ကျူးရင့် ဧယင်

0
1721
ဧယင်ကျူးနေပုံ
ဘုန်းကြီးပျံတစ်ခုတွင် ဧယင်ကျူးနေပုံ

“တပည့်တော်မတို့မှာ ရင်ကွဲရပြီပေါ့ အမလေး ဆရာတော်ဘုရားရေ…”

အသံချဲ့စက်မှ ထိုအသံကြားလိုက်ရ လျှင် ဘုန်းကြီးပျံမှန်း လူတိုင်းသိကြသည်။

ဘုန်းကြီးပျံတွင် လူတကာတို့ ပျားပန်းခပ် သွားလာလှုပ်ရှားနေချိန်တွင် သူတို့က မိုက်ကိုကိုင်ကာ လွမ်းလွမ်းဆွေးဆွေး သီကျူးငိုယိုကြသည်။

ပျံလွန်ပြီးသော ဘုန်းတော်ကြီး၏ ရုပ်ကလာပ်ကဲ့သို့ ဆင်ယင်ထားသော ပုခက်ကိုလွှဲကာ ဖွဲ့နွဲ့ငိုယိုကြသည်။

တစ်ခါတစ်ရံ မျက်ရည်ကလေးစမ်းစမ်း စမ်းစမ်းဖြင့် ငိုကာ ဆရာတော်ဘုရား၏ ဘုန်းတော်ဘွဲ့များ ကျူးရင့်သည်။

“ဆရာတော်ရဲ့ တရားဟောသံတွေ တပည့်တော်မ နားထဲ ပဲ့တင်ထပ်နေတုန်း၊ ဆရာတော် တရားဟောမနိုင်ပြီလော။ တပည့်တော်ရင်ကွဲမတတ် ခံစားနေရ တယ်ဘုရား”

တစ်ခါတစ်ရံ ကျမျက်ရည် ဟန်ပါပါသုတ်ကာ ဆရာတော်ကို ရပ်ရွာအတွက်၊ ဒေသအတွက် မည်မျှအားကိုးရကြောင်း၊ ဆရာတော်က တပည့်သားမြေးများကို မည်မျှသနားချစ်ခင်တတ်ကြောင်း ကွန့်မြူးသည်။

“တပည့်တော်မတို့ကို ထားခဲ့ပြီလား ဆရာတော်ဘုရားရေ…” ဟူသော အချ ပိုဒ်တွင်ဆိုကာ ရင်ဘတ်စည်တီး ငိုချ လိုက်လေသည်။

သူတို့သည် ဘုန်ကြီးပျံတွင် ဧယင်ကျူးသူများ ဖြစ်ပါသည်။

သူတို့အလုပ်က အဝတ်သစ်များ ဝတ်ကာ ငိုရ ကရသည့်အလုပ် ဖြစ်သည်။

ပျံလွန်တော်မူပြီးသည့် ဆရာတော့် ဂုဏ်ကျေးဇူးကို စည်းချက်ကျကျ တေးသီဖွဲ့နွဲ့ပူဇော်ကာ ငိုရသည့်အလုပ်၊ ပုခက် လွှဲရသည့်အလုပ်၊ အကဖြင့် ဖျော်ဖြေရ သည့်အလုပ် ဖြစ်သည်။

ဘုန်းကြီးပျံတိုင်းတွင် ဧယင်ကျူးသူ တို့က မပါမဖြစ်။

“ကျန်ရစ်တဲ့ ဒကာ၊ ဒကာမတွေက နေပြီးတော့ ဝမ်းနည်ပူဆွေးငိုကြွေးပြီး တော့ တမ်းတတဲ့ တမ်းချင်းအနေနဲ့ သီဆို တယ်ပေါ့နော်။ ဆရာတော် ပျံတော်မူ တယ်ဆိုရင် အများအားဖြင့်ကတော့ ဒကာ၊ ဒကာမတွေကတော့ များသော အားဖြင့်တော့ ဝမ်းနည်းကြတယ်လေ။ အဲလိုဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ဧယင်ကျူးကြတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်နေ ဦးကျော်သောင်းက ပြောသည်။

ဦးကျော်သောင်းက ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မီးသဂြိုလ်ခဲ့သည့် ထားဝယ်မြို့ တလိုင်းမကုန်းကျောင်း ဆရာတော် ဦးဝိဥာဏ ဈာပနအခမ်းအနား ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ယူ ခဲ့သူ ဖြစ်သည်။

ဦးဝိဥာဏ ဈာပနတွင် ဧယင်ကျူး ရန် အရပ်ထဲမှ အပျိုမလေး ၁၆ ဦးခန့်ကို ခေါ်ကာ အကတိုက်၊ ငိုချင်းတိုက်ရသည်။ ဆရာတစ်ဦးကို ပင့်ဖိတ်ကာ အကသင် ခိုင်းရသည်။ သီချင်းစပ်ခိုင်းရသည်။

ထားဝယ် စော်၀ရွာမှ ကိုယ်တိုင် ဧယင်ကျူး၊ အကသင်၊ သီချင်းစပ်ပေးနေ သည့် ဦးမောင်မောင်စိုးကမူ အလောင်းပိုက်၊ အပူတိုက်၊ ငိုချင်းတို့ကို ရေးစပ်ပေး ရကြောင်း ပြောသည်။

“တချို့ အရပ်သူတွေ တကယ်ကို ဆိုနိုင်တယ်။ ငိုချင်းအပိုဒ်က ဒီကလေးမ ရမယ်။ အသံကောင်းမယ်။ အရည်အချင်း ရှိမယ်ဆိုရင် ငိုချင်းအပိုဒ် သီချင်းရေးပေး ရတယ်။ အလောင်းပိုက်မှာဆိုရင် အမျိုး သမီးကိုယ်တိုင် မိုက်နဲ့ အလောင်းပိုက် တယ်။ ငိုချင်းပေါ့နော်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

ဧယင်ကျူးအဖွဲ့က စုစုပေါင်း ၁၆ ယောက်။ တစ်ဖွဲ့တွင် ၈ ယောက်ခွဲကာ ‌တေးထပ်များဖြင့် ပုခက်လွှဲလျှင် ၈ ယောက်က ၈ ယောက်လွှဲ၊ တစ်ဆိုင်းဝင် တစ်ဆိုင်းထွက်။ အချို့ရွာများတွင် အမျိုး သမီးကြီးများပါ ဝင်ကလိုက်သေးသည်။

အချို့ရွာဘုန်ကြီးပျံများတွင် ဧယင် ကျူးအဖွဲ့က တစ်ဖွဲ့တည်း မဟုတ်ပါ။

ရွာနီးစပ်မှ ဧယင်ကျူးအဖွဲ့များ ရောက်လာကာ မြိုင်မြိုင်ဆိုင်ဆိုင် အလှည့်ကျ ဧယင်ကျူးကြသည်။

“သူ့အရပ်နဲ့ သူ့ဇာတ် လှလှပပ ပြင်ပြီးတော့ပေါ့။ သီချင်းဆိုပြီး ဘယ်ရွာက ဆရာတော်ကို ကန်တော့ကြောင်း သူ့ရွာငါ့ရွာ အပြိုင်အဆိုင် လွမ်းကြတာပေါ့။ အဲဒီအချိန်ဆို လူနှစ်ယောက်က ကြိုးနှစ်ချောင်းနဲ့ ပုခက်ကို ဟန်ပြတွန်း ပေးရတယ်။ ည ၁၂ နာရီအထိပဲ” ဟု မြိတ်မြို့မှ အသက် ၇၂ နှစ်ရှိ ဦးအင်ရှိန်က ပြောသည်။

အချို့ရွာများကမူ ကျွမ်းကျင်အဆင့် ဧယင်ကျူးမင်းသမီးများကို ငှားရမ်းကာ စည်ကားစွာ ငိုပွဲဆင်ကြသေးသည်။

ငှားထားသည့် မင်းသမီးက ဆရာတော်ကို ယခင်က သိသိ/မသိသိ ငိုချင်းချပေရော့။

“ငှားထားကြတဲ့ မင်းသားမင်းသမီး တွေကလည်း ဆရာတော်ကို လွမ်းပြီး မျက်ရည်ကျ ငိုချင်းချရတာပေါ့”ဟု ဦးအင်ရှိန်က ပြောသည်။

ထိုသို့ ဧယင်ကျူးမင်းသမီးများ ငှားရမ်းရာတွင် ငွေကြေးအကုန်အကျက သိန်းဆယ်ဂဏန်းမှ သိန်းတစ်ရာအထိ ရှိနေကြောင်း ဈာပနအခမ်းအနားကျင်းပ ရေးကော်မတီဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးသူ ဦးကျော်သောင်းက ပြောသည်။

“ဧယင်ကျူးအတွက်ကတော့ အနည်းဆုံး မကုန်ရင်တော့ သိန်းနှစ်ဆယ် လောက်ကုန်တယ်။ ခမ်းခမ်းနားနား လုပ်မယ်ဆိုရင်တော့ အနည်းဆုံး သိန်း တစ်ရာလောက် လိုတယ်”ဟု ဦးကျော် သောင်းက ပြောသည်။

မသပြေ၊ ဝါဝါရွှေ စသည့် မင်းသမီးများက ဧယင်ကျူးရာတွင် နာမည်ကျော် ပြီး အလောင်းပိုက်ငိုရန် ၎င်းတို့ကို သီးသန့် ငှားလေ့ရှိကြောင်း၊ တစ်ကြိမ်ငှားလျှင် သိန်း ၂၀ မှ သိန်း ၃၀ အထိပေးရ ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုးတို့အဖွဲ့ကို ဧယင် ကျူးလျှင် ၁၅ သိန်း။

မည်သို့ဆိုစေ ဘုန်ကြီးပျံတိုင်းတွင် ဧယင်ကျူးသမားတို့က မပါမဖြစ်။

ဘုန်းကြီးပျံတွင် ရွာသူရွာသားများ က သူ့အလုပ်နှင့်သူ။ ဆရာတော်ဘုရား အတွက် လာမငိုအား။

သို့ကြောင့် ဧယင်ကျူးသူများက မရှိမဖြစ်။ ဧယင်ကျူးမင်းသမီးများကလည်း လာငှားက အငှားလိုက်ငိုရန် အသင့်။

“ဘုရားတောင်မှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကို တပည့်တော်ဖြေသိမ့် ပေးတဲ့အပြင် ဘာမှမတတ်နိုင်ပါဘူး ဆိုပြီး ဆရာတော်အား ပူဇော်ခြင်း ရှိခိုးခြင်းနဲ့ အန္တိမအလွမ်းနဲ့ပဲ သီချင်းဖွဲ့ဆို နိဂုံးချုပ်တယ်ဟု အငှားဧယင်ကျူးသူ ဦးမောင်မောင်စိုးက ဆိုလေသည်။

တနင်္သာရီသတင်းအဖွဲ့