မြိတ်ငါးလေလံဈေးကိစ္စ အတိုင်ပင်ခံ လမ်းညွန်ချက်နှင့် လွဲနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြော

0
1545

မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး အမြန်ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန် ထားသော်လည်း ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ ငါးလုပ်ငန်းဦးစီး ဌာနက တလွဲဆောင်ရွက်နေကြောင်း ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခင်မျိုးဝင်းက ပြောဆို လိုက်သည်။

နေပြည်တော်တွင် ဇန်နဝါရီလ၂၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ၎င်း က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာငါး လေလံဈေးသည်အမေရိကန်ဒေါ်လာ သန်း၇၀ ရင်းနှီးမြှုပ်နှံမှုရှိခဲ့ပြီး မြေပြင် တွင်အမေရိကန်ဒေါ်လာ ၁၀သန်း ရင်းနှီး မြှုပ်နှံကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနလက်အောက် ရှိငါးလုပ်ငန်းဦးစီးဌာနနှင့် အကျိုးတူ ပူးပေါင်း၍ ၂၀၀၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့ သည်။

ယင်းနောက်၂၀၀၃ခုနှစ်တွင်လုပ်ငန်း ရပ်နားခဲ့ရသည်။ ထိုနောက်၂၀၁၆ခုနှစ် တွင်လုပ်ငန်းပြန်လည်ပတ်ရေး ပြန်လည် စိုင်းပြင်းခဲ့သော်လည်းပြင်သစ်နိုင်ငံမှ လွှဲပို့မည့်အမေရိကန်ဒေါ်လာသန်း ၂၀လွဲ ပြောင်းခွင့် ရရှိရေးအခက်အခဲကြုံနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး အမြန်ဆုံးပြန်ဖွင့်နိုင်ရေး ပြင်သစ်နိုင်ငံမှ လွှဲရန်အသင့်ရှိနေသည့်ဒေါ်လာသန်း၂၀ ရရှိရေးအားစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကူညီရမည် ဖြစ်သော်လည်းကူညီခြင်းမရှိဘဲ တလွဲ လုပ်နေကြောင်း ဦးခင်မျိုးဝင်းက ဆို သည်။

၂၀၁၉ စက်တင်ဘာ ၁၃ ရက်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင် စု အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ်များတွေ့ဆုံစဉ် မြိတ်ငါးလေလံ ဈေးနှင့်ပတ်သက်သည့် အခြေအနေအမှန် ကိုကိုယ်စားလှယ်များမှတင်ပြရာအမြန် ဆုံးနည်းဖြင့် ဆောင်ရွက်ပေးရန်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှုပေးခဲ့သည်။

သို့သော် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ခွင့်ပြုချက်မရဘဲ နောက် ကျမှရင်းနှီးမြှုပ်နှံလာသည့်ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ၏ငါးတင်ငါး ချဆိပ်ခံတံတားအားနောက်ကျမှတင်ပြ လာခြင်းကို ယင်းဌာနမှထောက်ခံပေး လိုက်ကြောင်း ဦးခင်မျိုးဝင်းက ဆိုသည်။

ထိုအခြေအနေကို ထောက်ရှုခြင်း အားဖြင့် နိုင်ငံတော်မှ ဖက်စပ်ဖြစ်သည့် စီမံကိန်းထက်ပုဂ္ဂလိကစီမံကိန်းကိုငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်ဦးစားပေး လုပ်ဆောင်နေသည်ကို စိစစ်တွေ့ရှိရ ကြောင်းဦးခင်မျိုးဝင်းက ဝေဖန်ပြောဆိုခဲ့သည်။

“ဖက်စပ်ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ တာဝန်ဝတ္တရားတွေကိုသိလျက်နဲ့ဥပက္ခာ ပြုထားကြတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ပြုလုပ်နေသည့်အတွက်အကျိုးအမြတ်မရရှိသည့်အပြင်နိုင်ငံ တော်အနေဖြင့်နေ့စဉ်မြန်မာကျပ်ငွေ သိန်း၃၀အတိုး နစ်နာနေကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်ဧပြီလမှစက်တင်ဘာလအထိ၆လစစ်ဆေးချက် အစီရင်ခံစာ ပထမတွဲအမှတ်စဉ် (၁၆/၂၀၁၉) အရ မြန်မာအစိုးရ ဝန်ကြီးဌာန၉ခုနှင့်ဖက်စပ် လုပ်ကိုင်နေသည့်ကုမ္ပဏီ ၄၀ ရှိသည်။

ငွေပစ္စည်း ရင်းနှီးမြှုပ်နှံထားမှုအပေါ် အကျိုးအမြတ် ခွဲဝေနိုင်မှုမရှိသေးခြင်း၊ နေ့စဉ်အရှုံးပေါ်နေ ခြင်း၊ စီးပွားဖြစ်မ ဆောင်ရွက်နိုင်သေးခြင်းစသည့် လုပ်ငန်းအောင်မြင်အောင် မဆောင်ရွက်နိုင် သည့် ကုမ္ပဏီ ၄၀ တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးလည်း အပါအဝင် ဖြစ် ကြောင်း ဦးခင်မျိုးဝင်းက ဝေဖန်သည်။

ကိုဆန်း