တံဆိပ်ကိုကြိုက်သည် အရည်အသွေးကို ထိန်းသိမ်းပါ

0
264
ကြော်ငြာဝန်ဆောင်မှု

ကျွန်တော်တို့ နေ့စဉ်ဘ၀မှာ တံဆိပ်တွေဟာ အရေးပါလှပါတယ်။

အစားအသောက်ဖြစ်ဖြစ်၊ အဝတ် အထည်ဖြစ်ဖြစ် ဘယ်က ထုတ်တာလဲ၊ ဘယ်တံဆိပ်လဲ စသည်ဖြင့် မေးမြန်းလေ့ ရှိပါတယ်။ ယုတ်စွအဆုံး ရပ်ကွက်ထဲ မုန့်ဟင်းခါး စားတဲ့နေရာမှာတောင် ဘယ်သူ့ မုန့်တီလဲ ဆိုတာက အတော်တာသွားပါ တယ်။ ဘယ်သူ့မုန့်တီကမှ အကောင်း၊ ဘယ်ဆိုင်က လို့ပြောလိုက်တာနဲ့ အဲဆိုင် ဆိုရင်တော့ဖြင့် အချို့မှုန့်တွေတအားထည့် တာ၊ ငါးက မလတ်ဘူး။ ဟိုဆိုင်ကဆိုရင် တော့ဖြင့် ထားဝယ်မုန့်တီကို ငါးပုတ် ခြောက်ကလေးက အနံ့ကလေးကတော့ ဖြင့်ဘယ်လို၊ လန်ဂေါ်ရွက် (တညင်ရွက်) ကတော့ ဘယ်လိုလေးနူးတာ၊ ငှက်ပျောအူ ကလေးဆိုတာ ဝါးလိုက်ရင်တော့ဖြင့် နူးအိပြီးဘယ်လို စားကောင်းတာ စသည် ဖြင့် ပြောကြဆိုကြလေရဲ့။ ဒီလိုနည်းမျိုးစုံ နဲ့ တံဆိပ်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀မှာ နေရာယူလေ့ ရှိကြတယ်။

တံဆိပ်တွေရဲ့နောက်ကွယ်မှာ ကပ်ပါ လာတာက အရည်အသွေးကိစ္စ ဖြစ်ပါ တယ်။ တံဆိပ်တစ်ခု၊ နာမည်တစ်ခုကို ကြိုက်ခြင်း^မကြိုက်ခြင်း၊ ထောက်ခံခြင်း/ကန့်ကွက်ခြင်း အစွန်းတွေအားလုံး ရဲ့ အက္ခရာဟာ အရည်အသွေးအပေါ်မှာ အခြေခံပါတယ်။ (စကားချပ် ။ ။ တချို့ တံဆိပ်တွေကတော့ အရည်အသွေး မကောင်းဘဲ ကြော်ငြာကောင်းလို့ လူသိများ တာလည်း ရှိပါလေရဲ့။ သို့သော်ငြား အရည်အသွေးမကောင်းရင် ရေရှည်ရပ် တည်ဖို့တော့ မလွယ်လှ)။

ဒါကြောင့်မို့ တံဆိပ်နဲ့ တံဆိပ်ရဲ့ နောက်ကွယ်က အရိပ်ပမာ ကပ်ပါနေတဲ့ အရည်အသွေးကိစ္စဟာ လောကမှာ အင်မတန်မှ အရေးပါတဲ့ ကိစ္စဖြစ်တယ်။ ဒီတံဆိပ်နဲ့ အရည်အသွေးကိစ္စဟာ အစား အသောက်အသုံးအဆောင်တင်မက နိုင်ငံ ရေးမှာလည်း ထပ်တူဖြစ်ပါတယ်။ အထူး အားဖြင့် ကျွန်တော်တို့နိုင်ငံလို ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်ဆိုတဲ့ နိုင်ငံတွေအတွက် နိုင်ငံရေး ပါတီတွေရဲ့ တံဆိပ်နဲ့ အရည်အသွေးကိစ္စဟာ လူထုရဲ့ မျှော်လင့်ချက်နဲ့ တိုက်ရိုက် အချိုးကျတယ် လို့ပဲ ပြောပါရစေ။

ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြု စနစ်မဟုတ်ဘဲ လက်ရှိကျွန်တော်တို့ ကျင့်သုံးနေတဲ့ နိုင်သူအကုန်ယူ စနစ်မှာ နိုင်ငံရေးပါတီတွေရဲ့ တံဆိပ်နဲ့ အရည်အသွေး ကိစ္စဟာ အတော် တာသွားပါတယ်။ ရွေးကောက်ပွဲနေ့မှာ လူထုက တံဆိပ်ကို ကြည့်ပြီးရွေးပေးလိုက်လို့ အဲဒီတံဆိပ် အောက်က အမတ်မင်းတွေရဲ့ အရည်အသွေး ပိုင်းဆိုင်ရာက သုံးစားမရ ညံ့ဖျင်းနေတယ် ဆိုရင်တော့ ငါးနှစ်တာခံဖို့ ပြင်ထားပေ ရော့ပါပဲ။

ဒီမိုကရေစီရင့်သန်ပြီးသား နိုင်ငံ ကြီးတွေမှာကျတော့ ဒီတံဆိပ်နဲ့ အရည် အသွေးကိစ္စဟာ လူထုအတွက် သိပ်ပြီး စကားလုပ် ပြောနေစရာတော့ မဟုတ်နေ ပြန်။ ဆိုလိုတာက အဲဒီတိုင်းပြည်တွေက အမတ်လောင်းတွေရဲ့အရည်အသွေးဟာ ယုံကြည်ရလောက်လို့ပဲ။

ရီပါဗလစ်ကန် ပါတီပဲ နိုင်နိုင်၊ ဒီမိုကရက်တွေပဲ နိုင်နိုင်၊ ဂရင်းပါတီလို ပါတီအငယ်တွေကပဲနိုင်နိုင်၊ လေဘာလို ပါတီကပဲနိုင်နိုင် ရွေးကောက်ခံ အမတ်တွေဟာ အများအားဖြင့် ဒေါင်ဒေါင် မြည်ဆိုသူတွေမို့ လူထုအကျိုး ပြည်သူ့ အကျိုးအတွက်ဆိုရင် သူ့ထက်ပါ အလု အယက် ပိုကောင်းအောင် ဘယ်လိုလုပ် ကြမဟဲ့ဆိုတဲ့ ရှုထောင့်က သွားကြတာ များပေသကိုး။

အရေးအကြီးဆုံးက ဒီမိုကရေစီရှင်သန်မှုရဲ့ အသက်လို့တောင် ပြောလို့ရတဲ့ လွှတ်တော်တွင်း၊ အစိုးရ တွင်း ဆွေးနွေးငြင်းခုန်မှု၊ ဝေဖန်ထောက် ပြမှုတွေက အားကောင်းလွန်းလို့ လွှတ်တော် ဥက္ကဋ္ဌတွေဆိုတာ လွှတ်တော်အစည်း အဝေးနေ့မှာ “အော်ဒါ အော်ဒါ”လို့ ပါးစပ် ကအော်ပြီး ရှေ့စားပွဲပေါ်က တူကို တဒုန်း ဒုန်းထုကာ ခဏခဏ သတိပေးရတဲ့ အထိ ကို အပြန်အလှန်ထိန်းညှိမှုက အားကောင်းတာကိုး။

ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ ခရီးကြမ်းကို လျှောက်လှမ်းခဲ့တာ နှစ်တွေ လည်း အတော်ကြာခဲ့ပါပြီ။ ကြိုက်သည်ရှိ မကြိုက်သည်ရှိ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း အရပ်သား အစိုးရတက်လာပြီး စစ်တပ်ကျောထောက်နောက်ခံ ပါတီကြီး တစ်ခုက အစိုးရနဲ့ လွှတ်တော်ကို မောင်း နှင်ခဲ့တယ်။ ၂၀၀၈ ခြေဥကို ကန့်ကွက်နေ ရင်းကပဲ ၂၀၁၅ မှာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို ကျွန်တော်တို့ မဲပေးခဲ့ ပြီးပြီ။ ဒီအစိုးရ နှစ်ဆက် လုံးလုံး ပြည်သူ လူထုဟာ ဒီမိုကရေစီရဲ့အရသာကို မြည်း စမ်းခွင့်ရခဲ့ပြီ။ ဆယ်စုနှစ်တစ်ခုစာ လူထုအစိုးရဆိုတဲ့ အရသာကို မြည်းစမ်းပြီးတဲ့ အခါမှာတော့ လူထုဟာ နိုင်ငံရေးပါတီ တွေရဲ့ တံဆိပ်နဲ့အရည်အသွေးကို အတော် ကလေး တီးမိခေါက်မိရှိပြီလို့ ယူဆမိပါရဲ့။

လက်ရှိအခင်းအကျင်းအရ ပါတီစုံ ဒီမိုကရေစီလို့ ဆိုပေသော်ငြား ကျွန်တော် တို့ တနင်္သာရီတိုင်း လိုမျိုးကတော့ ပါတီ မစုံ ဒီမိုကရေစီလို့ ဆိုချင်ပါရဲ့။ အလွယ် ဆုံးဥပမာကတော့ ရှမ်းပြည်နယ်တို့ မွန်ပြည်နယ်တို့လိုမျိုးမှာ ဒေသကို အခြေ ပြုတဲ့ ပါတီမျိုးကျွန်တော်တို့ဆီမှာ အား မကောင်းသေး။

၂၀၁၅ ရွေးကောက်ပွဲအခြေအနေအရ လူထုဟာ ပါတီတစ်ခုတည်းကိုသာ မဲပေး ခဲ့တယ်။ ဒါကလည်း ခေတ်ရဲ့တောင်းဆိုမှု၊ ခေတ်ရဲ့ လိုအပ်ချက်ပဲလို့ ယုံကြည်ပါ တယ်။ ကျွန်တော်တို့ဟာ တံဆိပ်တစ်ခု တည်းကိုပဲ ယုံကြည်ခဲ့ကြတယ်။ “လူကို မကြည့်နဲ့ ပါတီကိုကြည့်”ဆိုတဲ့ ခေတ်ရဲ့ ဆောင်ပုဒ်ကို ကျွန်တော်တို့ရွတ်ဆိုခဲ့ ကြတယ်။ အဲဒီအတိုင်းလည်း လိုက်နာခဲ့ ကြတယ်။ ဆိုလိုတာက ကျွန်တော်တို့ဟာ တံဆိပ်နောက်ကို လိုက်ခဲ့ကြတယ်။

မကြာတော့တဲ့ ကာလမှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြန်တော့မယ်။ ဘာမှ အချွတ်အချော် အတိမ်းအစောင်း မရှိဘူး ဆိုရင် လာမယ့်နိုဝင်ဘာလထဲမှာ ရွေးကောက် ပွဲကြီး ကျင်းပနိုင်ဖို့ မျှော်မှန်းကြတယ်။ လူထုအနေနဲ့ တံဆိပ်တွေအကြောင်း ပြန် ပြောင်း စဉ်းစားဖို့ အချိန်ကာလဟာ တ ဖြည်းဖြည်းနဲ့နီးကပ်လာပြန်ပြီဖြစ်တယ်။ ငယ်ငယ်က ဆရာမ တစ်ယောက်ပြောတဲ့ စကားလေး မှတ်မိသေးတယ်။ “စာမေးပွဲက ဖင်ထဲဝင်တော့မယ်” ဆိုတဲ့ စကား။ အမတ်လောင်းတွေအတွက် အဲဒီစကားပုံ လေးကို ပြန်ပြောင်းကြည့်ရင် “ရွေးကောက်ပွဲက ဖင်ထဲဝင်တော့မယ်” လို့ ဖြစ်လေ မလား။

ဒီလိုအချိန်မှာ စဉ်းစားမိတာက တိုင်း ပြည်အုပ်ချုပ်မင်းလုပ်ခွင့်ရကြမယ့်၊ လွှတ် တော်ထဲဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်၊ ပြည်သူ့အကျိုး သယ်ပိုးမဟဲ့ ဆိုတဲ့ အမတ် မင်းလောင်းလျာများရဲ့ အရည်အသွေး ပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး ပြည်သူ အတွက် ဘာတွေ ဆောင်ရွက်ပြီးခဲ့ကြပြီလဲ။

ရှေ့ဆက် ဘာတွေဆောင်ရွက်ဖို့ စဉ်းစား မိသလဲ။ လက်ရှိ တိုင်းထဲ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ပြည်သူတွေရဲ့ လူမှုစီးပွား ဘ၀ဖူလုံရေး အစရှိတဲ့ လူထုအရေးအရာ ကိစ္စတွေနဲ့ပတ်သက်ပြီး အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ထားကြပြီလား။

ကျွန်တော်တို့လူထုဟာ တကယ် တော့ လွှတ်စိတ်ရှည်ကြတာပါ။ ရွေးကောက် ပွဲနိုင် အမတ်ဖြစ်သွားပြီး အစိုးရဖြစ်သွား ပြီး လူထုဆီကို ပေါက်မလာရင်တောင် “အော် … ငါတို့ဆရာတွေ အလုပ်ရှုပ်ကြ တာပဲ၊ လွှတ်တော်တက်လိုက် အစည်း အဝေးတွေ သွားလိုက်နဲ့ပင်ပန်းနေရှာ ကြပြီ”လို့ နားလည်ကြတာ။

“သူတို့မှာ ရတဲ့လစာကလေးက ပြောပလောက်အောင်များတာ မဟုတ်တော့ ငါတို့ဆီ ခဏခဏ ဘယ်ရောက်နိုင်ပါ့မလဲ” လို့ ကရုဏာဖြစ်ကြတာ။ ရွာမှာ ပြဿနာ တစ်ခုခုဖြစ်လို့ အမတ်မင်းတွေဆီ အားကိုး တကြီးဖုန်းဆက်၊ ကိုယ်တင်လိုက်တဲ့ ဝန်ကြီးတွေပဲ လာဖြေရှင်းပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးတပုံတခေါင်းနဲ့ မတတ်က တတ်က စာတစ်တန် ပေတစ်ဖွဲ့ လက်မှတ်တွေထိုးပြီး ပို့လိုက်လို့ ဘာ အကြောင်းမှ ပြန်မလာရင်တောင် “အော် … သူတို့မှာ ငါတို့ရွာကိစ္စလောက်ပဲရှိတာမှ မဟုတ်တာ၊ တစ်တိုင်းလုံးဟာ ဖြေရှင်း နေရတာ၊ ပြည်ထောင်စုကိုလည်း သွားရသေးတယ်၊ သူတို့ တစ်ခုခု မဖြေရှင်းဘဲ နေမှာတော့ မဟုတ်ပါဘူးလေ” ဆိုပြီး ဖြည့်တွေးခဲ့ကြတာမျိုး။ ရွာမှာ လူထု တွေ့ဆုံပွဲများ ရှိပြီဟေ့ဆိုတာနဲ့ ရွာရိုး ကိုးပေါက် ဗျိုးဟစ် ခေါ်ပြီး အိမ်က ကြက် ကလေး ကာလသားဟင်းချက်ပြီး ကြိုချင် ကြတာမျိုး။

သို့ပေမယ့် လူထု သည်းမခံနိုင်တဲ့ ကိစ္စတွေရှိတယ်။ လူထုခွင့်မလွှတ်တဲ့ အကြောင်းတွေရှိတယ်။ သမိုင်းတစ်လျှောက် လုံး အာဏာရှင်ကို ဖီဆန်လာတဲ့လူထု သူတို့ တင်လိုက်တဲ့ အစိုးရ၊ သူတို့ရွေး လိုက်တဲ့ အမတ် လာဘ်စားတာမကြိုက်။ ဥပဒေ ချိုးဖောက်တဲ့ စီးပွားရေးသမားတွေ နဲ့ ပလူးပလဲ နဖူးကွဲ ဒူးပြဲ တပူးပူးတတွဲတွဲ ရွှေလက်ဆက် ပျော်ပွဲတက်နေတာမျိုး ကတော့ ပြည်သူ့မျက်စိ စပါးမွှေးလွှတ်စူး။

မျက်နှာချေကလေးလိမ်း၊ လူထုရှေ့ ဇာတ်မင်းသားလို ဟန်နဲ့ ရှေ့ထွက်ပြီး “ပြောလိုက်ရင်ဖြင့် ရွှေမန်း၊ ကတော့ဖြင့် ချိုမိုင်မိုင်” အကွက်တွေခင်းတာများတော့ လူထုဟာ စိတ်ထဲမှာ ကလိကလိ၊ ရယ်ချင် ပက်ကျိဖြစ်ရတယ်။ အဆိုးဆုံးကတော့ လူထုပြဿနာကြုံရလို့ ဘယ်လိုဖြေရှင်း ကြရင်ကောင်းမလဲဆရာလို့ လူထုက အားကိုးတကြီးမေးတာကို “အစီရင်ခံစာ တင်လိုက်ပါ”လို့ ပြန်ပြောတာမျိုးနဲ့ကြုံ ရရင်ရင်ဘတ်ထဲကပါ အောင့်အောင် ခံစားရတာမျိုး။ ဘယ့်နှယ် လူထုကိုယ်စား လူထုပြဿနာကိုဖြေရှင်းဖို့ လူထုကိုယ်စားလှယ်ရွေးထားပါတယ်ဆိုမှ လူထု ကိုယ်စားလှယ်ကိုပဲ လူထုက အစီရင်ခံစာ ပြန်တင်နေရရင်တော့ မထူးရေးချ မထူး။

တကယ်တော့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွေ ကျင်းပတယ် ဆိုတာ လူထုအတွက် ဝမ်းသာဖွယ်ပါ။ မိမိကို ကိုယ်စားပြုမယ့် ၊ လူထု ကိုယ်စား ပြည်သူကို အုပ်ချုပ်မယ့် ကိုယ်စားပြုမယ့် အစိုးရကို၊ လွှတ်တော်ကို ရွေးခွင့်ရတယ် ဆိုတာ မဟာ့မဟာ အခွင့်အရေး။

အာဏာရှင် တွေလက်ထက်မှာ ဒါမျိုးမရရေးချမရခဲ့။ တံဆိပ်စုံ၊ အရောင်အသွေးစုံ လှပဖူးပွင့်နေ တဲ့ ပါတီအမျိုးမျိုး ရွေးကောက်ပွဲ ကြေငြာ စာတမ်းအထွေထွေကို လေ့လာစေ့ငု ရှေ့ရှု ပြီး ကောင်းကျိုးပြုမယ့် ကိုယ်စားလှယ်ကို ရွေးချယ်ခွင့် ရဘိခြင်းရယ်လို့ ဝမ်းသာလုံး ဆို့ရမယ့်အရေး။

ဒီလိုအခင်းအကျင်းမှာ သေရေး ရှင်ရေး အရေးကြီးတာက အရည်အသွေး။ လူထုဟာ ပါတီကိုမကြည့် လူကိုကြည့်ပြီး ခဲ့ကြပြီ။ ၂၀၂၀ မှာ ဆက်ကြည့်စရာ တံဆိပ်တွေများလာပေမယ့် တနင်္သာရီ တိုင်းလို နေရာမျိုးမှာ လူထုအတွက် ရွေးချယ်စရာ တံဆိပ် သိပ်မများသေး။ လူထု ယုံကြည်ရလောက်တဲ့ တံဆိပ်ဆိုတာ မျိုးကလည်း မျိုးဆက်နဲ့ချီပြီးတည်ဆောက် ထားရတာမျိုးမို့လား။

ငယ်ငယ်က ကျောင်းစာကို ဟုတ်တိပတ်တိမလုပ်ဘဲ ဝေလေလေ လုပ်နေတဲ့ အခါမျိုးမှာ အမေဆူလေ့ရှိတဲ့ စကား တစ်ခွန်း ပြန်သတိရမိတယ်။ “နင်တို့က ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူနေ တဲ့ကောင်တွေ၊ ဒီအိမ်မှာ ငါသာမရှိရင် နင်တို့လိုအခွက်မျိုး လမ်းဆုံမှာထိုင်နေရင် တောင်ဘယ်ကောင်မှ ခလုတ်တိုက်မှာ မဟုတ်ဘူး၊ ပတ်ပြီးရှောင်သွားမှာ၊ နားလည်လား”။

နိုင်ငံရေးမှာလည်း အထက်က ကျွန်တော့်အမေဆူသလိုပါပဲ။ တံဆိပ် ကောင်းလို့ အမတ်ဖြစ်တာထက် ကိုယ်တိုင် အရည်အသွေးရှိကြဖို့ ကောင်းပါတယ်။ ခေတ်လိုအပ်ချက်အရ လူထုဟာ တံဆိပ်ကိုပဲ ကြည့်ခဲ့ကြတယ်ဆိုပေမယ့် ရေရှည်မှာ အရည်အသွေးမရှိရင်တော့ ပြိုင်ဘက် တွေက ကပ်ကျော်သွားနိုင်တာမျိုးပါ။ အဲဒီအခါ နာရမှာက ပြည်သူပါ။

ပြည်သူတစ်ယောက်အနေနဲ့ ရိုးရိုး သားသားပြောရရင် “ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ”တဲ့ အမတ်လောင်းတွေကို ၂၀၂၀ မှာ မမြင်လိုတော့ပါ။

တံဆိပ်ကို ကြိုက်လို့သာ တစ်နေ့နေ့ ကောင်းလာနိုးနိုး၊ အရည်သွေးမှန်လာ နိုးနိုးနဲ့ သည်းခံ သုံးနေရတာမျိုးဆိုတာ ရေရှည်မှာ မဟန်လှပါ။ ပစ္စုပ္ပန်အခြေ အနေကို တည့်တည့်ပြောရရင်တော့ “တံဆိပ်ကိုကြိုက်သည် … အရည်အသွေး ကို ထိန်းသိမ်းပါ”လို့ပါပဲ။

ဝန်ခံချက် ။ ။ ယခုဆောင်းပါး၏ ခေါင်းစဉ်ဖြစ်သော “တံဆိပ်ကိုကြိုက်သည် … အရည်အသွေးကို ထိန်းသိမ်းပါ” ဟူသည့် စကားပုဒ်သည် Ko Cho Loon ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ခဲ့သည့် စာသားဖြစ်ပြီး စာရေးသူမှ ယခုဆောင်းပါး၏ ခေါင်းစဉ် အဖြစ် အသုံးပြုမည်ဆိုသည်ကို ၎င်းထံ ခွင့်ပန်ပြီးဖြစ်သည်။

အောင်လွင် (ကံပေါက်သား)