ဝူဟန် တုပ်ကွေး၊ ကမ္ဘာ့အရေး၊ မြန်မာ့ အရေး

0
896

တစ်လနီးပါး စောင့်ကြည့်နေကြခဲ့ရတဲ့ ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ် ကပ်ရောဂါ အသွင် ကူးစက်ပြန့်ပွားနေခြင်းဟာ ကြောက်ခမန်းလိလိ ဆိုရလောက်အောင် နိုင်ငံပေါင်းများစွာကို အချိန်တိုအတွင်း ပျံ့နှံ့ရောက်ရှိလာပြီး လူဦးရေ တစ်သောင်း နီးပါး (၉၈၀၀ ဦး) ကူးစက်ပြန့်ပွားခံရပြီး သည်မနက်မှာ သေဆုံးသူဦးရေဟာ စုစု ပေါင်း ၂၁၃ဦး ရှိလာခဲ့တယ်။

သည်အခြင်း အရာအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အရေးပေါ် ကပ်ရောဂါ အခြေအနေအဖြစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါ တယ်။

“အဲသလို ဗိုင်းရပ်စ်ဟာ အချိန်တိုတို အတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားလာမှု ဟာ အခြေခံကျန်းမာရေးစနစ်တွေ အားနည်းလို့ ဖြစ်ရတာဖြစ်ပြီး သည်ကူးစက် ပြန့်ပွားမှုကို ကျွန်တော်တို့တွေ အတူတကွ ပူးပေါင်းလက်တွဲပြီး ထိန်းချုပ်နိုင်ဖို့ရာ ကြိုးစားချိန်တန်ပါပြီ”လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHO ရဲ့ အကြီးအကဲ Mr. Tedros Adhanom Ghebreyesus က မနေ့ကပဲ ဂျီနီဗာ ကျန်းမာရေး ကွန်ဖရင့်အဖွင့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

သူကပဲဆက်ပြီး လာမယ့် လအနည်း ငယ်အတွင်း လူ တစ်ဘီလီယံအထိ ကူးစက်ခံရနိုင်တယ်လို့ ခန့်မှန်းပြီး အဲသည် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာ က ပူးပေါင်းပါဝင်ကြဖို့ မေတ္တာရပ်ခံခဲ့ပါ တယ်။ Mr. Tedros Adhanom Ghebreyesus က ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ WHO အစည်းအဝေး အထိ အဲသည် ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှု ဟာ တရုတ်နိုင်ငံအတွက် အရေးပေါ် အခြေအနေဖြစ်ပြီး နိုင်ငံတကာ အဆင့် အရေးပေါ်အခြေအနေ မဟုတ်သေးကြောင်း ပြောဆိုခဲ့ပြီး မနေ့ကမှ သူ့ရဲ့ ပြောဆိုမှုကို ပြင်ဆင်ပြီး နိုင်ငံတကာအဆင့် ကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်သင့်ပြီလို့ တပ်လှန့် လိုက်တာ ဖြစ်ပါတယ်။

WHO ကနေ အဲသည်လောက်အထိ နိုင်ငံတကာ အဆင့်အရေးပေါ်အခြေအနေ ကြေညာတာဟာ ပုံမှန်ထက် များစွာ ထူးကဲပါတယ်။ WHO က အဲသည်လို အရေးပေါ်အခြေအနေမျိုးကို ယခင်က ငါးကြိမ်ပဲ ကြေညာခဲ့ရဖူးပါတယ်။ ၂၀၀၉ မှာ Swine Flu လို့ခေါ်တဲ့ ဝက်တုပ်ကွေး၊ ၂၀၁၄ မှာ ပိုလီယို၊ ၂၀၁၆ မှာ ဇီကာဗိုင်း ရပ်စ်၊ ၂၀၁၄ ကနေ ၂၀၁၉အတွင်း အာဖရိက အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတို့ပဲ ဖြစ်တယ်။

တရုတ်အလယ်ပိုင်း လူနေထူထပ်တဲ့ ဟူပေပြည်နယ်၊ ဝူဟန်မြို့လေးကနေ စတင် ကူးစက်ပြန့်ပွားလာတဲ့ ဝူဟန် ကိုရိုနာ ဗိုင်းရပ်ရဲ့ ကူးစက်ပြန့်ပွားမှုဟာ အလွန် လျင်မြန်လှပါတယ်။

တရုတ်ပြည် ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ရဲ့ စာရင်းအရ ၂၀၂၀ ဇန်နဝါရီ ၂၀ မှာ ပိုးတွေ့ အတည်ပြု၊ လူနာပေါင်း ၂၉၁ ကနေ ဇန်နဝါရီ ၃၀ မှာ ၉၆၉၂ ဦးအထိ တိုးလာခဲ့ပြီး သည်မနက်(ဇန်နဝါရီ ၃၁)စာရင်းအရ အဲသည်အထဲက ၂၁၃ ဦး သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။ ၄၂ဦးဟာ ဝူဟန်မှာ မနေ့(ဇန်နဝါရီ ၃၀)က ထပ်မံ ဆုံးပါးခဲ့ရတဲ့ အရေအတွက်ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပြင်ပမှာလည်း မြန်မာမှအပ နိုင်ငံပေါင်းများစွာမှာ ကူးစက်ခံရတဲ့ လူနာတွေ တွေ့နေရပါတယ်လို့ ကြေညာ ထားကြပါတယ်။ သည်အထဲ ထူးတာက တရုတ်ကို ခရီးမသွားဖူးသူ သုံးဦးမှာ အဲသည်ရောဂါပိုး ကူးစက် ခံခဲ့ရတယ် ဆိုတာပါပဲ။

ရောဂါပိုး စတင်ကူးစက်ပြန့်ပွားခဲ့ရာ ဝူဟန်မှာ ရှိနေကြတဲ့သူတွေကို ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ စောင့်ကြပ် ထိန်းချုပ် (Quarantine) ထားကြတဲ့ အနက် အမေရိကန်၊ ရုရှား၊ ကိုးရီးယားနဲ့ ဂျပန်တို့က သူတို့နိုင်ငံသားတွေကို သူတို့ရဲ့ အထူးလေယာဉ်တွေနဲ့ သူတို့နိုင်ငံကို ရောဂါပိုးကူးစက်မှုမှ ကာကွယ်ရေး ပစ္စည်းပစ္စယ အပြည့်အစုံနဲ့ လာရောက် ကယ်တင်ခဲ့ ကြပါတယ်။ အာရှ၊ ဥရောပ မှာသာ သည်ဗိုင်းရပ်စ်ကူးစက်မှု တွေ့ကြရ ရာကနေ ဇန်နဝါရီ ၂၉ မှာ ဆူဒန်နိုင်ငံသား နှစ်ယောက် ကူးစက်ခံရတာ တွေ့ရပါ တယ်လို့ ကြေညာတဲ့အတွက် အာဖရိက အထိ ပြန့်နှံ့ရောက်ရှိသွားပါပြီ။

WHO ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း အဲသည် ကပ်ရောဂါအသွင် ကူးစက်ပြန့်ပွားမှုကို မျက်ခြည်မပြတ် စောင့်ကြည့်ထိန်းချုပ်မှုကို ပြုလုပ်နေသလို အများပြည်သူ သိရှိစေဖို့ ထုတ်ပြန်ကြေညာချက်တွေကိုလည်း ထုတ်ပြန်ထားရှိပါတယ်။

ထုတ်ပြန်ကြေညာချက်တွေနဲ့ အများ ပြည်သူကို အသိပညာပေးခြင်းတွေကို လုပ်ဆောင်ရာမှာနဲ့ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာ မှာ အားနည်းချက်အချို့ ရှိတယ်လို့ ဆိုနိုင်ပေမယ့် လုပ်ဆောင်နေပါတယ် ဆိုတာကိုတော့ အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။

နိုင်ငံအဆင့်မှာ ကျန်းမာရေးဝန်ကြီးက “သူတို့ လုပ်ဆောင်မှုကို သူ့အနေနဲ့ အားရတယ်၊ ကျေနပ်တယ်။ ဘယ်နိုင်ငံမှာ မှ မပြင်ထားတာတွေ သူတို့ ပြင်ဆင် ထားနိုင်တယ်။ သူတို့ လုပ်ဆောင်ချက်တွေ အားနည်းပါတယ်လို့ ဝေဖန်တဲ့သူတွေကို သူဆီ လာတွေ့ခိုင်းလိုက် ဖျားတောင် ဖျားသွားမယ်”လို့ မီဒီယာသမားတွေကို ဖြေဆိုသည်အထိ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရောဂါကာကွယ်ထိန်းချုပ်မှု အတွက် ပြင်ဆင်ထားရှိချက်တွေအပေါ် သူ့ဘာသာသူ ယုံကြည်ခဲ့ပါတယ်။

သို့ပေမယ့် နိုင်ငံအဆင့် အဲသည် ရောဂါ ကာကွယ်ထိန်းချုပ်မှုအတွက် ပြင်ဆင်ရာမှာ အားနည်းချက်တွေရှိခဲ့တာ ငြင်းမရပါဘူး။ နိုင်ငံရပ်ခြားကနေ ကိုယ့် နိုင်ငံကို ဝင်လာသူတိုင်းကို ဃသညအခေအ အမခေငညါ လို့ခေါ်တဲ့ ရောဂါရာဇဝင်လိုက် နိုင်မယ့် လျှောက်လွှာပုံစံ Form ဖြည့်ကြ ရမှာကို ဇန်နဝါရီလ ၂၅ ရက် ညအထိ မဖြည့်ခိုင်းဘဲ ထားတာမျိုးဟာ မဖြစ်သင့် ပါဘူး။ အဲသည် Form မှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားဖူးတဲ့ နေရာတွေ၊ ဖြစ်ဖူးတဲ့ ရောဂါတွေ၊ ပြည်တွင်းမှာ တည်းမယ့်လိပ်စာ စသဖြင့် အကုန်ပါပါ တယ်။

အဲသည် Formကို စနစ်တကျ ဖြည့်ပြီး Contact Tracing လုပ်သင့်ပါ တယ်လို့ လူမှုမီဒီယာတွေက တစ်ဆင့် ဝေဖန်ပြောဆိုပါမှ ထလုပ်ကြရတာမျိုးဖြစ် သလို အဲသည် Form မဖြည့်ခိုင်းပါဘဲ နိုင်ငံအတွင်း အဝင်ခံတဲ့အခါ ရောဂါ ဖြစ်လာရင် လိုက်ရှာရခဲခက်မယ်လို့ လူမှု မီဒီယာတွေကတစ်ဆင့် ဆရာဝန်အချို့က ထောက်ပြပါမှ တည်းခိုခန်းတွေ၊ ဟိုတယ် တွေကို တရုတ်ကလာတဲ့ လူနာတွေ သံသယဖြစ်ဖွယ် အဖျားရောဂါနဲ့ တွေ့ရင် အသိပေးဖို့ ပြောရဆိုရပြန်ပါတယ်။

အများပြည်သူကို အသိပညာပေး ပိုစတာတွေ ကျန်းမာရေးဌာနရဲ့ Web Page မှာ တင်ပေးတာသော်မှ Back Date နဲ့ တင်ပြီး အများပြည်သူကို အသိပေးတာမျိုးဟာ ရိုးသားမှုကို မေးခွန်း ထုတ်စရာဖြစ်ပါတယ်။

နောက် ကိုယ့်ဘက်က သံသယ လူနာကို စောင့်ကြည့် Screening လုပ်ကြ တဲ့ ကိုယ့်ဝန်ထမ်းတွေရဲ့ လုံခြုံရေးဟာ လည်း အရေးပါပါတယ်။ မူဆယ်မှာ ရှိတဲ့ ကျန်းမာရေးဌာနက ဖွင့်တဲ့ ရောဂါ စောင့် ကြည့်ရေး ဌာနတစ်ခုက ဆရာမလေးဟာ သူ့ဘာသာသူ ဘေးကင်းဖို့အတွက် မဖြစ် မနေတပ်ထားရမယ့် မျက်နှာ အကာအကွယ် ကို မတပ်ထားဘဲ လူနာ စမ်းသပ်စစ်ဆေး နေတဲ့ ပုံတွေ လူမှုကွန်ရက်မီဒီယာတွေမှာ တက်လာတဲ့အခါ ကူးစက်ရောဂါဆိုးတွေ ဘေးကြုံတိုင်း အဓိကကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဘာတွေ ပြင်ဆင်ထောက်ပံ့ပြီး ဘာတွေ အသိပညာ ပေးထားပြီးပြီလဲ ဆိုတာ တွေးစရာဖြစ်လာ ပါတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ SARS ရောဂါ ကာကွယ်ရေးအတွက် အဲသလို သွားစစ်ကြတဲ့ ကျွန်တော်တို့ ဆေးအဖွဲ့ တွေအနေနဲ့ အဲသည် SARS ရောဂါ တွေ့ရင် ကျွန်တော် ဘာဆက်လုပ်ရမှာလဲ လို့ အမေးကို ဆေးရုံအုပ်ကြီး ဖြေသလို ပါပဲ။ မင်းပါ ပြန်မလာနဲ့တော့လို့ ပြောရမှာ အမှန်ပါပဲ။

ပြီးတော့ Safety အတွက် ဆိုတာ ဟာ သံသယ အစစ်ဆေးခံသူ အတွက် သာမက လူနာအတွက်ရော၊ ကျန်းမာရေး စောင့်ရှောက်သူအတွက်ပါ ပါဝင်ပါတယ်။ ခရီးသွားနိုင်ငံခြားသူ တစ်ယောက်က သူ့ရဲ့ ပတ်စပို့စ်ကို စစ်ဆေးတဲ့ အရာရှိ က မျက်နှာဖုံးစွပ် Mask မပါပါဘဲ နှာတွေချေပြီး သူ့ ပတ်စပို့မှာ အဲသည် အရည်တွေ စင်လို့ ကျန်းမာရေးပညာ ပြန်ပေးခဲ့ပြီး မြန်မာအစိုးရနဲ့ ကျန်းမာရေး ဌာနအပေါ် အဲသည် ကျန်းမာရေး စောင့် ရှောက်မှု၊ ရောဂါကာကွယ်ရေး လုပ်ဆောင် မှုတွေအပေါ် မေးခွန်းထုတ်သွားတာဟာလည်း ရှက်စရာကောင်းလှပါတယ်။

ဇန်နဝါရီ ၂၅ မှာ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးရဲ့ လူမှုရေး ဝန်ကြီးကို အဲသည်ရောဂါနဲ့ ပတ်သက်လို့ လုပ်ဆောင် ချက်တွေကို မေးမြန်းခဲ့ပြီးတဲ့ နောက်နေ့မှာပဲ နယ်စပ်ဂိတ်တွေသာမက အဝေးပြေး ကားဝင်းတွေမှာပါ ကျန်းမာ ရေး စောင့်ကြည့်တဲ့အဖွဲ့တွေ တနင်္သာရီ တိုင်း တစ်တိုင်းလုံးရှိလာတာ အားရစရာ ဖြစ်ပါတယ်။ သို့သော် နိုင်ငံရဲ့ ကျယ်ပြန့် လှတဲ့ နယ်စပ်တွေတစ်လျှောက် တရားဝင် မဟုတ်တဲ့ ဝင်ပေါက် ပေါင်းများစွာက ဝင်နေထွက်နေကြသူတွေအပေါ် ဘယ်လို စောင့်ကြည့်ကြမလဲ ဆိုတဲ့ အမေးအတွက် လည်း အဖြေက ခက်ခဲဆဲပါ။

လားရှိုးကားပေါ်မှာ အကြောင်း မသိရဘဲ သေဆုံးတဲ့လူနာဟာ ရင်ခွဲ စစ်ဆေးချက်အရ အဲသည် ကိုရိုနာ ဝူဟန် ဗိုင်းရပ်ရောဂါကြောင့် မဟုတ်ပါလို့ ထုတ်ပြန်ကြေညာချက် လွယ်လွယ် ထွက် လာတာမျိုး၊ ဖျားနေတဲ့အတွက် ခိုးဝင် လမ်းကြောင်းက တစ်ဆင့်ရွှေလီက တရား မဝင် ပြန်လာတဲ့ လူနာ ကချင်က ရွာလေး တစ်ရွာမှာ သေတာမျိုးတွေမှာ သံသယ ဖြစ်ကြတဲ့သူတွေ သံသယ မဖြစ်ရလေ အောင် ကောလာဟလတွေကို အလျင်အမြန် အချိန်မီ ချေဖျက်ဖြေရှင်းပေးတာကလည်း အားရစရာ ကောင်းပေမယ့်လို့ အဲသည် လူနာကို အလျင်အမြန် မီးသင်္ဂြိုဟ်လိုက် တယ်လို့လည်း ဆိုကြပြန်ပါတယ်။

Serology test, Virology test တွေအတွက် ဘာမှ နမူနာ ချွဲသလိပ်မှ ယူမထား၊ သေချာစစ်ဆေး Confirmation မလုပ်ပါဘဲ အဖြေထုတ်နိုင်တယ်ဆိုတဲ့ မြန်မာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွင်းက ထူးခြားအံ့ဩဖွယ် မယုံနိုင်စရာ တိုးတက်မှု တွေကိုလည်း နိုင်ငံတကာက ယုံကြည်အောင်သာမက အများပြည်သူကပါ ယုံကြည်အောင် အတော် လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

ဘာပြောပြော ဝူဟန်ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံမှအပ ဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ဖြစ်နေ ကူးစက်ပြန့်နှံ့နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကလည်း အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံ တကာအဆင့် ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။

ကျွန်တော်တို့တွေအနေနဲ့လည်း အဲသည်ရောဂါကို ကာကွယ်နိုင်ဖို့ရာ ကိုယ်တိုင်ကစလို့ အားလုံး ပူးပေါင်း ပါဝင်ကြပါမှသာ အဲသည်ရောဂါ ကပ်အသွင် မကူးစက်အောင် ထိန်းချုပ်နိုင်မှာ ဖြစ်ပါ တယ်။

အတတ်နိုင်ဆုံးကတော့ ဘယ်သူတွေ ဘာလုပ်လာပေးလိမ့်မယ်လို့ အားကိုး မျှော်လင့်မနေပါဘဲ တစ်ကိုယ်ရေ သန့်ရှင်း ရေး ကစလို့ လုပ်နိုင်တာတွေ လုပ်ကြ တာကပဲ အကောင်းဆုံးဖြစ်မှာပါ။

၁။ လက်ကို ဆပ်ပြာဖြင့် မကြာမကြာ သန့်စင်အောင် ဆေးကြောပါ။

၂။ နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်း နှင့်ပါးစပ်ကို လုံခြုံအောင် အဝတ်နှင့် နှာခေါင်းစည်း သို့မဟုတ် တစ်ရှူးစ သို့မဟုတ် တံတောင်ဆစ်ကွေးကို အသုံး ပြုဖုံးအုပ်ပါ။ အထူးသဖြင့် ဘတ်စ်ကား စီးစဉ် အခြားသူများကို ရောဂါမကူးစက် စေရန် သတိပြုပါ။ အသုံးပြုပြီး တစ်ရှူးစ များကို စနစ်တကျ စွန့်ပစ်ပါ။ လက်ကို ဆပ်ပြာဖြင့် သေချာပြန်ဆေးပါ။

၃။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် တုပ်ကွေး ရောဂါ လက္ခဏာရှိသူများကို အနီးကပ် နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

၄။ တိရစ္ဆာန်အသား၊ ငါးများ၊ ဥများ ကို သေချာစွာ ကျက်အောင် စနစ်တကျ ချက်ပြုတ်စားသောက်ပါ။

၅။ တိရစ္ဆာန်များကို အကာအကွယ် မရှိဘဲ တိုက်ရိုက် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

၆။ မလိုလားအပ်ဘဲ လူနေထူထပ်ရာ ဒေသများကို သွားလာခြင်း၊ ခရီးသွားခြင်း မှ ရှောင်ကြဉ်ပါ။

အထက်ပါအချက်များကို လိုက်လည်း လိုက်နာ ကိုယ်တိုင်လည်းကျင့်သုံးရင်း ကမ္ဘာ့တုပ်ကွေးရောဂါ သတင်းများကို လည်း နေ့စဉ်မပြတ် လေ့လာ သတိထား ရင်း တုပ်ကွေးရောဂါကို ကာကွယ်ထိန်း ချုပ်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကူညီ ကြပါလို့သာ တိုက်တွန်းပါရစေလား။

ကိုရိုးဆေး