ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်အရေး ရတက်အေးကြရမလား

0
1018

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် မတိုင်မီလေးမှာပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် ကူးစက်ရောဂါ တစ်မျိုးရဲ့ သတင်းကို ကြားလာရပါတယ်။ တိတိပပ ဆိုရမယ် ဆိုရင်တော့ တရုတ်အလယ်ပိုင်း လူနေထူ ထပ်တဲ့ ဝူဟန်မြို့လေးမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်တစ်မျိုး လူကို ကူးစက်ပျံ့ ပွားနေပါတယ်လို့ တရုတ် ဆေးပညာရှင် တွေက ၂၀၂၀ ဇန်နဝါရီအစောပိုင်းမှာ စတင် သတိထား မိလာကြပါတယ်။

ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့အတွက် အဲသည် ဗိုင်းရပ်စ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ အမည်ပေးကြပါတယ်။ တရုတ်နိုင်ငံက စလို့ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်းနဲ့ အမေရိကန်နိုင်ငံတွေအထိ ကူးစက် မှုကို တွေ့ကြရပြီး ဖြစ်တယ်။ တစ်ကမ္ဘာ လုံးစာရင်းအရ လူသုံးရာနီးပါး ကူးစက် ခံခဲ့ကြရပြီး ခြောက်ယောက်တော့ သေဆုံး ခဲ့ရပါတယ်လို့ အစောပိုင်းထုတ်ပြန်ချက် တွေမှာ ဆိုတယ်။

ဝူဟန်ဗိုင်းရပ်စ် ဘာလဲ၊ ဘယ်လဲ။

ကိုရိုနာဗိုင်းရပ်မျိုးစိတ်ဝင် တစ်မျိုး ဖြစ်ပြီး အဲသည်ဗိုင်းရပ်စ်မျိုးစိတ်ဟာ အဓိကအားဖြင့်တော့ နို့တိုက်သတ္တဝါ တွေမှာ ကူးစက်ပြန့် ပွားတတ်ပါသတဲ့။ သို့ပေမယ့် လူကို ကူးစက်တာမျိုးက ရှားပါးပါတယ်လို့ ဆိုတယ်။ အဲသည်လို ရှားပါးတဲ့ မျိုးစိတ်တွေအနက် ခုနစ်မျိုးဟာ လူကို ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ အဲသည်မျိုးစိတ်တွေထဲက ကူးစက် ပြန့်ပွားပြီး ကမ္ဘာကို ခြိမ်းခြောက်ခဲ့ဖူးတဲ့ မျိုးစိတ်နှစ်မျိုးကတော့ ဆားစ်(SARs)လို့ သိကြတဲ့ ကူးစက်မြန်ပြင်းထန် နမိုးရီး ယား နဲ့ မားစ်(MARS) (Middle East Respiratory Syndrome Corona Virus ) လို့သိကြတဲ့ အရှေ့အလယ်ပိုင်း ကူးစက်မြန်ပြင်းထန်နမိုးရီးယားတို့ပါပဲ။

ကူးစက်မြန် ပြင်းထန် နမိုးရီးယား (SARs-Cov)

အဲသည်အနက်က ကမ္ဘာကို ကိုင်လှုပ် ခဲ့တဲ့ ကူးစက်မြန် ပြင်းထန် နမိုးရီးယားလို့ မြန်မာက သိကြတဲ့ Sဗျွှ-ဃသဠ ဗိုင်းရပ်စ် ဟာ ၂၀၀၂ နိုဝင်ဘာမှာ တရုတ်ပြည်ကပဲ ကမ္ဘာကို ပြန့်ပွားခဲ့တယ်။ ၂၀၀၂ ကနေ ၂၀၀၃ အတွင်း ရောဂါပိုး ကူးစက်ခံရသူ ၈၀၉၈ ဦးရှိခဲ့ပြီး ယင်းတို့အနက်မှ ၇၇၄ ဦး သေဆုံးခဲ့ရပါတယ်။ အဲသည်ကာလမှာ မြန်မာနိုင်ငံဘက်မှာလည်း လေဆိပ်တွေ သာမက ပင်လယ်ကူးသင်္ဘောတွေ၊ ရေ လုပ်ငန်းက အပြန်ဝင်လာကြတဲ့ ရေလုပ်သား တွေ စတာတွေကို မိမိတို့ နိုင်ငံအဝင်၊ မြို့အဝင်တွေမှာ အဲသည်ရောဂါ သံသယ လူနာတွေကို စောင့်ကြပ်ကြည့်ရှုပြီး ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ ကြရဖူးပါတယ်။

အမှတ်တရ ပြောပြရရင်တော့ အဲသည်ကာလမှာ စိတ်ချရတဲ့ N95 ဆိုတဲ့နှာခေါင်းစည်းမဟုတ်တဲ့ သာမန် နှာခေါင်းစည်း တစ်စုံ၊ လက်အိတ်တစ်စုံ၊ နားကို အပူချိန် တိုင်းတာရတဲ့ သာမို မီတာလေး တစ်ချောင်းနဲ့ လေဆိပ်မှာ ဖြစ်စေ၊ ပင်လယ်က စက်လှေ Check Point တွေမှာဖြစ်စေ ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေက ခရီးသည် တွေထဲမှာ သံသယလူနာတွေပါ မပါ စစ်ဆေးကြရပါတယ်။

တစ်နေ့ အဲသည်Check Point တာဝန်ကျတဲ့ ကျွန်တော်က ဆေးရုံအုပ် ကြီးကို မေးမိတယ်။
အကယ်၍ အဲသည် သံသယ လူနာ ကို တွေ့ပြီဆိုပါစို့။ ကျွန်တော် ဘာဆက် လုပ်ရမလဲဆိုတော့ မင်းပါ ပြန်မလာ နဲ့တော့တဲ့။

ဇက်ကလေး ပုသွားပေမဲ့လို့ အဲသည် စကားက အမှန်ပါပဲ။ ရောဂါ သံသယ လူနာကို တွေ့တာနဲ့ သူနဲ့ ထိတွေ့ကိုင် တွယ်ဖူးသူကိုပါ ရောဂါ ပိုးကူးစက်ပျံ့နှံ့ နိုင်တဲ့ အမြင့်ဆုံး ကြာမြင့်ချိန် ၁၄ရက် တိတိ သူ့ကိုပါ လူအများနဲ့ ခွဲခြားထား ရတော့မှာ ဖြစ်လို့ပါပဲ။ ဘာပြောပြော အဲသည်ကာလက ကျွန်တော်တို့တွေ မပြည့်မစုံတဲ့ ပစ္စည်းကိရိယာတွေနဲ့ပဲ အဲသည် ရောဂါကာကွယ်နှိမ်နှင်းရေး စောင့်ကြပ် ထောက်လှမ်းရေးတွေ လုပ်ခဲ့ ကြရတယ်။ ကံကောင်းစွာနဲ့ ၂၀၀၄မှာ ရောဂါ ကူးစက်မှုအသစ် ထပ်မတွေ့ကြရ ပါဘူး။

MARS CoV (Middle East Respiratory Syndrome Corona Virus ) အရှေ့အလယ်ပိုင်း ကူးစက်မြန် ပြင်းထန် နမိုးရီးယား။

၂၀၁၂ စက်တင်ဘာလမှာ အရှေ့ အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေ ဗီးယားနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ တဲ့ MARs Corona Virus ဟာလည်း ကမ္ဘာကို ကိုင်လှုပ်ခဲ့ပြီး အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေကတစ်ဆင့် ကမ္ဘာ့နိုင်ငံ ပေါင်း ဒါဇင်နဲ့ချီပြီး ကူးစက်ပြန့်ပွားခဲ့တယ်။

အဲသည်ရောဂါရဲ့ ရင်းမြစ်ကို ပြန်စစ်လိုက်တော့ ၂၀၁၂ ဧပြီလလောက် ကတည်းက ဂျော်ဒန်နိုင်ငံက တစ်ဆင့် ကူးစက်ခဲ့တာလို့ ပညာရှင်တွေက ဆိုတယ်။ ကူးစက်ခံရသူ ဆယ်ယောက်တိုင်းမှာ လေးဦးအထိ သေနှုန်းမြင့်မားခဲ့တဲ့ ဗိုင်းရပ်စ် ဖြစ်တယ်။ ၂၀၁၅မှာ ကိုရီးယားနိုင်ငံမှာ အဲသည်ဗိုင်းရပ်စ်ပိုးကူးစက်ခံရတာ တွေ့ရ ပါတယ်လို့ ဆိုတယ်။

2019 Noval Corona Virus (2019-N CoV )) လို့သိကြတဲ့ ဝူဟန် ဗိုင်းရပ်စ်။

၂၀၂၀ ဇန်နဝါရီလ ၉ ရက်မှာ တရုတ် ပညာရှင်တွေက အဲသည် တရုတ်ပြည် အလယ်ပိုင်း လူနေထူထပ်တဲ့ ဟူပေခရိုင် အတွင်းက ဝူဟန်မြို့မှာ ပြင်းထန် အဆုတ်ရောင်ရောဂါတစ်မျိုး ကပ်အသွင် ကူးစက်ပြန့်ပွားခဲ့ရာမှ ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာမှ တစ်ဆင့် အဲသည် ဝူဟန် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် တစ်မျိုးကူးစက်ပြန့်ပွားနေ တာ တွေ့ရကြောင်း ကြေညာခဲ့တယ်။ ရာပေါင်းများစွာသော ဝူဟန်မြို့က လူနာတွေမှာ အဲသည်ဗိုင်းရပ်စ် ကူးစက်ခံ ထားရတာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ ခရီးသွား လုပ်ငန်းကတစ်ဆင့် ကမ္ဘာအရပ် ရပ်ကို ပျံ့နှံ့နိုင်ကြောင်း ကြေညာခဲ့တယ်။ ၂၀၂၀ ဇန်နဝါရီလ ၂၁ရက်နေ့မှာ အမေရိ ကန်နိုင်ငံက သူ့နိုင်ငံအတွင်းမှာ အဲသည် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာကို ပထမဆုံးတွေ့ရှိကြောင်း ကြေညာတယ်။

အဲသည်နောက် ၂၀၂၀ ဇန်နဝါရီလ ၂၃ နေ့အထိ စာရင်းအရ ကူးစက်ခံရသူ ၅၄၈ဦးအထိရှိခဲ့ပြီး ၁၇ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။ သည့်နောက်မှာတော့ အဲသည် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ မှုကို ထိန်းချုပ်ဖို့ရာ နိုင်ငံတကာအဆင့် အထိ အလေးပေးထိန်းချုပ်နိုင်ဖို့ အမြင့်ဆုံး တပ်လှန့်ခဲ့ကြတယ်။ အခုဆိုရင် ဝူဟန် မြို့အတွင်းအပြင် အဝင်အထွက်ကိုပါ ကန့်သတ်ထိန်းချုပ်လိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဝူဟန် ကိုရိုနာဗိုင်းရပ် ဘယ်က စတင် ကူးစက်ပျံ့နှံ့လဲ။

ဆောင်းပါးရေးနေတဲ့ သည်နေ့အထိ အသေအချာ အဖြေမရသေးပါဘူး။ အချို့ က ရေထွက် အစားအစာတွေနဲ့ ဆက်စပ် မယ်လို့ ခန့်မှန်းကြတယ်။ အချို့က မြွေ တို့ လင်းနို့တို့ကို စားသောက်ကြရာက တစ်ဆင့် များသောအားဖြင့် တိရစ္ဆာန်တွေ မှာသာ ကူးစက်ပြန့်ပွားလေ့ရှိတဲ့ သည်ကို ရိုနာဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကတစ်ဆင့် လူကိုကူးစက်ခံရကာ အဲသည်ကတစ်ဆင့် လူအချင်းချင်း ထပ်မံကူးစက်ခံရတာ ဖြစ်တယ်လို့ ဆိုကြတယ်။ ယနေ့အခါ မှာတော့ အဲသည်ဗိုင်းရပ်စ်ဟာ မြန်မာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် အိမ်နီး နားချင်း နိုင်ငံတွေသာမက ဂျပန်၊ ကိုးရီးယားနဲ့ အမေရိကန်နိုင်ငံမှာပါ ကူးစက်ပြန့်ပွားသော လူနာတွေ တွေ့ရ ပါတယ်လို့ ဆိုတဲ့အတွက် မြန်မာနိုင်ငံ မှာလည်း သတိထားစောင့်ကြည့်ကြရမယ့် အခြေအနေမှာ ရှိပါတယ်။

ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ကုသရေး အဖြေ ရှိရဲ့လား။

အခြားဗိုင်းရပ်မျိုးစိတ်သစ်တွေလိုပါပဲ။ ထိရောက်တဲ့ တိကျသော ကုသမှု ပြုလုပ်နိုင်မယ့်ဆေး မရှိသေးသလို ကာကွယ်ဆေးလည်း မရှိသေးပါဘူးလို့ ဆိုတယ်။ အဲသည်ဗိုင်းရပ်စ်ကြောင့် ဖြစ်လာသော ရောဂါ လက္ခဏာတွေဖြစ်တဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာ တွေကိုသာ ကုသပေးနိုင်ပါတယ်။ အဲသည် ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ကာကွယ်နိုင်ဖို့ ကာကွယ်ဆေး လည်း မရှိသေးပါဘူး။ ကာကွယ်ရေး သာလျှင် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါသတဲ့။

ကူးစက်ခြင်းဟာ ကူးစက်ခံထားရပြီး ဖြစ်တဲ့ သူရဲ့ အသက်ရှူလမ်းကြောင်း ကတစ်ဆင့် ထွက်လာတဲ့ အညစ်အကြေး တွေကို ထိတွေ့ရာမှတစ်ဆင့် ကူးစက်တာ ဖြစ်တယ်။

ရောဂါ လက္ခဏာတွေကတော့
၁) ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်အထက် ဖျားမယ်။
၂) သလိပ်ထွက်မယ်။
၃) လည်ချောင်းနာ ချောင်းဆိုးမယ်။
၄) အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်မယ်။

ကာကွယ်ရေးအတွက် အဓိကကျတဲ့ အချက်တွေကတော့
၁) လူနေထူထပ်တဲ့နေရာတွေကို မလိုအပ်ဘဲမသွားကြပါနဲ့။
၂) သွားလျှင်လည်း နှာခေါင်းစည်း တွေနဲ့ သွားလာသင့်တယ်။
၃) မကြာမကြာ လက်ကို ဆေးကြော သင့်တယ်။
၄) အစားအစာတွေကိုလည်း သန့်ရှင်း စွာ ကိုင်တွယ်ပြီး ကျက်အောင် အသေအချာ ချက်ပြုတ်စားသုံး သင့်တယ်။
၅) နှာချေရင် လက်ကိုင်ပဝါနဲ့အုပ် ပြီးမှ ချေသင့်တယ်။
၆) အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ တအားပြင်းထန်ဆိုးရွားတဲ့ လူနာတွေ့ရပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွေမှာ ပြသစစ်ဆေးမှု ခံယူသင့်ပါတယ်။

ကျွန်တော်တို့ ယခင်အခါများမှာ ကူးစက်ရောဂါတစ်ခု ပျံ့နှံ့ရောက်ရှိဖို့ဆို ရင် ပင်လယ်ကူး သင်္ဘောကြီးတွေ တစ်ခါတစ်ခေါက် ဝင်ပါမှ ကူးစက်ရောဂါ ပါဝင်ရောက်ရှိ ပျံ့နှံ့နိုင်ချေရှိပေမယ့်လို့ သည်ဘက် တိုးတက်လာတဲ့ ကမ္ဘာရွာ ခေတ်မှာ ကမ္ဘာ့အရှေ့ခြမ်း အနောက်ခြမ်း နေ့ချင်းညချင်း လေယာဉ်တွေနဲ့ ဥဒဟို သွားလာကူးလူးလာတဲ့ အနေအထားမှာ ကူးစက်ရောဂါတစ်ခု ကမ္ဘာအနှံ့ပျံ့နှံ့ ရောက်ရှိဖို့ရာ နေ့မကူး ညမကူး ဆိုလျှင်ပဲ အချိန်ပိုင်းအတွင်း အလွယ်တကူ ရောက် ရှိလာနိုင်ချေရှိလာတာ ငြင်းမရပါဘူး။ ခုလို ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာ ချိန်တွေမှာ အဲသည်ရောဂါတွေ ကျွန်တော် တို့ဆီရောက်လာဖို့ အခွင့်အလမ်းဟာ ယခင်ကထက် အဆပေါင်းများစွာ ပိုလာပါတယ်။

သို့ပေမယ့် ကံကောင်းတာတစ်ချက် က ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အခွင့်သာ စေမယ့်မိုးတွင်း ဆောင်းတွင်းလို အေးမြ စွတ်စို ထိုင်းမှိုင်းတဲ့ရာသီဥတုမဟုတ်တာပဲ ဖြစ်ပါတယ်။ သို့သော် MARs corona Viruses သည် အပူပိုင်းဖြစ်တဲ့ အရှေ့ အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ ကူးစက် ပြန့်ပွားခဲ့တာဖြစ်လေတော့ အဲသည် သီအိုရီကိုလည်း အမှန်ယူလို့ မရပြန်ပါဘူး။

ယခု နောက်ဆုံး ဝူဟန်ရောဂါနဲ့ ပတ်သက်လို့ နိုင်ငံတကာအဆင့် ကာကွယ် ရေးတပ်လှန့်ချက် အနေနဲ့ကတော့ ကူးစက်ခံရချေရှိတဲ့ နိုင်ငံနဲ့ နေရာတွေကို မလိုအပ်ပါဘဲ ခရီးမသွားကြဖို့ ဆော်ဩ ထားတယ်လို့ သိရကြောင်းပါ။

ကိုရိုးဆေး