အဂတိပြိုင်ပွဲဝင်မယ် ၊ ဆုရအောင် လုပ်မယ်

0
1664

“ဖေဖေ သားတို့ အဂတိပြိုင်ပွဲဝင် ရမယ်။ ဆုရအောင် လုပ်မယ်”တဲ့။

မြတ်စွာဘုရား။

အငယ်ဆုံးသားဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသားလေး ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတော့ အကြီးအကျယ် အံ့ဩသွားမိတယ်။

အခုချိန်မှာ တာဝန်ရှိလူကြီးမင်း အချို့က အဂတိလို့ အသံကြားလိုက်တာနဲ့ ကြက်သီးမွှေးညင်းထနေချိန်မှာ ဒီကလေး က အဂတိကို ပြိုင်ပွဲတောင်ဝင်ပြိုင်ဦးမယ် ဆိုတော့ ကျွန်တော့်အနေနဲ့ မအံ့ဩဘဲ မနေနိုင်ပါ။

ကလေးကို သေချာပြန်မေးကြည့် တော့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် တေးသရုပ်ဖော်ပြိုင်ပွဲ ဝင်ပြိုင်ရမယ်ဆိုတာ သိလိုက်ရတယ်။

မြို့နယ်အဆင့်အတွက် ကျောင်းပေါင်း စုံ(ကျောင်းအားလုံးတော့မပါ) ပြိုင်ပွဲကို အရင်ပြိုင်ရတော့ ဆုရပြီး တိုင်းအဆင့်ကို ဆက်ပြိုင်ရတယ်။ တိုင်းအဆင့်မှာလည်း မြို့နယ်အချို့လာပြိုင်ကြပြီး သားအငယ် ဆုံးကောင်လေး ပါတဲ့အဖွဲ့က ဆု ထပ်ရတယ်။

ဆုကတော့ မိုးကာအင်္ကျီတစ်ထည် ဒါမှမဟုတ် ကျောပိုးအိတ်တစ်လုံးစီ ဆုချီးမြှင့်ခံရ တာပေါ့။
ဆိုတော့ အဂတိပြိုင်ပွဲဝင်လို့ ဆု ရလာတဲ့ သားဖြစ်သူကို အဂတိလိုက်စားမှု ဆိုတာကို ဘယ်လိုနားလည်ထားလဲလို့ မေးဖြစ်ပါတယ်။ ကလေးဖြေလိုက်တဲ့ အဖြေကို ကြားလိုက်ရတော့ ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွားရတဲ့အထိ ပါပဲ။

“အဂတိဆိုတာ ကရတာတဲ့”

သေချာပြီ။ ကလေးတွေကို သေချာ မရှင်းပြထားဘူး။ ဒါမှမဟုတ် ကလေး တွေကို နားလည်အောင်ထိ ရှင်းမပြထား ဘူး။ ဆိုတော့ မေးစရာရှိလာတာက လူကြီးတွေကိုယ်တိုင်ကရော “အဂတိ လိုက်စားမှု”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ရဲ့လား။

ကျွန်တော့် လူမှုဝန်းကျင်က လူတွေ ကို တတ်နိုင်သမျှတီးခေါက်ကြည့်တော့ အဂတိလိုက်စားမှုဆိုတာ အတင်းအဓမ္မ ငွေတောင်းတာတဲ့။

တချို့ဆိုရင် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကို မခေါ်တတ်တဲ့ ဌာနဆိုင်ရာ အရာရှိအချို့ကိုတောင် တွေ့ ဖူးပါရဲ့။

သူတို့ခေါ်တာက “အဂတိလိုက်စားမှု အဖွဲ့”တဲ့။

အရာရှိကြီးအချို့တောင် ကော်မရှင် ရဲ့အခေါ်အဝေါ်ကို တိတိကျကျ မခေါ် တတ်သေးတဲ့အချိန်မှာ ကလေးတွေ၊ ပြည်သူတွေက အဂတိဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တိတိကျကျ မသိတာ ယုတ္တိ တော့ တန်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ကလေးတွေကို ပြိုင်ပွဲတွေ လုပ်ပေးနေတာ ကောင်းပါတယ်။ ဒါပေမယ့် တကယ်အကျိုးရှိဖို့ တကယ် ထိထိရောက်ရောက်ဖြစ်ဖို့ကျ တော့ အများကြီး ပြင်ဆင်ကြိုးစားပြီး စနစ်တကျလုပ်ဖို့ လိုမယ် ထင်တယ်။

အထိမ်းအမှတ်နေ့ အခမ်းအနားတွေ လုပ်သလို တစ်ဖက်မှာလည်း အဂတိ လိုက်စားမှုဆိုတာ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုလဲ။ ဘယ်အချက်တွေကတော့ဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်တယ်လို့ သတ်မှတ်နိုင်လဲ။ တကယ်လို့ အဂတိ လိုက်စားနေတယ်လို့ သံသယရှိရင် ဘယ်လို ပုံစံနဲ့ ဘယ်ကိုတိုင်ရမယ် အစရှိသဖြင့် ပြည်သူတွေအကြား ကျယ်ကျယ်ပြန့်ပြန့် သိဖို့ အသိပညာပေးရင် ကော်မရှင်ရဲ့ အဓိကရည်မှန်းချက်ကို ပိုပြီး အထောက် အကူမပြုနိုင်ဘူးလား။

တစ်ဖက်မှာလည်း ပြည်သူတွေ ဘက်က ရှင်းရှင်းလင်းလင်း သိလာတော့ အဂတိလိုက်စားမှုကို ကြိုတင်ကာကွယ်ပြီး သား ဖြစ်သွားနိုင်သလို တစ်ဖက်မှာလည်း မှားယွင်းတိုင်ကြားမိတာတွေ လျော့နည်း လာနိုင်မယ်လို့ ယူဆပါတယ်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ကတော့ အဂတိလိုက်စား မှု တားဆီးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေ လုပ်နေ တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ၁၀ လတာ ကာလအတွင်း ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းသားတွေ၊ ဌာနဆိုင်ရာတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကို ဟောပြောပွဲ ၂၂ ကြိမ် လုပ်ထားတယ်လို့ သိရပါတယ်။
ဒီ့အပြင် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းတွေကို နေပြည်တော်၊ မန္တလေးမြို့နဲ့ အခြားမြို့တွေမှာ တက္ကသိုလ် ကျောင်းသားတွေကို ဖွင့်လှစ်ပို့ချပေးနေ တယ်လို့ ဆိုတယ်။

အဂတိလိုက်စားမှု တားဆီးကာကွယ် ရေးအတွက် စာတမ်းဖတ်ပွဲတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကို တိုင်းနဲ့ ပြည်နယ်အချို့ မှာ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။

ဒါပေမယ့် သေချာတာတစ်ခုက တနင်္သာရီတိုင်းမှာတော့ တစ်ကြိမ်တစ်ခါ မှ လုပ်ဆောင်ခဲ့တယ်လို့ မကြားရပါ။

တနင်္သာရီတိုင်းကနေ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင် ကြားစာပေးပို့မှု အရေအတွက်နည်း ပေမယ့် သမိုင်းတွင်စေမယ့် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာ လဲ့လဲ့မော်ကိုတောင် တိုင်ကြားတဲ့အထိ လက်သံပြောင်ခဲ့ကြတာပါ။

ဒီလိုတိုင်တာကလည်း တိုင်းအတွင်း နေ ပြည်သူအနည်းစုကပဲ တိုင်ကြားခဲ့ တာဖြစ်ပြီး ကျေးလက်ဒေသနေ ပြည်သူ အများစုကတော့ အဂတိဆိုတာ ချိုနဲ့လား လို့ ပြန်မေးမယ့်အထိ အလှမ်းဝေးနေဆဲပါ။

တနင်္သာရီတိုင်းဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်ထိတွေ့နေတာရယ်၊ ပင်လယ်ကျွန်းတွေ၊ တောတောင်တွေ ပေါများတာရယ် စတဲ့ အခြေခံအချက်တွေက အဂတိတရားကျူးလွန်ချင်သူ တွေရဲ့ စားကျက်ဖြစ်ခဲ့၊ ဖြစ်ဆဲအခြေအနေ လို့ ပြောနိုင်ပါတယ်။

အဂတိတရားကင်းစင်ပြီး သာယာ နေပျော်တဲ့ တိုင်းဒေသကြီးဖြစ်အောင် ဖော်ဆောင်တဲ့နေရာမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို မေ့ထားလို့ မရပါဘူး။

မြန်မာ့လူမှုအဖွဲ့အစည်းမှာတော့ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိဆိုပြီး အဂတိတရား ၄ ပါးရှိ တယ်လို့ ကျယ်ပြန့်စွာ လက်ခံထားကြပါတယ်။

ဒါပေမယ့် အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေမှာတော့ အဂတိမှုမြောက် စေနိုင်တဲ့ အချင်းအကြောင်းအရာတွေကို တိတိပပ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ထားတဲ့ ဥပဒေမှာ အဂတိလိုက်စား မှုဆိုတဲ့ အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

အဂတိလိုက်စားမှုဆိုသည်မှာ မည်သူ မဆိုရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံ တစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေ နှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန် သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေ နှင့်အညီ ရထိုက်သော အခွင့်အရေးကို ပေးရန် သို့မဟုတ် ဥပဒေနှင့်အညီရထိုက် သော အခွင့်အရေးကို မမှန်မကန်ပိတ်ပင် ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦး တစ်ယောက်အားပေးခြင်း၊ ပေးရန်အား ထုတ်ခြင်း သို့မဟုတ် တစ်ဦးတစ်ယောက် ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်းဟု အဂတိဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

ဒါ့အပြင် မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာ ကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်း စဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘော တူစာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင် ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော် ၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းလို့ အဂတိ ဥပဒေမှာ ဖော်ပြထားပါတယ်။

ဥပဒေဖော်ပြချက်အရ တရားမဝင် ငွေကြေးတောင်းခံမှ အဂတိမြောက်ခြင်း မဟုတ်ဘဲ တာဝန်ရှိသူတို့ စီမံခန့်ခွဲမှုလွဲမှား ခြင်းကြောင့် နိုင်ငံပိုင် ငွေကြေး၊ ပစ္စည်း ထိခိုက်နစ်နာ ဆုံးရှုံးပါကလည်း အဂတိ မြောက်နေပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုအလို့ငှာ အဖိုးစားနား၊ ထိုက်သင့်သည့်တန်ဖိုးမပေး ဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်းပြု သော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရား မဝင်သော အခြားအကျိုးခံစားခွင့်များ လည်း ပါဝင်သည်လို့ အဂတိဥပဒေမှာ ဖော်ပြထားပါတယ်။

အဂတိမြောက်ကြောင်းတရားတွေ ကိုသာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် မသိဘူးဆိုရင် ကိုယ်တိုင်ကျူးလွန်လို့ ကျူးလွန်နေမှန်းမသိ၊ အခြားသူကျူးလွန် လို့လည်း တိုင်ရကောင်းမှန်းမသိဘဲ ဖြစ်နေမှာ စိုးရိမ်မိပါတယ်။

ဒီလိုအဂတိလိုက်စားမှုကို အောက် ခြေပြည်သူအများစုက ရှင်းရှင်းလင်းလင်း မသိဘူးဆိုရင် ငါးတန်းကျောင်းသားလေး လိုပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုတာ “တေးသရုပ်ဖော်အက” လို့ထင်နေ ကြမှာ စိုးရိမ်မိပါတယ်။

ကိုဇော်