ထားဝယ်ခရိုင်ရှိ ကျောင်းသား သုံးသောင်းကျော်ကို ကျောင်းသုံးပစ္စည်း လှူဒါန်း

0
837

ထားဝယ်ခရိုင်အတွင်းရှိ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော်ကို တရုတ်အခြေစိုက် အဖွဲ့အစည်း တစ်ခုက လွယ်အိတ်နှင့် ကျောင်းသုံးစာရေး ကိရိယာများ လာရောက်လှူဒါန်းခဲ့သည်။

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (China Foundation for Poverty Alleviation Myanmar Office (CFPA))က လာရောက် လှူဒါန်းခြင်းဖြစ်ပြီး KG မှ စတုတ္ထတန်း အထိ ကျောင်းသားကျောင်းသူများကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဖောင်ဒေးရှင်းမှ စီမံကိန်း အရာရှိ ဦးပြည့်ဖြိုးကျော်က ရှင်းပြသည်။

လက်ရှိတွင် သရက်ချောင်းမြို့နယ်၊ ထားဝယ် မြို့နယ်များတွင် လှူဒါန်းခဲ့ပြီးဖြစ်ပြီး ဇန်နဝါရီလ တတိယအပတ်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံး မြို့နယ်တွင် အပြီးသတ်လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင် လေးမြို့နယ်တွင် ပထမဆုံးအကြိမ် လာရောက် လှူဒါန်းခြင်းဖြစ်ပြီး လွယ်အိတ်နှင့် ကျောင်းသုံး စာရေး ကိရိယာများသည် ကလေးများအတွက် များစွာအထောက် အကူဖြစ်သည်ဟု ထားဝယ်မြို့နယ် ဒုတိယပညာရေးမှူး ဦးကြည်ရှိန်က ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသူကျောင်းသားများကို လွယ်အိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခြင်းကို မသိရှိရကြောင်း သရက်ချောင်း မြို့နယ် သရက်နှစ်ခွကျေးရွာမှ စတုတ္ထတန်း ကျောင်းသား၏ မိခင်ဖြစ်သူက ပြောသည်။

“ကျောင်းအကုန်လုံးကို လှူတယ်ဆိုရင် ကျွန်မတို့ ကလေးတွေလည်း ရမှာပေါ့။ ခုထိတော့ ဘာမှ ပြောသံ မကြားဘူး” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ကျောပိုးအိတ်အတွင်း၌ ပန်းချီဆွဲ စာအုပ်၊ ပေတံ၊ ခဲတံ၊ ခဲဖျက်၊ ရောင်စုံ ခဲတံ၊ အပူခံထမင်းဗူး၊ ပုံဆွဲစာအုပ်၊ ဆေးခဲတံ၊ တြိဂံလေးထောင့်အတုံးများ ဖြင့် ပြုလုပ်ထားသော ဥာဏ်ရည်ဥာဏ်သွေး မြှင့် ကစားစရာ၊ သိုးမွှေးရုပ်ပန်ဒါ ဝက်ဝံကစားစရာ စသဖြင့် အမျိုးအစား ၁၈ မျိုးခန့်ပါဝင်ပြီး ၁၀၅ ခု ခန့်ပါဝင် သည်ဟု CFPA ထံမှ သိရသည်။

ယင်း ပစ္စည်းများကို ထားဝယ်ခရိုင် အတွင်းရှိ ကျောင်းပေါင်း ၄၀၄ ကျောင်းကို လှူဒါန်းသွားမည် ဖြစ်ကြောင်း ဦးပြည့်ဖြိုးကျော်က ဆိုသည်။

မိုးမြင့်