လုံခြုံဘေးကင်းသော စာသင်ကျောင်းအတွက် လမ်းညွှန်စာအုပ်ထုတ်ပြန်

0
679

အခြေခံပညာကျောင်းများကို လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင် ကျောင်းဆောင်လုပ်ရာတွင် လုပ်ဆောင်ရ မည့် လမ်းညွှန်စာအုပ်ကို ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၅ ရက် က မိတ်ဆက်ထုတ်ပြန်ခဲ့သည်။

လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူများ ရုပ်ပိုင်းဆိုင်ရာအား ဖြင့်ဘေးကင်းပြီး စိတ်ပိုင်းဆိုင်ရာအား ဖြင့် လုံခြုံစိတ်ချရအောင် ဖန်တီးဆောက် လုပ်ထားသည့် စာသင်ကျောင်းများကို ဆိုလိုကြောင်း လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။

KG မှ တစ်ဆယ်နှစ်တန်း ပညာရေး သင်ရိုးအသစ်ကို ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသည်။

ယင်းသင်ရိုးသစ်နှင့် ကိုက်ညီသည့် ကျောင်းဆောင်များလိုအပ်ချက်ရှိလာ သည့်အပြင် ကျောင်းသားဦးရေပါ တိုးလာနေသည့်အတွက်ကြောင့် ယင်းကျောင်း များကို ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ် ကြောင်း လေ့လာဆန်းစစ်အကဲဖြတ်ရေး အဖွဲ့ သုတေသနတာဝန်ခံ ဦးခင်အောင် က ပြောသည်။

တနင်္သာရီတိုင်းတွင်လည်း အခြေခံ ပညာ ဦးစီးဌာနက နောက်ထပ်ဆောက် မည့် အဆောက်အအုံများ၊ ပြုပြင်မည့် အဆောက်အအုံများကို လမ်းညွှန်စာအုပ် ပါအတိုင်း ဆောက်လုပ်မည်ဖြစ်ကြောင်း ဦးခင်အောင်က ပြောသည်။

ကျောင်းဆောင် ဆောက်လုပ်ရန် အဆိုပြုပါက လုပ်ဆောင်ရမည့် ယင်း လမ်းညွှန်စာအုပ်ပါ အချက်များကိုလည်း တိုင်းအတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာများကို ဆက်လက်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းလမ်းညွှန်စာအုပ်ကို အခြေခံ ပညာဦးစီးဌာနနှင့် ဆွစ်ဇာလန်အစိုးရအဖွဲ့ (Swiss Agency foe Development and Cooperation = SDC) တို့က ပူးပေါင်းရေးဆွဲ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ စံပြကျောင်းဆောက် မည်ဆိုပါက လက်ရှိ အခြေခံပညာ ဦးစီး ဌာနက အသုံးပြုနေသည့် ရန်ပုံငွေ ထက် ပိုမိုကုန်ကျလာနိုင်ကြောင်း ဆွစ်ဇာလန် သံရုံးမှ အကြီးတန်းစီမံကိန်း ညှိနှိုင်းရေးမှုး ဒေါ်ဂျင်မီစိုးက ပြောသည်။

“စံပြကျောင်းဖြစ်ဖို့ဆိုရင် ဘေးအန္တရာယ် ကလည်း ကာကွယ်နိုင်ပြီးသား ဖြစ်ရမယ်။ ကလေးတွေပျော်ဖို့ သင်ကြားရေး ပတ်ဝန်းကျင်ကို ပြောင်းလဲရမှာပေါ့”ဟု ဒေါ်ဂျင်မီစိုးက ပြောသည်။

ဆွစ်ဇာလန်အစိုးရမှလည်း တစ်နိုင်ငံ လုံးတွင် အဆိုပါစံပြ စာသင်ကျောင်းကို တစ်နှစ်လျှင် နှစ်ကျောင်းနှုန်းဖြင့် ဆောက် လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းလမ်းညွှန်စာအုပ်တွင် စာသင်ကျောင်းဆောက်ရာတွင် လုပ်ဆောင်ရမည့် အချက်များကို အသေးစိတ်ထည့်သွင်း ရေးသားထားသည်။

ကျော်သူစိုး