ခေတ်ပြိုင်ဒဿနထဲက နိုင်ငံတော်ဒဏ္ဍာရီ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ခေတ်ပြိုင်ဒဿနဂန္ထဝင်
မောင်ကြည်သစ်
အဖြူရောင်ပဲ့တင်၊ ၂၀၁၈၊ ဇန်နဝါရီ
 ဒုတိယအကြိမ်

၁၉၉၀ နောက်ပိုင်းရေးခဲ့တဲ့ ဒဿန ဆိုင်ရာဆောင်းပါးတွေ။ ဒဿနပညာရှင်တွေရဲ့ ထင်ရှားတဲ့ စာအုပ်တွေကို မိတ်ဆက်ပေးတဲ့ ဆောင်းပါးတွေလို့လည်း ပြောလို့ ရတယ်။
အခု ဒုတိယအကြိမ်ထုတ်မှာ ပထမအကြိမ်ထုတ်တုန်းက စာပေစိစစ်ရေးကြောင့် အဖြုတ်ခံ လိုက်ရတဲ့ ဆောင်းပါး နှစ်ပုဒ် ပြန်ပါလာတယ်။ တစ်ပုဒ်က ကတ်ဆီယာ၏ နိုင်ငံတော်၏ဒဏ္ဍာရီတဲ့။ Ernst Cassiner ရဲ့ The Myth Of State အကြောင်း။

ကတ်ဆီယာရဲ့ မူရင်းကျမ်းကိုက ၁၉၄၆ ခုနစ်မှာ ထုတ်ထားတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေ၊ ဖက်ဆစ်တွေ ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုတွေအောက်က ယုတ္တိမတန်တဲ့ ဖြစ်ရပ် (Irrational Phenomena) တွေကို ရှင်းပြထားတာ။ ကျိုးကြောင်း ဆက်စပ်မှုမရှိတဲ့ ဒဏ္ဍာရီ ဆန်တဲ့ နိုင်ငံရေး အတွေးအခေါ် (Politic Mythical Thought)တွေ ဘယ်လို ဖြစ်ပေါ်လာသလဲပေါ့။

ကတ်ဆီယာရဲ့ အဆိုအရ “လူသားတွေရဲ့ အပြုအမူအကျင့် အကြံတွေကိုစိတ်လှုပ်ရှား ခံစားချက် (Emotion) က ဆင်ခြင်ဥာဏ် (Rational) ထက်ပိုပြီး အဆုံးအဖြတ် ပေးနိုင်တယ်လို့ ဆိုတယ်။”စိတ်လှုပ်ရှားစရာတစ်ခုခု ဖြစ်လာရင် ဘာကိုမှ အကျိုးသင့် အကြောင်းသင့် မစဉ်းစားတော့ဘဲ သူများပြောသမျှ လွယ် လွယ်ယုံပစ်လိုက်တဲ့ သဘောပေါ့။

ပထမကမ္ဘာစစ်ကြီး အပြီးမှာ နိုင်ငံတော်တော်များများ အကျပ်အတည်း ဖြစ်ကုန်ကြတယ်။ ဗြိတိန်တို့၊ အမေရိကန်တို့၊ ပြင်သစ်တို့လို နိုင်ငံတွေမှာတော့ သူတို့ ကြုံနေရတဲ့ ပြဿနာတွေကို ပုံမှန်နိုင်ငံ ရေးနည်းလမ်းသုံးပြီး ဖြေရှင်းလို့ အဆင်ပြေခဲ့တယ်။ ဂျာမနီ၊ အီတလီနဲ့ ဂျပန်လို နိုင်ငံတို့မှာတော့ သာမန်နိုင်ငံရေးဖြေရှင်း နည်းတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တော့ဘူး။

ဒီလို နိုင်ငံသူနိုင်ငံသားတွေရဲ့အထွေထွေမကျေနပ်မှုတွေကြောင့် အကျပ်အတည်းမျိုးစုံ ပေါ်လာတဲ့အခါ ဆင်ခြင်ကျိုးကြောင်း ဆက်စပ်မှုမရှိတဲ့ ယုံကြည်ချက်တွေ (Irrational Beliefs) တွေကနေတစ်ဆင့် ဒဏ္ဍာရီအတွေးအခေါ်တွေက အားကောင်း လာတယ်။ ဒဏ္ဍာရီ အတွေးအခေါ်တွေက ပြည်သူလူထုအကုန်လုံးရဲ့ ဖြစ်ချင်နေတဲ့ လိုအင်ဆန္ဒအစုအပေါင်း (Collective Desire) အကုန်လုံးကို ကိုယ်စားပြုတယ်။

လိုအင်မပြည့်၀တဲ့ လူအုပ်ကြီးက သူတို့ရဲ့ဆန္ဒတွေကို သာမန်နိုင်ငံရေး နည်းလမ်းတွေနဲ့ ပြေလည်အောင် မဖြေ ရှင်းနိုင်တဲ့အခါ ဒဏ္ဍာရီဆန်တဲ့ သူရဲကောင်း ခေါင်းဆောင်တွေကို မျှော်လာတယ်။

ဒီအချိန်မှာ လူတွေရဲ့ စိတ်ခံစားချက်ကို နားလည်တဲ့ နာဇီအာဏာရှင်တွေက လူအုပ်ကြီးရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မယ့် ခေါင်းဆောင်တွေ အဖြစ်နဲ့ နိုင်ငံရေး စင်မြင့်ပေါ်ကို ရောက်လာကြတယ်။

ဒီလိုလူမှုရေးအကျပ်အတည်းကာလ မှာ အာဏာရှင်တွေက ဘာမျှော်လင့်ချက်မှ မရှိတဲ့၊ အကျိုးအကြောင်း ဆက်စပ်မစဉ်းစား နိုင်တော့တဲ့ လူအုပ်ကြီးကို သူတို့ရဲ့ စိတ် ခံစားချက်တွေကို နှိုးဆွတယ်။ သူတို့ ဖြစ်ချင်နေတဲ့ လိုအင်ဆန္ဒအစုအပေါင်း တွေကို အသုံးချပြီး နိုင်ငံတော်ရဲ့ အာဏာကို မောင်ပိုင်စီးခဲ့တယ်လို့ ကတ်ဆီယာက ဆိုတယ်။

ဒီလိုဖြစ်သွားတာနဲ့ အရင်တုန်းက ရှိခဲ့တဲ့ ဥပဒေတွေ၊ ဖွဲ့စည်းပုံတွေက အကုန်မြောင်းထဲ ရောက်ကုန်ကြတယ်။ ခေါင်းဆောင်ဆိုသူရဲ့ အမိန့်အာဏာနဲ့ သူ့နှုတ်ကထွက်တဲ့ စကားကပဲ နိုင်ငံရဲ့ဥပဒေ ဖြစ်သွားတော့တယ်။

နာဇီတွေရဲ့ ဒဏ္ဍာရီနိုင်ငံရေးမှာ အရေးပါတဲ့ အချက်က လူထုကို စိတ်ကူးနဲ့ လွမ်းစေတယ်တဲ့။ အနာဂတ်ကာလ နိုင်ငံတော်က သူတို့ဦးဆောင်မှုမှာ ပြည့်စုံ ကြွယ်၀လာမယ်။ သုခဘုံလို ခံ့ညားထည်ဝါ လာလိမ့်မယ်လို့ မဖြစ်နိုင်တဲ့ ကတိတွေကို အထပ်ထပ်ပေးကြတယ်။

လူသားတွေရဲ့ စိတ်ကူးယဉ်တတ်တဲ့ သဘောတွေကို နာဇီအာဏာရှင်တွေက ကောင်းကောင်းနားလည်ကြတယ်။ များပြားလှတဲ့ လူအုပ်ကြီးကို ထိန်းချုပ် တဲ့နေရာမှာ စိတ်ကူးယဉ်စွမ်းအားရဲ့ ထိရောက်ပုံကို သူတို့ ကောင်းကောင်း နားလည်ကြတယ်။

အခက်အခဲ ပြဿနာမျိုးစုံကြောင့် အကျိုးသင့် အကြောင်းသင့် မဆင်ခြင်နိုင် တော့တဲ့ လူအုပ်ကြီးက ဒီလို ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတယ်။

ကိုယ်တောင် ထမင်းနပ်မမှန်တဲ့ကြားက ကိုယ့်နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာတော့ မယ်။ အချိန်တိုအတွင်းမှာပဲ တခြားနိုင်ငံတွေထက် ပိုပြီး ချမ်းသာကြွယ်၀လာမယ်လို့ လွယ်လွယ် ယုံပစ်လိုက်ကြတော့တယ်။

ဒါက ကတ်ဆီယာရဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ နိုင်ငံရေးဒဏ္ဍာရီဗေဒ (Mythology Of Politics) ဖြစ်ပါတယ်။

ဒီလို ဒဏ္ဍာရီ နိုင်ငံရေးအတွေးအခေါ် တွေက မကောင်းဆိုးဝါးဆန်တယ်။ လူထုရဲ့ အတွေးအခေါ်ဆင်ခြင်ဥာဏ် နုံ့နဲ လာတာနဲ့အမျှ ဒီလိုအတွေးအခေါ်တွေက ပြန်အားကောင်းလာလေ့ရှိတယ်။ အာဏာရှင် ဆိုသူတွေကလည်း ပြည်သူလူထုရဲ့ အတွေးအခေါ် အားနည်းလာအောင်၊ လက်တွေ့ကျကျ မစဉ်းစားနိုင်အောင် ဘက်ပေါင်းစုံကနေ ပိတ်ပင်တယ်။ နာဇီတွေတုန်းက အသိပညာပေးနိုင်တဲ့ စာအုပ် တွေကို စုပုံမီးရှို့ပွဲ (Book Burning) တွေ လုပ်ကြပါတယ်။

အတွေးအခေါ် ဒဿနတွေဆိုတာ လက်တွေ့ဘ၀နဲ့ ကင်းကွာနေတယ်လို့ ထင်ရပေမယ့် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့် နိုင်ငံတစ်ခုလုံးကို ခြုံကြည့်လိုက်တဲ့အခါ ဒီလိုမျိုး ဖြစ်စဉ်တွေအများကြီး တွေ့ဖူး၊ ကြုံဖူးတာမျိုးတွေ ရှိကြပါလိမ့်မယ်။ ပြန်ဆင်ခြင်ကြည့်လို့ ရပါတယ်။

ဆရာမောင်ကြည်သစ်ရဲ့ ဒီစာအုပ် ထဲမှာတော့ တော်စတွိုင်းရဲ့ အနုပညာ၊ ကမူးရဲ့ ခြားနားသူ၊ တော့ဖ်လာရဲ့ တတိယလှိုင်း၊ ဖူကူယားမားရဲ့ သမိုင်း၏နိဂုံးတို့လို ဆောင်းပါးတွေလည်း ပါဝင်ပါ သေးတယ်။

ဒဿနပညာသမိုင်းကို ရှေးဂရိဒဿန၊ အလယ်ခေတ်ဒဿန၊ ခေတ်သစ်မော်ဒန် ဒဿနနဲ့ မျက်မှောက်ခေတ်(ခေတ်ပြိုင်) ဒဿနဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဒဿန ပညာရှင်တွေကတော့ ခေတ်ပြိုင်ဒဿန (Contemporary Philosophy)အပိုင်းမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင်ဒဿနဂန္ထဝင်လို့ နာမည်ပေးထားပါ တယ်တဲ့။

မိုးရဲ