ယာဉ်တိုက်မှုထက်ဝက်ကျော် ဆိုင်ကယ်ကြောင့်

0
321

မွန်ပြည်နယ်အတွင်း ဖြစ်ပွားသော ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ၅၉ ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ကြောင်း အမှတ်(၁၂) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်)ထံမှ သိရသည်။

မော်တော်ဆိုင်ကယ်မောင်းနှင်သူအများစုသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာအားနည်းခြင်းနှင့် စည်းကမ်းမလိုက်နာ ခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားမှု ပိုများလာကြောင်း အထက်ပါရုံးမှ ဒုရဲမှူးထွန်းထွန်းက ပြောသည်။

“ဆိုင်ကယ်ဆိုတာက ကီလို ၄၀၊ ၅၀ လောက်ပဲမောင်းတာ အကောင်းဆုံးပါ။ ကိုယ့်ရှေ့မှာ တစ်ခုခုကို ရုတ်တရက် ဖြစ်လာရင် ဘရိတ်အုပ်နိုင်ဖို့ ခက်တယ်။ အခုတော့ အရှိန်နဲ့ မောင်းတယ်။ လမ်းပြည့် မောင်းတယ်။ မီးနီ ဖြတ်မောင်းတယ်။ ဦးထုပ်လည်း မဆောင်းဘူး။ နောက် မူးပြီး မောင်းတယ်။ လူပိုတင်မောင်းနေတာတွေ ကြောင့်ဖြစ်တယ်။ ယာဉ်စည်း ကမ်းနားမလည်တာ ယာဉ်စည်းကမ်း မလိုက်နာတာတွေကြောင့် ယာဉ်တိုက်မှု အဖြစ်များတယ်”ဟု ၎င်းက ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များသည် မြို့ပေါ်ထက် ကျေးလက်ဒေသများတွင် အဖြစ်များကြောင်း ဒုရဲမှူး ထွန်းထွန်းက ဆက်ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှုမရှိသော မော်တော်ယာဉ်များအား အရေးယူထား သည့်အမှု ၅၀၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်တွင် အရေးယူထားသည့်အမှုပေါင်း သောင်းချီ ရှိသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ ၁၄၆၈ ဦး၊ သေဆုံး ၃၄၆ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဒဏ်ရာရ ၁၃၉၆ ဦး၊ သေဆုံး ၃၀၈ ဦးရှိသည်ဟု အမှတ် (၁၂) ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (မွန်) ထံမှ သိရသည်။

Dawei Watch