တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအချို့တွင် ကလေးကာကွယ် ဆေးထိုးရန် ညှိနှိုင်း

0
721

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ရှိသော နေရာများတွင် ကလေးငယ်များကို ကာကွယ် ဆေးထိုးရန် ညှိနှိုင်းနေကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်ထိန်း ချုပ်နယ်မြေအချို့နှင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲသည့် နေရာများ၊ ရွှေ့ ပြောင်းလုပ်သားများရှိနေသည့် နေရာများ တွင် ကလေးငယ် ၁၈၀၀ ခန့် ကာကွယ် ဆေးမတိုက်ကျွေးနိုင်သေးကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေးဦးစီး ဌာနထံမှ သိရသည်။

ထိုကြောင့် တိုင်းအတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင်ထိန်းချုပ်နယ် မြေများ တွင် ကလေးငယ် ကာကွယ်ဆေးထိုးရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။

“ဒါကတော့ အဓိကစိန်ခေါ်မှုပေါ့၊ တခြားစိန်ခေါ်မှုအနေနဲ့ ပြောမယ်ဆိုရင် တော့ လမ်းပန်းဆက်သွယ်ရေး အခက် အခဲပေါ့” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

တိုင်းအတွင်း လက်ရှိတွင် ကလေး ဦးရေ သုံးသောင်းခန့်ကို ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးနေကြောင်း ပြည်သူ့ ကျန်းမာ/ကုသရေး ဦးစီးဌာန ထံမှ သိရသည်။

အသက် တစ်နှစ်အောက် ကလေးများကို ရောဂါ ၁၁ မျိုးကာကွယ်နိုင်သည့် ကာကွယ်ဆေးအမျိုးအစားပေါင်း ၈ မျိုး ကို တိုက်ကျွေးထိုးနှံပေးလျက်ရှိသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖြစ်သည့် ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် ကာကွယ်ဆေး တိုက်ကျွေးရန် KNU ၏ ကရင်ကျန်းမာ ရေးနှင့် ကယ်ဆယ်ရေးဌာန(Karen Department of Health and Welfare-KDHW) နှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ် မြေရှိ ကျေးရွာ ၉ ရွာတွင်လည်း ကာကွယ် ဆေးထိုးနိုင်ရန် ချိတ်ဆက်ဆောင်ရွက် နေကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

ယင်းအချက်များအပြင် ပင်လယ် အတွင်း ကျွန်းများပေါ်ရှိ ကျေးရွာများနှင့် တောင်ပေါ်ဒေသများတွင် သွားလာရေး ခက်ခဲခြင်း အစရှိသည့် အချက်များ ကလည်း ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရန် စိန်ခေါ်မှုဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ရော်ဘာခြံ၊ ဆီအုန်းခြံ၊ လမ်းခင်းလုပ်ငန်း၊ အုတ်ဖိုလုပ်ငန်း အစရှိသည့် လုပ်ငန်းများတွင်လုပ်ကိုင် နေသည့် ရွှေ့ပြောင်းလုပ်သားများတွင်လည်း ကာကွယ်ဆေးထိုးရန် ခက်ခဲမှု ရှိကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

ကာကွယ်ဆေးထိုးလုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းရရှိစေရန် တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများ ကို ဇန်နဝါရီလ ၁၄ ရက်က အသိပေး ရှင်းလင်းပွဲအား ထားဝယ်မြို့တွင် ကျင်းပ ခဲ့သည်။

ကျန်းမာရေးဌာနအနေနှင့် ကလေးငယ် ကာကွယ်ဆေး ၈ မျိုးအပြင် ပြင်းထန်ဝမ်းပျက်/ ဝမ်းလျောရောဂါနှင့် အပျိုဖော်ဝင်စ အရွယ်များကို သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်နေကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

Dawei Watch