ကျွန်တော်တို့လည်း ဆွေးနွေးပြောပြချင်ပါတယ်။

0
777

အခုတလော တိုင်းအတွင်းက မြို့နယ်စည်ပင်ကော်မတီအသီးသီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် စိတ်ဝင်စားတဲ့ ပြည်သူတွေကို အစည်းအဝေးမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ဖိတ်စာတွေကို တွေ့နေရလို့ ကိုယ်တွေ ကလိန်အောင်က စည်^ကော်က ဘယ်အချိန်များ အစည်းအဝေးခေါ်မလဲဆိုတာ နားစွင့်နေမိပါတယ်။

ဒါပေမဲ့ တလောက မြို့ပြန်/ဆက်က ရေးထားတဲ့ သတင်းတစ်ပုဒ်ကတော့ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။

သတင်းအရ စည်ပင်သာယာရေးအဖွဲ့က အခု ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နဲ့ ကလိန်အောင်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၄) ခု လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ စုပေါင်းရုံးဝင်းထဲမှာ တံတားလေးနှစ်စီးဆောက်တာ၊ ဝန်ထမ်းအိမ်ရာမှာ အဝီစိတွင်းတူးတာ ပါနေတယ်။ ကျန်တာတွေကတော့ လမ်းသွယ်တွေကို ကွန်ကရစ်ခင်းတာ အများစု ဖြစ်ပါတယ်။

ကျွန်တော်အံ့ဩတာက ဒီလုပ်ငန်းတွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချရာမှာ မြို့ခံတွေရဲ့ အကြံပြုပါဝင်ခွင့်ကို အလေးမထားတာပါ။ သတင်းအရ လုပ်ငန်းတွေကို အကောင်အထည်ဖော်မယ်ဆိုပြီး ချပြ ရှင်းလင်းတဲ့ အစည်းအဝေးမှာ မြို့ထွေအုပ်၊ ဌာနဆိုင်ရာ၊ စည်ကော်နဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ပါတယ်လို့ပဲ ဆိုထားပါတယ်။ ပိုဆိုးတာက လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဦးစားပေးလျာထားဆောင်ရွက်မယ့် လုပ်ငန်းတွေကိုလည်း ချပြ ရှင်းလင်းခဲ့တယ်လို့ သတင်းမှာရေးထားပြန်ပါတယ်။

ဒီတော့ သည်လူတစ်စုကပဲ ဆုံးဖြတ်ချက်တွေ ချနေပါလားဆိုတာ သုံးသပ်မိတယ်။

ပြည်သူရဲ့အကြံပြုမှုကို ဘယ်လိုရယူနေလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ပြည်သူရဲ့ပါဝင်မှုမရှိဘဲလုပ်တဲ့ လုပ်ငန်းတွေဟာ အများပြည်သူအနေနဲ့ သံသယဖြစ်စရာတွေ များလှပါတယ်။ တစ်ုခုခု မဟုတ်မဟတ်လုပ်ထားထာရှိလား၊ အဂတိကင်းရဲ့လား၊ ကိုယ်ကျိုးစီးပွားကင်းရဲ့လား စသဖြင့် မျိုးစုံတွေးဆတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲလို မဖြစ်အောင်ဆိုရင် လူထုရဲ့ ပါဝင်မှုနဲ့ လူထုကို ပွင့်လင်းမြင်သာစွာ တင်ပြမှုက အင်မတန် အရေးကြီးပါတယ်။

သာဓကပြရမယ်ဆိုရင် မနှစ် ၂၀၁၉နှစ်ဆန်းမှာ စပြီး ကလိန်အောင်မှာ မြို့ပတ်လမ်း အသစ်တစ်ခု ဖောက်ပါတယ်။ အဲသည် လမ်းကို ဘယ်ဌာနက ဘတ်ဂျက်ဘယ်လောက်နဲ့ ဘယ်သူ့ကို လုပ်ငန်းအပ်နှံလုပ်ကိုင်စေခဲ့သလဲ အတိအကျ မသိပါဘူး။ အကြောင်းကတော့ လမ်းဖောက်နေတုန်းကနေအခုထိ လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက် ဆိုင်းဘုတ်တွေ မရှိလို့ပါပဲ။

ဒီနှစ်ဘတ်ဂျက်အရဆိုရင် မြို့ပတ်လမ်းမှာ တာဘောင်တွေဆောက်ဦးမယ် ဆိုပါတယ်။ ဒီလမ်းသစ်ဟာ မနှစ်က မြေဖို့ပြီး အပေါ်က သဲကျောက်ဖြူးထားရုံပါ။ လမ်းကြိတ်စက်တွေနဲ့ဖိထားတာ မဟုတ်ပါဘူး။ မနှစ်က ရေကြီးတဲ့ဒဏ်ကိုလည်း ခံထားရပါ သေးတယ်။ လမ်းရဲ့ ခံနိုင်ရည်နဲ့ပတ်သက်လို့လည်း စိုးရိမ်မိပါတယ်။

ပြောရရင် ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ သံသယတွေ၊ စိုးရိမ်မှုတွေ၊ ဆန္ဒတွေကို အစည်းအဝေးတွေမှာ တာဝန်ရှိသူတွေကို ပွင့်လင်းစွာ ဆွေးနွေးဖော်ထုတ်ချင်တာပါ။
ဆိုင်ရာ ဝန်ကြီးများနဲ့ အမတ်များခင်ဗျား။ ကလိန်အောင်ကို လာရင် ဌာနဆိုင်ရာက ခေါ်ပေးထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ချည်း ခန်းမထဲ တွေ့ပြီး အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး ပြန်မသွားပါနဲ့။ အောက်မှာဖြစ်နေတဲ့ ကိစ္စတွေကို ကြားသိအောင် အားထုတ်ပါ။ အခုတော့ ဒေသဖွံ့ဖြိုးရေးဘတ်ဂျက်ဆိုတာ ကျွန်တော်တို့ဒေသတွေအတွက်တော့ “မျောက်ပြဆန်တောင်း” လုပ်ခံနေရသလို ခံစားမိပါကြောင်း ပြောပါရစေခင်ဗျား။

ဒေသခံတစ်ဦး