အမှိုက်ခွဲပစ်ရေး ကျောင်းများတွင် ဆက်တိုက်ပညာပေးမည်

0
367

အမှိုက်အစို အခြောက်ခွဲပစ်နိုင်ရေး အတွက် မြိတ်မြို့ရှိ စာသင်ကျောင်းများတွင် ဆက်တိုက်ပညာပေးသွားမည် ဖြစ်ကြောင်း Clean & Green အဖွဲ့ထံ မှသိရသည်။

Clean & Green အဖွဲ့ အနေနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးကော် မတီအဖွဲ့၊ လောကအလင်းအဖွဲ့နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်မှစတင်နေပြီး တစ်နေ့လျှင် ကျောင်းနှစ်ကျောင်းနှုန်းဖြင့် ပညာပေးလျက်ရှိကြောင်း Clean & Green အဖွဲ့၏ ဥက္ကဋ္ဌ ဦးကောက်ရိုက်က ပြောကြားသည်။

“မြိတ်ဒေသရဲ့ အနာဂတ်လှပဖို့ လူကြီးတွေထက် လူငယ်တွေကိုပဲ အားကိုးပြီး လုပ်ရတော့မယ်”ဟု ဦးကောက်ရိုက်က ပြောသည်။

မြိတ်မြို့တွင်း၌ရှိသည့် ကျောင်းပေါင်းစုံတွင် ပညာပေးမှုများ ပြုလုပ်ပြီးသည့်နောက် ရပ်ကွက်များသို့လည်း သွားရောက်ကာ ပညာပေးဟောပြောသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အမှိုက်နှင့်ပတ်သက်၍ ပညာပေးမှု မပြုလုပ်မီက ကျောင်းသူကျောင်းသားများအနေနှင့် သာမန်မျှသာ သိရှိသော်လည်း ယခုအခါ ပိုမိုသိရှိလာသည့်အတွက် အကျိုးများစွာဖြစ်ထွန်းမည်ဟု ယုံကြည်ကြောင်း မြိတ်မြို့၊ အထက ၂ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြတ်မြတ်နွယ်က ပြောဆိုသည်။

“ကလေးတွေက တော်တော်လေး စိတ်ဝင်စားကြတယ်။ နောက်ဆိုရင် အမှိုက်ပုံးတွေ တစ်ခန်းမှာ နှစ်လုံးအထိထားသွားဖို့ လိုအပ်လာတာပေါ့”ဟု ၎င်းက ပြောသည်။

မြိတ် အထက ၂ တွင် လက်ရှိစာသင်ခန်း ၆၀ ရှိပြီး ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော်ရှိသည့်အတွက် အမှိုက်ပုံးများ လိုအပ်ချက်ရှိနေပြီး မည်သူမဆို လာရောက်လှူဒါန်းနိုင်ပါကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

Daewi Watch