အလွယ်ဆုံး နိုင်ငံတည်ဆောက်ရေး

0
609
editorial

ဆင်းရဲသော၊ နိုင်ငံတကာ၏ အပယ်ခံဖြစ်နေသော နိုင်ငံအဖြစ်မှ ရုန်းထွက် လာသည့် မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင် များစွာ အသုံးများသော စကားရပ်တစ်ခုမှာ နိုင်ငံတည်ဆောက်ရေး ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ အင်စတီးကျူးရှင်း ခိုင်မာရေး စသည့် ဖွံ့ဖြိုးရေး အညွှန်းကိန်း အများစုတွင် မြန်မာနိုင်ငံ၏ အဆင့်မှာ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမြဲတမ်း လိုလိုပင် အောက်ဆုံးတွင် တည်ရှိနေတတ်သည်။

ထိုကြောင့်ပင် မြန်မာနိုင်ငံ တည်ဆောက်ရေးကို ပညာရှင်များ၊ အစိုးရများ အပါအဝင် သာမန်နိုင်ငံသူ နိုင်ငံသားတို့ကလည်း စိတ်ဝင်တစား ပူပန်မေးခွန်း ထုတ်တတ်ကြသည်။

နိုင်ငံတည်ဆောက်ရေးဆိုသည်ကို အချို့က နိုင်ငံရေး ကိစ္စအဖြစ်မြင်သည်။ အချို့က နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ စီးပွားရေး တည်ဆောက်ရေး အဖြစ်လည်း ဖွင့်ဆိုကြသည်။ အချို့ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးအဖြစ်လည်း မြင်သည်။

အချို့သော ပြုပြင်ပြောင်းလဲရေး ကိစ္စများမှာ ဆင်စွယ်နန်းမှ အာဏာ လက်ကိုင်ရှိသူများသာ ဖော်ဆောင်နိုင်သော ကိစ္စရပ်များဖြစ်နေသည်။ ထိုကြောင့် သာမန်နိုင်ငံသူ နိုင်ငံသားများ အနေနှင့် နိုင်ငံတည်ဆောက်ရေးသည် အာဏာလက်ကိုင် ရှိသူများသာ လုပ်နိုင်သော၊ စွမ်းဆောင်နိုင်သော အလုပ်အဖြစ်မြင်တတ်ကြသည်။

ယင်းမှာလည်း တစ်စိတ်တစ်ပိုင်း မှန်ပါသည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံသူ နိုင်ငံသား အားလုံး တစ်ပြေးညီ ပါဝင်နိုင်သော နိုင်ငံတည်ဆောက်ရေး ကိစ္စ တစ်ခုရှိသည်။ ယင်းမှာ ကိုယ့်ကိုယ်ကို တည်ဆောက်ခြင်း ဖြစ်သည်။ နိုင်ငံ တစ်ခုတွင် အသေးဆုံးယူနစ်မှာ နိုင်ငံသူ၊ နိုင်ငံသားများဖြစ်ရာ နိုင်ငံသူ နိုင်ငံသား တစ်ဦးချင်းစီက ကိုယ်တိုင် စီးပွားတိုးလာစေရန် ဆောင်ရွက်ခြင်း၊ ပညာဉာဏ် မြင့်မားလာစေရန် စွမ်းဆောင်ခြင်း၊ ကျန်းမာစေရန် နေထိုင်ပြုမူခြင်း တို့ဖြင့် မိမိတို့၏ ကိုယ်စိတ်နှစ်ပါးတိုးတက်ရေး အစဉ်တစိုက် အားထုတ်ခြင်းသည်လည်း နိုင်ငံတည်ဆောက်ရေး ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် အစိုးရ သော်လည်းကောင်း၊ လွှတ်တော်သော် လည်းကောင်း အာဏာဆင်စွယ်နန်းထက်မှ ပုဂ္ဂိုလ်များကို စောင့်နေစရာ မလိုဘဲ မိမိကိုယ်ကိုယ်ကို တည်ဆောက်ခြင်းဖြင့်လည်း နိုင်ငံတည်ဆောက်ရေးတွင် တစ်တပ် တစ်အားပါဝင်နိုင်ပါကြောင်း ပြောလိုရင်းဖြစ်သည်။ ယင်းမှာ ကိုယ်တိုင်စနိုင်သော အလွယ်ဆုံး နိုင်ငံတည်ဆောက်ရေး ဖြစ်သည်။

အယ်ဒီတာ (ဇန်နဝါရီ ၁၈၊ ၂၀၂၀)