ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

0
1159
#ကမ်းဝေးငါးဖမ်းလှေတစ်စီးအားတွေ့ရစဉ်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။

မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီ ကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။

ထိုဧရိယာအတွင်း ဇာဒက်ကြီး၊ သူရဲကောင်းကျွန်းအုပ်စု၊ ရွှေကျွန်း၊ ဂျလမ်းကျွန်း၊ ကျွန်းဖီလာ၊ ငမန်းကျွန်း၊ ငမုတ်ကျွန်း၊ လန်ပိကျွန်း၊ ကျွန်းမဲကြီး စသည့် ကမ်းဝေးလှေတို့ ငါးဖမ်းနေသည့် ကျွန်း အနီးရေပြင်များ ပါဝင်သည်။

ယင်းရေပြင်သည် ကော့သောင်းနှင့် မြိတ်ခရိုင်မှ ကမ်းဝေးငါးဖမ်းလှေတို့ ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်များ ဖြစ်သည်။

အထက်ပါ တားမြစ်ချက်ကို ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ငါးသယံဇာတ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟု သိရကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ ငါးဖမ်းလှေပိုင်ရှင်များ ရေလုပ်သားများကို ဇန်နဝါရီ ၂၃ ရက်က ကော့သောင်း ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးသို့ ခေါ်ယူရှင်းပြပြီးဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။

“အဲဒီအကွက်ထဲမှာ ရောက်နေတဲ့ မိမိပိုင် ငါးဖမ်းလှေတွေကိုလည်း အပြင်ဘက်ကို ပြန်ထွက်ပေးဖို့ပေါ့နော်။ အဲဒီ ဧရိယာထဲမှာ ငါးဖမ်းနေတာ ဖမ်းမိရင်တော့ စည်းပျက်ပေါ့နော်။ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေပုဒ်မ ၄၅ အရ ဖမ်းဆီးအရေးယူရမှာပေါ့”ဟု ဦးသန့်ဇင်က ပြောသည်။

တည်ဆဲ မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေ၏ ပုဒ်မ ၄၅ အရ ဖမ်းဆီးအရေးယူ ခံရပါက လှေနှင့်ဆက်စပ်ပစ္စည်းများအား ပြည်သူ့ဘဏ္ဍာအဖြင့် အသိမ်းခံရမည် ဖြစ်ပြီး ရေလုပ်သားတို့ကိုလည်း ထောင် ဒဏ် ၁ နှစ် ကျခံသည်အထိ အရေးယူနိုင်သည်။

ယခု ငါးဖမ်းခွင့်ပိတ်လိုက်သော နေရာသည် ကော့သောင်းအခြေစိုက် ရေလုပ်သားတို့ အဓိကမှီခို ငါးဖမ်းနေသည့် ငါးဖမ်းလုပ်ကွက်များဖြစ်ကြောင်း ကော့သောင်းအခြေစိုက် ငါးဖမ်းလှေ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ကော့သောင်းရေမှာ အတော်ပင်ပန်းကုန်ပြီ။ ဒါကို ပိတ်လိုက်တော့ ကော့သောင်းမှာ ငါးဖမ်းလို့ရတဲ့နေရာ မရှိတော့ပြီလေ။ ဒါဆို ကော့သောင်း ငါးလုပ်ငန်းအားလုံးရပ်ရမယ့် အနေအထား ဖြစ်သွားပြီ။ ကော့သောင်းရဲ့ စီးပွားရေးကို သတ်လိုက်သလိုပဲ” ဟု အထက်ပါ လှေလုပ်ငန်းရှင်က ပြောသည်။

ထို့အပြင် ယင်းရေပြင်မှာ နိုင်ငံခြားငါးခိုးဖမ်းလှေများ အစဉ်တစိုက် ငါးခိုးဖမ်းနေကျနေရာဖြစ်သည့်အတွက် မြန်မာနိုင်ငံသား ငါးဖမ်းလှေများ မရှိတော့လျှင် ငါးခိုးဖမ်းလှေများ ပိုမိုအတင့်ရဲစွာ ငါးခိုးဖမ်းကြလျှင် ပင်လယ်ပြင်ကို မည်သူစောင့်ကြည့်နိုင်မည်နည်းဟု အထက်ပါလုပ်ငန်းရှင်က မေးခွန်းထုတ်သည်။

“ခေါင်းစဉ်ကတော့ အကြီးကြီးပဲ၊ ဒို့သယံဇာတ ထိန်းမှရမယ်ဆိုပြီးတော့။ သူတို့ ဘယ်လောက်ထိန်းနိုင်မှာလဲ”ဟု ၎င်းက မေးခွန်းထုတ်သည်။

ယင်းငါးဖမ်းကွက်ကွက် ပိတ်လိုက် ခြင်းကြောင့် မြိတ်ကမ်းဝေးငါးဖမ်းလှေ များအတွက်လည်း ထိခိုက်မှုစေကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောသည်။

“ငါးဖမ်းကွက် ကျဉ်းသွားတော့ (ထိခိုက်မှု) ရှိနိုင်တာပေါ့။ ငါးဖမ်းကွက် နည်းသွားပြီဆိုတော့ ဥပမာ ငါးဖမ်းကွက် ၁၀ ကွက်တွင် ၁၀ စီး ဖမ်းနေတာကို ငါးဖမ်းကွက် ၆ ကွက်မှာ ဆယ်စီး ဖမ်းရ မယ်ဆိုတော့ ပိုကြပ်သွားတာပေါ့နော်။ ဒါပေမယ့် သူတို့(အစိုးရ)က လိုအပ်လို့ ပိတ်တာကို ဘာလုပ်လို့ ရမှာလဲ”ဟု ဦးစမ်းမောင်က ပြောသည်။

ယင်းသို့ ပိတ်လိုက်ခြင်းမှာ နှစ်အကန့်အသတ်မဲ့ ဖြစ်သည်။

ယခင် ၁၉၉၉ ခုနှစ်က ၁၁ ဒီဂရီ အောက် ပင်လယ်ပြင်တွင် ငါးမဖမ်းရဟု ပိတ်ထားခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်တွင် ပြန် ဖမ်းခွင့်ပြုရာမှ ယခုအချိန်တွင် အထက်ပါ ဧရိယာအတိုင်း ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ကော့သောင်းခရိုင်ငါးလုပ် ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန် ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

ကော့သောင်းဒေသခံရေလုပ်ငန်းလုပ်ကိုင်သူတို့က နိုင်ငံတော်သမ္မတကို စာတင်ခြင်း၊ လိုအပ်ပါက ဆန္ဒပြခြင်းတို့ လုပ်ဆောင်ရန် စီစဉ်နေကြကြောင်း အထက်ပါ ကော့သောင်းအခြေစိုက် ငါးလုပ်ငန်းရှင်က ပြောသည်။

Dawei Watch