အရက်သောက်မျက်နှာနီဝေဒနာ

0
1349

“မင့်မှာလည်း အရက်ဝင်တာနဲ့ မျက်နှာက နီပြီး ရုပ်ကပျက်ပြီ။”

“ယောက်ျားလေးဖြစ်ပြီး လစ်မစ် နည်းလှချည်လား။”

“များများသောက်နိုင်အောင် ကျင့်ထားဖို့လိုတယ်ကွ။”

“ဒီပုံအနေအထားနဲ့ဆို ကားမောင်း လို့ဖြစ်သေးရဲ့လား။”
စသဖြင့် ဆယ်စုနှစ်ကျော် ယမကာ ဝိုင်းမှာ အခါခွင့်သင့်လို့ ဆုံလိုက်တိုင်း ကြားနေရသော သနားဖွယ်စကားများ သံသယမျက်လုံး၊ အထင်သေး အကြည့် ကို ကြုံရဖန်များလာတော့ အရက်မသောက် နိုင်တာ ကိုယ့်အပြစ် မဟုတ်ဘူး၊ မျိုးရိုး ကိုက သောက်ဖို့အကြောင်းမပါလာတာ ဆိုတာ ကိုယ်လိုဘ၀တူတွေအတွက် ရှင်းပြ ပေးဖို့ လိုလာသည်။

Asian Flush Syndrome (သို့ မဟုတ်) အရက်သောက်မျက်နှာနီဝေဒနာ ဟာ အာရှမှာတော့ များချက်ပဲ။ သက်သေ အချက်အလက်တွေအရတော့ တရုတ်၊ ကိုရီးယား၊ ဂျပန် လူမျိုး ၃၀ ရာခိုင်နှုန်းက နေ ၅၀ ရာခိုင်နှုန်းလောက်မှာ Asian Flush Syndrome (အရက်နှင့်ဓာတ်မတည့် ခြင်း) ဖြစ်သည်။ တချို့က ချစ်စနိုးနဲ့ Asian Glow လို့ခေါ်ကြသည်။ မြန်မာ လိုဆိုရင်တော့ မျက်နှာနီအာရှသားလို့ ပြောရမလား မသိ။

ဘာကြောင့်ဖြစ်၊ ဘယ်လိုဖြစ်

ပုံမှန် အရက်သောက်လိုက်ရင် လူ့ အသည်းမှာ အရက်ချေဖျက်တဲ့ အင်ဇိုင်း က အရက်ကို ချေဖျက်ပြီး ဆီးထဲ ပါသွား စေသည်။ ဒီလို Asian Flush Syndrome (အရက်သောက်မျက်နှာနီဝေဒနာ) ရှိသူတွေ မှာတော့ အဲဒီအင်ဇိုင်း မရှိတာ သို့မဟုတ် ပုံမှန်ထက် ပမာဏ နည်းနေတာကြောင့် အရက်ကို မချေနိုင်။ ဒီတော့ အဆိပ်ဓာတ်တွေက သွေးကြောထဲရောက်၊ ခန္ဓာကိုယ် အနှံ့ အရက်ရဲ့သက်ရောက်မှုတွေပေါ်လာတာပဲ ဖြစ်သည်။

မျက်နှာတွေနီ၊ ကိုယ်မှာ ယားယံ၊ ခေါင်းကိုက် စသဖြင့်။

ဒီရောဂါဟာ ကုလို့ရလားဆိုတော့ မရပါဘူး။ အရက်သောက်နိုင်အောင် ကျင့်လို့ကောရလားဆိုတော့ မရပါဘူး။ ဗီဇမှာကိုက ပြဿနာ ဖြစ်နေတော့ ကျင့် လည်း မထူးပါဘူး။ ကိုယ်တွေ့။ ငယ်ငယ် တည်းက အရက်သောက်နိုင်အောင် ကျင့်ကြည့်သည်။

အသက်သာကြီးသွားတယ်၊ မထူးဘူး။ ဗိုက်ပူတာသာ အဖတ်တင်မယ်။ အရက်တစ်ခွက်သောက်လိုက်တိုင်း မျက်နှာ ကြီးနီလာတာတော့ ပျောက်သွားနိုင်စရာ အကြောင်းမရှိ။

မျက်နှာအနီခံပြီးသောက်ရင် ဘာဖြစ်လဲ

ကိုယ်တွေလို မြှောက်ပေးတိုင်း ကတတ်တဲ့သူတွေကတော့ မျက်နှာနီလည်း ဘာထူးတုန်း၊ အမှောင်ထဲ သောက်ကြ မယ်ဆိုပြီး ပေတေ သောက်ကြသူတွေ ဒုနဲ့ဒေး။ အဲဒီမှာပြဿနာက အရက်ကို မချေနိုင်လို့ ထွက်လာတဲ့ အဆိပ်ဓာတ်တွေ ကိုယ်မှာရှိတဲ့ DNA (မျိုးဗီဇ) တွေကို ပျက်စီးစေသည်။ ဒါကြောင့် Asian Glow ရှိတဲ့သူအရက်သောက်လျှင် အစာမျိုပြွန် ကင်ဆာလိုမျိုးဖြစ်နိုင်ချိန် သာမန်လူထက် ၈ ဆပိုများသည်။ မျက်နှာနီတာရဲ့ နောက်ကွယ်မှာ ကင်ဆာက တုတ်ဖြင့် စောင့်နေသည်။

ယာယီဖြေရှင်းနည်းများ

ယာယီ အနေနဲ့ဆိုရင်တော့ အချို့က စီထရင်းလို Anti-histamine ကြိုသောက် တတ်ကြသည်။ အရမ်းကြီးတော့ မထိ ရောက်။ သွေးကြောကျယ်တာကို ကာကွယ် တဲ့ လိမ်းဆေးတစ်မျိုးတော့ စမ်းသပ် အဆင့်ပဲ ရှိသေး။ ယူကေမှာတုန်းကတော့ Sunset Pill ဆိုတဲ့နာမည်နဲ့ဆေး တွေ့ဖူးတယ်။ အင်ဇိုင်း ပြန်ဖြည့်ပေးတာဆိုတော့ ထိရောက်နိုင်သယောင်၊ ဒါပေမယ့် ဈေးကြီး။ တစ်ဘူး (အလုံး ၆၀)ကို ဒေါ်လာ ၆၀ ရှိ တယ်။ တစ်ခါသောက် ၃-၄ လုံးသောက် ရတယ်ဆိုတော့ တွက်ခြေမကိုက်။

အနှစ်ချုပ်

ဒါကြောင့် Asian Glow ရှိတဲ့ ဘ၀တူတွေကို ပြောချင်တာက ဒီဘ၀မှာ တော့ လျှော့သောက်ကြပါ။ မ သောက်ခင် အစာစားတာတို့၊ ရောသောက်တာတို့ လုပ်ပါ။ မိတ်ဆွေ အပေါင်းအသင်းတွေက တိုက်မယ် ပြုစုမယ်ပြောတိုင်း လောဘကို တရားသဘောနဲ့ထိန်းပါ။ ကင်ဆာဖြစ် လည်းမကြောက်ဘူး၊ မျက်နှာနီလည်း မမှု ဘူးဆိုရင်တော့ ကိုယ့်ထိုက် ကိုယ့်ကံပဲ။

Asian Glow သူငယ်ချင်း ရှိတဲ့ သူတွေကို ပြောချင်တာတော့ သောက်နိုင် အောင်ဆိုပြီး ကိုယ့်ဘော်ဒါကို အတင်း အရက်သောက်ကျင့်ခိုင်း မနေပါနဲ့။ ဘယ် လောက်သောက်သောက် ပျောက်မှာ မဟုတ်ဘူး။ မွေးရာပါအားနည်းချက်လေး ကို ခွင့်လွှတ်ပေးကြပါ။

ဒေါက်တာ စိုးသက်ပိုင်

Ref;

https://en.wikipedia.org/wiki/Alcohol_flush_reaction

https://www.health_change.sg/…/food-tips/asian-flush-alcoho

https://www.huffpost.com/…/asian-flush-asian-glow-drinking

https://clinicaltrials.gov/ct2/show/NCT03497442