မတ်လကုန်အထိ ကျောင်းဖွင့်မည့် အပေါ် ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများ ဖဲကြိုးစိမ်းလှုပ်ရှားမှု ဖြင့် ကန့်ကွက်

0
661

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည့် မတ်လကုန်အထိ အခြေခံကျောင်းများ ဖွင့်လှစ်မည်ဆို သည့်အပေါ် ထားဝယ်ပညာရေး ကောလိပ်ကျောင်းသား၊ ကျောင်းသူများ က ဇန်နဝါရီလ ၁၃ ရက်တွင် ဖဲကြိုးစိမ်း လှုပ်ရှားမှုဖြင့် ကန့်ကွက်လိုက်ကြသည်။

ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂသည် အောက် ခြေတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် တစ်သားတည်းရှိ ကြောင်းနှင့် အောက်ခြေဆန္ဒမပါသော ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်အား ကန့်ကွက်လိုသောကြောင့် ဖဲကြိုးစိမ်း လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း အထက်ပါသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလွင်ဦး က ပြောသည်။

“ဆယ်တန်းစာမေးပွဲဖြေပြီးမှ ကျန် တဲ့အတန်းတွေကဖြေရမယ်ဆိုတဲ့ဟာက ဒါမဖြစ်နိုင်တဲ့ကိစ္စဗျ။ ကျောင်းသားတွေရဲ့ အနားယူချိန်လဲ နည်းသွားမယ်။ နွေရာသီမှာဆိုရင် သင်တန်းတွေခေါ်ယူ မယ်ဆိုရင် ဆရာ၊ ဆရာမတွေမှာ အားလပ်ရက်မရှိဘဲ ဖြစ်နေလိမ့်မယ်”ဟု ကိုထွန်းလွင်ဦးက ဆိုသည်။

ယင်းဖဲကြိုးစိမ်းလှုပ်ရှားမှုကို ထားဝယ် ပညာရေး ကောလိပ်ဝင်းအတွင်း နံနက် ၈ နာရီမှ ၉ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါ ဖဲကြိုးစိမ်းများကို တစ်နေ့တာပတ်လုံး တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုကို စိတ်ပါဝင် စားသည့် ကျောင်းသား၊ ကျောင်းသူများ ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သော်လည်း ကျောင်းသူ၊ ကျောင်းသားအများစုက ယင်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ ကြောင်း ၎င်းက ပြောသည်။

အခြေခံနှင့်အဆင့်မြင့်ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့ကလည်း မတ်လ ကုန်အထိ ကျောင်းတက်ရသည့်ကိစ္စကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဇန်နဝါရီ လ ပထမအပတ်က အသီးသီး ထုတ်ပြန် ထားကြသည်။

ပညာရေးဝန်ကြီးဌာနဘက်ကမူ တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမ လေးသိန်း ကျော်ခုနစ်သောင်းကျော်က ကျောင်းဖွင့်ရက် တိုးမြှင့်ထားသည့် ကိစ္စကို ပြန်စဉ်း စားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

လုပ်ငန်းခွင်ဝင်နေပြီးနှင့် လုပ်ငန်း ခွင်ဝင်ရောက်ရန် ပြင်ဆင်နေဆဲ ထားဝယ် ပညာရေးကောလိပ်ဆင်း အခြေခံပညာ ဆရာအချို့ကလည်း အဆိုပါလှုပ်ရှားမှု ကို လာရောက်ဝန်းရံခဲ့သည်။

ယခုပညာသင်နှစ်အတွင်း ထားဝယ် ပညာရေးကောလိပ်တွင်တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ငါးရာနီးပါး(၄၇၄) ဦးရှိကြောင်း ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ကျော်သူစိုး