ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ် တံခွန်စိုက်ဒိုင်းရ ကစားသမားများကို ကျပ်သိန်းတစ်ရာကျော် ဆုချီးမြှင့်

0
484

တိုင်းနှင့်ပြည်နယ် အသက်နှစ် ဆယ့်ငါးနှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ တွင် စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုး သမီးတံခွန်စိုက် ဒိုင်းဆုနှစ်ခုကို ဆွတ်ခူး ပေးခဲ့သည့် တနင်္သာရီတိုင်း ကစားသမား နှင့် နည်းပြအုပ်ချုပ်သူများကို ဆုငွေ ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။

ယင်းပြေးခုန်ပစ်အဖွဲ့ အုပ်ချုပ်သူ နှင့် နည်းပြ စုစုပေါင်း ငါးဦးကို တစ်ဦး လျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်ဆယ် သိန်း၊ ဆုတံဆိပ်ရ ကစားသမား ၁၇ ဦးကို ကျပ် ၉၃ သိန်း စုစုပေါင်း တစ်ရာသုံးသိန်းကျပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

ကစားသမားများကို ရွှေတံဆိပ် တစ်ခုလျှင် ကျပ်ငါးသိန်း၊ ငွေတစ်ခုလျှင် ကျပ်သုံးသိန်း၊ ကြေးတစ်ခုလျှင် ကျပ် တစ်သိန်းကျပ်စီ ချီးမြှင့်ခြင်းဖြစ်ပြီး လေးဦးလက်ဆင့်ကမ်းပြိုင်ပွဲ ရွှေတံဆိပ်ရ အသင်းကို ကျပ်ဆယ်သိန်းနှင့် ကြေးတံ ဆိပ်ရအသင်းကို ကျပ်နှစ်သိန်းစီ ချီးမြှင့် ခြင်းဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ရွှေတံဆိပ် နှစ်ခု၊ လေးယောက် တစ်တွဲ လက်ဆင့်ကမ်းအပြေးပြိုင် သုံးခု တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အမျိုးသမီး ကစားသမားတစ်ဦးမှာ ဆုငွေကျပ် ၁၇ သိန်း ငါးသောင်းကျပ်ဖြင့် ဆုငွေအများ ဆုံး ရရှိခဲ့ကြောင်း အထက်ပါဌာန စာရင်း အရ သိရသည်။

ကျန်ကစားသမားများမှာ တစ်ဆယ့် ငါးသိန်းကျော်၊ ကိုးသိန်းကျော်၊ ရှစ်သိန်း ကျော် စသည်ဖြင့် အသီးသီးရရှိကြပြီး အနည်းဆုံးရရှိသူမှာ ငါးသောင်းကျပ်ဖြစ်သည်။

ယင်းဆုငွေများကို ဇန်နဝါရီလ ၁၇ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း အသက် ၂၅ နှစ် အောက် ပြေးခုန်ပစ်အဖွဲ့သည် ယခုနှစ်မှ ပထမဆုံး အမျိုးသား၊ အမျိုးသမီးတံခွန် စိုက်ဆုနှင့် အမျိုးသမီး တံခွန်စိုက်ဆု တို့ကို ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်သည်။

တနင်္သာရီတိုင်း အမျိုးသမီးအသင်း သည် ရွှေ ခုနစ်ခု၊ ငွေ လေးခု၊ ကြေး တစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုနှင့် အမျိုးသား အမျိုးသမီးပေါင်း ရွှေ ၁၁ ခု၊ ငွေခြောက်ခု၊ ကြေးငါးခုဖြင့် ရမှတ် ၁၆၁ မှတ်ရရှိကာ စုပေါင်းတံခွန်စိုက်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာန စာရင်းအရ သိရသည်။

ယင်းအားကစားပွဲကို ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်အထိ နေပြည်တော် တွင် ကျင်းပခြင်းဖြစ်ပြီး တနင်္သာရီတိုင်း သည် စစ်ကိုင်းတိုင်းကို တစ်မှတ်တည်း ဖြင့် ကျော်ဖြတ်ကာ စုပေါင်းတံခွန်စိုက်ဆု ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရ သည်။

ကျော်သူစိုး