေရာမှ နောက်ဆုံး ဥတု ကပ်ဘေး ကြုံသည်အထိ ဖြစ်သွားရသည်။ ဆင်းရဲ ချမ်းသာ မညီမျှမှုများကို အချိန်မီ မကိုင်တွယ်နိုင်၊ မရှင်းနိုင် ဖြစ်သွားရသည်။ ထိုမှသည် မီးခိုးကြွက်လျှောက် ဒီမိုကရေစီ စနစ်အပေါ် မယုံကြည်မှု တိုးပွားလာသည်။

ဂျိုးဇက်စတစ်ကလစ်ကတော့ ၂၀၀၈ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကို အထူးအလေး ပေး ဥပမာပြု ပြောသည်။ အမေရိကန် ပြည်ထောင်စုမှ စတင်ခဲ့သော ၂၀၀၈ စီးပွားပျက်ကပ် မတိုင်မီက အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး တိုးတက်မှု နှုန်း (GDP) မှာ ပုံမှန်ထက် နှေးနေ သော်လည်း စိုးရိမ်စရာ လက္ခဏာ မပြခဲ့ပါ။ သို့သော် ကပ်ကြီး ဖြစ်လာခဲ့သည်။ ထို့ အပြင် ကပ်ကြီးမှ ပြန်လည် နာလန်ထရေး အစီအစဉ်များ (ဂျိုးဇက်ကတော့ အမည်ခံ နာလန်ထရေး အစီအစဉ်ဟုသုံးသည်) မှ အမေရိကန်ပြည်ထောင်စုရှိ ထိပ်ပိုင်း အီလစ် တစ်ရာခိုင်နှုန်းက ၉၁ ရာခိုင်နှုန်း အထိ အကျိုးအမြတ်ဖြစ်ခဲ့သည်ဟု ဆို သည်။

အချုပ်ဆိုရသော် GDP သည် တိုင်းပြည်တစ်ပြည်၏ အခြေအနေမှန်ကို ထင်ဟပ်နိုင်သော ညွှန်းကိန်းမဟုတ်ပါ။ ဈေးကွက်အတွင်း မရောက်လာသော တန်ဖိုး (ဥပမာ အိမ်မှုကိစ္စ) များကို မတိုင်း တာနိုင်ပါ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုကို မထင်ဟပ်နိုင်ပါ။ သဘာ၀ ဝန်းကျင် ယိုယွင်းလာပြီး ရေရှည်တွင် ဖွံ့ဖြိုးမှု ကပ်ဆိုက်နိုင်ခြင်း၊ လူတို့၏ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ ထိခိုက်ခြင်းကို GDP ကိန်းဂဏန်းများက မပြဆိုနိုင်ပါ။ ထိုကိစ္စများ ကြောင်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ကတည်းကပင် ပညာရှင်များက ထောက်ပြ နေကြပြီဖြစ်သည်။ ထိုသို့ကို တိုင်းတာ၊ စောင့်ကြည့်၊ တွက်ချက်သည့် နည်းနာ တွင် အပြစ်အနာအဆာတွေ ရှိနေပြီဖြစ် သည်။

အချို့ပညာရှင်များကတော့ GDP သည် ငွေသုံးခြင်း၊ ငွေဝင်ခြင်း ဝင်ငွေ သက်သက်မျှကိုသာ တိုင်းနိုင်သည်ဟု ထောက်ပြကြသည်။ ဝင်ငွေသည် တိုင်းပြည် တစ်ခု၊ အိမ်ထောင်စု တစ်ခု၊ ဒေသတစ်ခု ၏ အခြေအနေကို ထောက်ပြ၊ ပြဆို နိုင်သော ကိန်းဂဏန်းဖြစ်သည်ကား မှန် သည်၊ သို့သော် အခြေအနေ တစ်ရပ်လုံး ကို ထင်ဟပ်ပြနိုင်သော ကိန်းဂဏန်းကား မဟုတ်ပါ။

ထိုကြောင့်ပင် အခြေအနေမှန် သိရန် ပိုမိုကျယ်ပြန့်သော အတိုင်းအတာ၊ ညွှန်းကိန်းများ လိုလာပြီဖြစ်ကြောင်း သတိပေးလာကြပြီဖြစ်သည်။ ယင်းတို့ တွင် ထင်ရှားသော ညွှန်းကိန်းများမှာ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (HDI)၊ ပျော်ရွှင်ချမ်းမြေ့မှု ဆိုင်ရာ ညွှန်းကိန်း (HPI)၊ GDP ပါ အပေါင်းကိန်းများအပြင် သူ့ကြောင့် ဖြစ်လာသော အနုတ်ကိန်းများ ကိုပါ ထည့်သွင်းစဉ်းစား တွက်ချက်သော အမှန်တကယ်တိုးတက်မှုနှုန်း ညွှန်းကိန်း (GPI) တို့ ဖြစ်သည်။

အလွယ်ဆုံး ဆိုရသော် GDP ကိန်းဂဏန်းသက်သက်ကိုသာ ကြည့်၍ ကြွားလုံးထုတ်ခြင်း၊ တိုင်းပြည် အခြေ အနေကို ဖော်ညွှန်းခြင်း၊ မူဝါဒချမှတ်ခြင်း တို့မှာ လွန်စွာ အန္တရာယ်များလှသည်။

GDP ကိန်းတစ်ခု တည်းအတွက် “ရှေ့သို့၊ ရှေ့သို့” လောဆော်နေသည်မှာ လွန်စွာ စိုးရိမ်ဖွယ်ကောင်းလှသည်။ GDP ကိန်း ကို ပြန်ထိန်းညှိပြီး အခြေအနေမှန် ထပ်ဟပ်ပြနိုင်သည့် နောက်ကြည့်မှန် ညွှန်းကိန်းများ လိုပါသည်။ လူထု၏ လူမှုစီးပွား ဘ၀ အခြေအနေမှန်၊ တိုင်း ပြည်၏ မြေပြင်အခြေအနေမှန်ကို ထင်ဟပ် နိုင်သည့် အညွှန်းကိန်းများ လိုပါသည်။

ရှေ့သို့လည်း ချီရန်လိုသည်။ သို့သော် “GDP ရှေ့သို့” ဖြင့် ခရီးဆက်ရင်း ဖြစ်လာသည့် ပြဿနာများ၊ ကျန်ခဲ့သော ကပ်ဘေးအမှိုက်များကို မြင်ရန်လည်း နောက်ကြည့်မှန် ညွှန်းကိန်းများ လိုပါ သည်။

ခွန်းသု