အညတရဆရာဝန်တစ်ယောက်၏ အမှတ်တရ ဒိုင်ယာရီရက်စွဲများ

0
3455

၂၀၀၂၊ မေ ၂၃(သောကြာနေ့)၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အလုပ်သင် ဆရာဝန်ဘ၀၊ ကလေးကုသဆောင်။

“သည်ကနေ့၊ ကလေးဆောင် အောက်ထပ် Admission Day (ဆေး ရုံတက် လူနာသစ် လက်ခံကုသသောနေ့) တစ်နေကုန် ကလေးလူနာတွေ ရှုပ်ယှက် ခတ်၊ မွေးကင်းစကလေး တစ်ယောက် ဆေးသွင်းရန် သွေးကြောရှာမရ၊ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုရဲထွဋ်ဦးနှင့် တစ်ယောက်တစ်လှည့် သွေးကြော ရှာပေးကြရ၊ ခက်ခက်ခဲခဲ ထိုးမှရ၊ ပျော်စရာ။ တက်နေသော ကလေး လူနာ နှစ်ယောက်၊ အဆုတ်ပိုးဝင် ရင်ကြပ်ကလေးလူနာ ခြောက်ယောက်၊ သွေးလွန်တုပ်ကွေးလူနာ ရှစ်ယောက် တက်။ တစ်ညလုံး သွေးလန့်နေသော စိုးရိမ်ရသည့် သွေးလွန် တုပ်ကွေး ကလေးလူနာ နှစ်ယောက် ဘေးမှာ မအိပ်ရဘဲ ဆယ့်ငါးမိနစ်တစ်ကြိမ် သွေး ပေါင်ချိန်တိုင်း၊ သွေးခုန်နှုန်းစမ်း၊ သွေး ဖောက်ရင်း မိုးစင်စင်လင်း၊ အသေ အပျောက်မရှိ။ ပျော်စရာ၊ မနက်ဂျူတီက ထွက်တာနှင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပို့ လူနာပို့ရင်း မြို့ထဲပြန်၊ ပင်ပန်းသမျှအိပ်။”

သည်စာမူကိုရေးချိန်မှာ သည် ဒိုင်ယာရီစာမျက်နှာသည် ဝါကျင့်ကျင့်၊ ကျောင်းပြီးကာစ အလုပ်သင် ဆရာဝန် ပေါက်စလေးတစ်ယောက်အဖြစ် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးရဲ့ ကလေး ကုသဆောင်က နေ့ရက်တွေကို ပြန်လို့ အမှတ်ရမိ။ အလုပ်သင်အဖြစ် တစ်နှစ်တာ ဝန်ထမ်း ပြီးသည့်တိုင် အဲသည်ဆေးရုံက မခွာဘဲ လုပ်အားပေးအနေဖြင့် ခြောက်လ နီးနီးနေခဲ့သောကာလတွေ၊ အဲသည်က ပြန်ခါနီး ကလေးအထူးကု ဆရာဝန်ကြီး အစ်မ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ထွေး က တခုတ်တရ ခေါ်မေးသည်။

“သားရေ၊ မင်းအဲသလောက် အလုပ် တွေ လုပ်နေတာ အစ်မ သတိထားမိတယ်။ မင်းဘာရည်ရွယ်ချက်နဲ့အဲသလောက် ကြိုးစား အလုပ်တွေ လုပ်နေတာလဲကွ” တဲ့။

“အစ်မခင်ဗျာ၊ ကျွန်တော် Ward တိုင်း အဲသလိုပဲ မခိုမကပ် အလုပ်လုပ် ပါတယ်ခင်ဗျ။ ရည်ရွယ်ချက်က ကိုယ် အလုပ်ဝင်တဲ့ အချိန်မှာ ကိုယ့်ရဲ့ ပညာရည် မပြည့်၀မှုကြောင့် အဖိတ်အစင် မရှိအောင် ကြိုးစားပြီး သင်ယူနေတာပါ မမ”လို့ ဖြေဖြစ်တယ်။

၂၀၀၄၊ ဇန်နဝါရီလ ၇ရက်၊ ဗုဒ္ဓဟူးနေ့၊ လက်ထောက်ဆရာဝန်ဘ၀၊ မြိတ်ပြည်သူ့ဆေးရုံကြီး၊ ဖျားနာလူနာဆောင်။

“မနက်ပိုင်း ပထမဆုံး GP လေး စဖွင့် ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်ကြီးတွေ၊ စီနီယာ ဆရာဝန်ကြီး တွေ ဖြစ်သည့် ဒေါက်တာကိုဘုန်းဟန်၊ ဒေါက်တာကိုဝင်းဇော်ဦး၊ ဒေါက်တာ ကိုအောင်မိုးသူ၊ ဒေါက်တာနွေးနွေးလတ်၊ ဒေါက်တာစိမ့်စိမ့်မြတ်၊ ဒေါက်တာ မွန်အိအိမိုးတို့ဆေးခန်း ဖွင့်ပွဲကို လာကြ သည်။ မနက်၉နာရီ ဆေးရုံသွားသည်။ သမားတော်ကြီး ဦးညွန့်မောင် လူနာခန်း လှည့်အပြီး ပြင်ပလူနာ ဆက်ကြည့်ကြ ရသည်။ ထမင်းစားရတော့ မွန်းလွဲပြီ။ အလုပ်သင် ဆရာဝန်လေး ဒေါက်တာ ကိုကျော်သီဟ ဝမ်းလျှောနေသည် ဆိုသဖြင့် သူ့ဆီသွားကာ ဆေးသွင်းပေးရသည်။ ညနေ ရွှေသရဖူမှာ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးစိုးတင့်နှင့်အတူ အူအတက် ယောင်လူနာတစ်ယောက်၊ သားကြောဖြတ် လူနာနှစ်ယောက် Assistant Surgeon အဖြစ် ဝင်ရသည်။ ညနေ ဆေးခန်း လူနာသုံးယောက် ရသည်။ ညနေ မိတ်ဆွေ ဦးဝင်းတင် အမောဖောက်ပြီး ရွှေသရဖူဆေးခန်းတက်နေသည်ဆို သဖြင့် သွားကြည့်ရသည်။”

၂၀၀၄ ဒိုင်ယာယီလေးကို လှစ်ကြည့် တော့ အဲသည် စာမျက်နှာလေး တွေ့ရ သည်။ လက်ထောက် ဆရာဝန်အဖြစ် သည်ဆေးရုံမှာ နှစ်နှစ်နီးနီးလေး တာဝန် ကျသည်။ အုပ်ချုပ်သည်ဆိုရာတွင် Crude (ရက်စက်ကြမ်းကြုတ်) ဖြစ်ရမည်ဆိုသည့် ဆေးရုံအုပ်ကြီးနှင့် အရာရာချောမွေ့ အဆင်ပြေအောင် ကူညီလိုသော ကိုယ့်စရိုက် မကိုက်ညီ အဆင်မပြေသဖြင့် လုပ်သက် လေးလ မပြည့်ခင်မှာပဲ တနင်္သာရီမြို့နယ် က တကူတိုက်နယ်ဆေးရုံသို့ ကိုးလကြာ အပို့ခံရသည်။ မူအရ ဆေးပညာဌာန၊ ခွဲစိတ်ကုဌာန၊ သားဖွားမီးယပ်ဌာန၊ ကလေးရောဂါကုဌာနတို့သို့ တာဝန် မကျ သေးပါဘဲ ပြင်ပသို့ ယာယီမပို့ရဆိုငြား ထူးထူးခြားခြား အလုပ်ဝင်ပြီးလေးလ ကတည်းက ရွာအပို့ခံခဲ့ရသည့်လက် ထောက်ဆရာဝန် ဘ၀က ထူးခြားသည်။ သို့သော် အလုပ်သင်ဘ၀မှာ အောက်သက် ကျေခဲ့သောအခါ အခက်အခဲ မရှိခဲ့။

၂၀၀၇၊ ဇန်နဝါရီလ ၆ရက်၊ စနေ။ တိုက်နယ်ဆရာဝန်၊ စခန်းသစ်တိုက်နယ် ဆေးရုံ။

“မနက်အစောကြီး ၆နာရီကတည်း က Closed fracture Rt Femur ပေါင်ရိုးကျိုးနေသည့် ကလေးလူနာကို ကျောက်ပတ်တီးကိုင်ပေးကာ မြိတ်သို့ လွှဲပို့ပေးရ။ ၈နာရီခွဲမှာ အူအတက်ယောင် လူနာတစ်ယောက် ခွဲစိတ်ခန်းဝင် ခွဲစိတ် ကုသ။ နေ့လယ်မှာ ရေနစ်သေဆုံးသည့် အလောင်းရင်ခွဲစစ်ဆေးပေး၊ မွန်းလွဲ ၂နာရီခွဲ ပြောင်းရွှေ့မည့် သူနာပြု ဆရာမ လေးကို ဂုဏ်ပြုနှုတ်ဆက်ပွဲ လုပ်ပေးရ။ ပြီး မနက်အစောကြီး တောင်ပြို၊ ရင်ကန်း အော်ရွာတွေဘက် ကွင်းဆင်းလာသည့် ငှက်ဖျားဆရာဝန်ကြီး အစ်မကြီး ဒေါက်တာ ဒေါ်နီနီအေးတို့ အဖွဲ့ကို ကြိုရသည်။ နောက် မနက် လေးနာရီမထိုးမီ အဲသည်ရွာတွေဘက် ကွင်းဆင်းဖို့ လိုက်ရမည်ဆိုပါမှ ညဘက် မွေးလူနာက ဆက်တိုက် ရောက်သဖြင့် တစ်ညလုံးမအိပ်ရ။”

တိုက်နယ်ဆရာဝန်ဘ၀အမှတ်တရ စာမျက်နှာလေးတွေက များသည်။ ကိုယ့် လက်ကိုယ့်ခြေနှင့် ကိုယ်ပါသလောက် စီမံခန့်ခွဲနိုင်သည့်အနေအထားကို ကိုယ့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကျော် စွာလွင်နှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးမိုးဆွေတို့က ပေးထားလေ တော့ အတော်အတန် လုပ်နိုင်ကိုင်နိုင်သည့် အနေအထားမှာ ရွာဘက်က ပူးပေါင်း ပါဝင်သည့်အခါ တိုက်နယ်ဆေးရုံမှာ အတော်တိုးတက်လာသည်။ တစ်ဆယ့် ခြောက်ကုတင်ဆံ့ ဆေးရုံမှာ အမြဲမပြတ် လူနာပြည့်ရုံမက တစ်ခါတလေ ကုတင် ထားစရာမရှိ။ ရွာနီးပါးချုပ်စပ်က ကျွန်းတွေ အားလုံးလိုလိုက သည်ဆေးရုံကို ရေလမ်း မှ တကူးတက လာကြသည်။ အဲသည်မှာ ဖုန်းမရှိ၊ ဆိုင်ကယ်မရှိသေးသော ကာလ မှာပဲ ငါးနှစ်နီးပါး တာဝန်ယူ ပေးဆပ်ကာ အလုပ်လုပ်ခဲ့သည်။ မှတ်တိုင်တွေ အမှတ်ရစရာတွေ အဲသည်မှာ အပြည့်။

၂၀၁၁၊ ဧပြီလ ၂၉၊ သောကြာနေ့၊ ငှက်ဖျားဌာန တာဝန်ခံဆရာဝန်ဘ၀။ ခရိုင်ကျန်းမာရေးဦးစီးဌာန။

“၁၂-၄-၁၁ က မင်းသန်းကျန်းမာ ရေးဌာနသို့ ကွင်းဆင်းတွေ့ရှိချက်တွေနှင့်ပတ်သက်ပြီး သည်လကုန် လူထု ကျန်းမာရေးလုပ်ငန်း ဆန်းစစ်အစည်း အဝေးမှာ ဆွေးနွေးဖြစ်သည်။ ကိုယ့်ခရိုင် မှာရှိသည့် ကျန်းမာရေးဌာနတွေအင်အား၊ ဝန်ထမ်းအင်အား၊ ပစ္စည်းပစ္စယအခြေ အနေတွေကို ဆန်းစစ်ကာ အဲသည်နေ့က ကျန်းမာရေးမှူးတွေ၊ သားဖွားဆရာမတွေ နှင့် တွေ့ဆုံဆွေးနွေးဖြစ်သည်။ လုပ်နေကျ ကာကွယ်ဆေးထိုး လုပ်ငန်း စီမံချက်တွေ အကြောင်း သာမက အားသာချက်၊ အားနည်းချက် တွေကိုလည်း ဆွေးနွေးဖြစ် သည်။ တိုက်နယ်မှာ ဆေးကုသမှုသာမက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုပါ ထဲထဲဝင်ဝင် လုပ်ခဲ့ သောအခါ သည်မှာဘက်ရောက်လာတော့ အခက်အခဲမရှိ။ ပြည်သူ့ကျန်းမာရေးဝန် ထမ်းတွေနှင့် တစ်သားတည်းလိုလိုဖြစ် သည်။ ညနေ ဆေးခန်းထိုင်ဖြစ်သော်လည်း အဲသည် ဆေးပေးခန်းသည် ပြည်သူ့ ကျန်းမာမှာ နေရသောကာလတွေမှာ ဖွင့်တစ်ရက် ပိတ်တစ်ရက်လိုလို ဖြစ်မည် ဆိုသည်ကို မသိခဲ့သည်ကားအမှန်။”

သည်ဒိုင်ယာရီစာမျက်နှာလေးက ပြည်သူ့ကျန်းမာမှာ ငှက်ဖျားတိုက်ဖျက် ရေးလုပ်ငန်းထဲ သုံးနှစ်နီးနီးနစ်ပြီး တိုင်း အတွင်း အစုန်အဆန် သွားခဲ့လာခဲ့ရ၊ ဒေသန္တရ ဗဟုသုတတွေ အပုံအပင်နှင့် သာမက နေပြည်တော် ရန်ကုန်ကိုပါ ကူးချည်သန်းချည် နေရမည့်ကာလတွေရဲ့ အစလည်း ဖြစ်သည်။ အဲသည်ကာလတွေ မှာ ပျော်ခဲ့ပါသည်။ မအိပ်မနေ အိမ် မကပ်နိုင်ပါဘဲ ခရီးတွေလည်း များခဲ့သည်။

၂၀၁၈ခု၊ ဇန်နဝါရီလ ၄ရက်၊ ကြာသပတေးနေ့၊ မြိတ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတာဝန်ခံဆရာဝန်ဘ၀။

“ကိုယ့် Team ကို Team Spirit ရဖို့ အတော်လုပ်ရသည်။ မနေ့ညနေက သေမင်းနှင့် သူနိုင်ကိုယ်နိုင် အသက်လုရ သည့် နေ့လည်း ဖြစ်သည်။ ရေဘဝဲစား ကာ အသက်ရှူရပ်သွားသည့် လူနာကို ကျွန်တော်တို့ အရေးပေါ်က အဖွဲ့တွေ အသည်းအသန် အသက်လု ကယ်တင်နိုင် ခဲ့သည်။ ကိုယ့်လက်ထောက်ဆရာဝန် ဖြစ်သော ဒေါက်တာ မေသူဇော်ကိုရော ကိုယ့်အထက်တန်း သူနာပြုတွေကိုပါ ကျေးဇူးတင်ရသည်။ နှလုံးခုန်ရပ်နေပြီး သော လူနာကို အသည်းအသန် နှလုံး ပြန်နှိုးကာ အသည်းအသန် လူနာခန်းကို ပို့အပ်ကာ မေ့ဆေးအစ်မ ဒေါက်တာ ဝင်းစီစီခိုင်နှင့်အစ်ကို ဒေါက်တာ ကိုကျော်ထွန်းဦးတို့ထံ အသက်ရှင်လျက် အပ်ထားခဲ့သည်။

သည်မနက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲတာဝန် နှင့် မနက် ၅နာရီ ကတည်းက ဆေးရုံ ရောက်လာပြီး အသည်းအသန်လူနာခန်း ကို မဝံ့မရဲ ချောင်းကြည့်ရသည်။ မနေ့က တည်းက နှလုံးခုန်ရပ်ရာမှ နှလုံးနှိုးဆွ သဖြင့် နှလုံးခုန်သော်လည်း သတိလစ်နေ သည်မို့ သည်မနက် သူအသက်မှ ရှိသေး သည်လောဟု စိတ်မှ တွေးကာ မဝံ့မရဲ ဖြစ်ခြင်းလည်း ဖြစ်သည်။ နှလုံးခုန်ရပ် လူနာ မနက်ပိုင်းမှာ သတိပြန်ရလာသည် က သည်မနက် ပျော်မဆုံးတော့။ မွေးနေ့ ဖြစ်သော သည်နေ့အတွက်သည် လက် ဆောင်သည် အထူးမြတ်ဆုံးသော လက်ဆောင်ပင်။”

၂၀၁၆ မှာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပညာ ဒီပလိုမာကို လိုအပ် ချက်အရတက်ခဲ့ပြီး ကုသမှုဘက်သို့ တစ်ဖန်ပြန်ရောက်လာသည်။ တစ်နေ့က နေပြည်တော်မှ တရားဝင်အမိန့်ကြေညာစာ ရပြီး အရေးပေါ်ဌာနရဲ့ တာဝန်ခံဆရာဝန် ဖြစ်လာသည်။ ဌာနအတွက် လုပ်ရသည် ကမနည်းလှ။ အရေးပေါ် အသက်ကယ်ခန်း Resuscitation Room ကို ကုတင် ထပ်ချဲ့ကာ ကိုယ့်ဌာန ယူနီဖောင်းတွေ ဖြစ်လာဖို့ အားထုတ်ရသည်။ ကိုယ့်ဘက် က သူနာပြုတွေကို သင်ကြားပေးပြီး အဲသည်ဌာနမှာ ကြာကြာတာဝန်ချထား ပေးဖို့ ဆေးရုံအုပ်ကြီးကို ပြောရသည်။ အသက်ကယ်နှလုံးနှိုးဆွစက် ကိုလည်း ပရော်ဖက်ဆာ ဒေါက်တာ Patel တို့ရဲ့ ပြင်သစ် အခြေခံဖြစ်သော AMFA အဖွဲ့ မှ အကူအညီဖြင့် ရထားသည်။ ပြင်ပ အသက်ကယ်အဖွဲ့အစည်းတွေနှင့်လည်း ချိတ်ဆက်ကာ ဆေးရုံရဲ့ အရေးပေါ် ကုသမှု အဆင်ပြေချောမွေ့ဖို့ နေ့ညမအား အားထုတ်သည်။ အိပ်လည်း အရေးပေါ်၊ စားလည်း အရေးပေါ် ဌာနကို မေ့မထား ဖြစ်။ CCTV တပ်ထားကာ ဖုန်းနှင့်ချိတ် ဆက်လျက် ၂၄နာရီ အသင့်ရှိနေရသော ကာလ၊ အိပ်ချိန်မမှန် စားချိန်မမှန်သော ကာလလည်း ဖြစ်သည်။

၂၀၂၀၊ ဇန်နဝါရီ ၁၆ရက်၊ ကြာသပတေး။ ပြင်ပဆရာဝန်ဘ၀။

“ညနေပိုင်း လူနာလာပင့်သော ကလေးမမျက်လုံးမှာ အားကိုးစိတ် အားငယ်စိတ်တွေတွေ့ရသောအခါ သူ့ လူနာကို အိမ်လိုက်ကြည့်ဖို့ မငြင်းနိုင်ခဲ့။ ဟိုး ပုလဲသန္တာဟိုတယ်ရဲ့ အခြားတစ် ဘက်က အဏ္ဏဝါဆိုသည့် အမည်လှလှ နှင့် ဆင်းရဲသား ရပ်ကွက်လေး၊ လမ်း မကြီးဘေးမှ မြေနီလမ်းအတိုင်း ဝင်ကာ တံတားယိုင်နဲ့နဲ့ လမ်းလေးပေါ် ခနော်ခနဲ့ လျှောက်ရသည်။ လူနာက လေဖြတ်ထား သဖြင့် လမ်းမလျှောက်နိုင်သည်မှာ ဆယ်နှစ် ရှိပြီး ခုတော့ တစ်ကိုယ်လုံးဖောယောင်ကာ အဖျားဝင် နေသည်။ လူနာကို ဆေးကုပေး ပြီး မသက်သာပါက ဆေးရုံတက်ဖို့လွှဲ ပို့ရသည်။ အပြန်မှာတော့ မှောင်နေပြီ။ကိုယ့်ဆေးခန်းမှာ လူနာတွေက စောင့်နေ သဖြင့် ကုသပေးရသည်။ ညစာ စားရ တော့ ည ၈နာရီ။”

စိတ်ညစ်ညူးစရာများသည့် ဝန်ထမ်း ဆရာဝန်အဖြစ်မှ နှုတ်ထွက်ခွင့်ရပြီး အနားယူခဲ့သည်မှာ ခြောက်လနီးပြီ။ တစ် နေ့က ယခင် တိုင်းကုသရေးဦးစီးဌာနမှူး၊ ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမျိုးသန့်၏ နာရေးသတင်းလေး ဖတ်မိ ချိန်မှာ ကိုယ်ဖြတ်သန်းခဲ့သမျှ အညတရ ဆရာဝန်ဘ၀ကို ပြန်လည် ဆန်းစစ်မိရင်း ကိုယ့်တာဝန် ကိုယ်ကျေခဲ့ပါသလောဟု စောကြောတွေးမိချိန်မှာ ဒိုင်ယာရီဟောင်း လေးတွေ ပြန်လှန်မိပါသည်။

အညတရဆရာဝန်တစ်ယောက်ရဲ့ အမှတ်တရ ဒိုင်ယာရီ။

ပြန်ဖတ်မိသမျှ ဖြတ်ခဲ့သည့် အညတရ ဆရာဝန်ဘ၀မှာ ကျရာနေရာမှာ အစွမ်း ကုန် အလုပ်လုပ်ခဲ့ ကြိုးစားခဲ့သည်ချည်း ဖြစ်သလို ဆရာဝန်တစ်ယောက်ရဲ့ဘ၀ ဖြတ်သန်းသမျှအတွက် အမှတ်ရစရာ ပြည့်နေသည်။ အနိစ္စ အမြဲမရှိခြင်းသဘော၊ သင်္ခါရဆိုသည့် အစိုးမရခြင်း သဘောတွေ နှင့် သည်ဩကာသ လောကကြီးမှာ ကျွန်တော်တို့ဘ၀လက်ကျန်အချိန်တွေ ဘယ်လောက်ရှိမည်ဆိုသည်ကို မည်သူမှ မသိနိုင်လေရာ နိစ္စဓူ၀ဖြတ်သန်းသမျှမှာ အကုသိုလ်စိတ်တွေ နည်းနိုင်သမျှ နည်းဖို့ ကုသိုလ်စိတ်တွေ များများထား နိုင်ဖို့ နေ့တိုင်းစားသည့်ထမင်းလုတ်တွေမှာ သန့်ရှင်းဖို့ ကိုယ်သန္တန်မှာအမြဲ လိပ်ပြာ သန့်နေဖို့ လိုအပ်သလို လက်ကျန် ဘ၀ အချိန်တွေကိုလည်း အမြဲအသိနှင့် သတိ ဖြင့်လျှင် ဖြတ်သန်းကြသင့်သည်ကား အမှန်။

ကိုရိုးဆေး