မွန်တွင် ငှက်ဖျားကြောင့် သေဆုံး သူမရှိတော့

0
576

မွန်ပြည်နယ်အတွင်း ငှက်ဖျား ရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် လျော့ကျလာပြီး ယခုအခါ သေဆုံးသူ မရှိတော့သည်အထိ ရောဂါ ဖြစ်ပွားမှု ကျဆင်းလာသည်ဟု မွန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၅၀၅၂ ဦးရှိခဲ့ ပြီး သေဆုံးသူ ၆၆ ဦးထိရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်ထိတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈၂၈ ဦးသာ ရှိပြီး သေဆုံးသူ မရှိတော့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောသည်။

“ကျဆင်းလာတယ်ဆိုပေမယ့် ဒေသတွင်း ကူးစက်တဲ့လူနာ မရှိအောင် ဆိုတဲ့ ရည်မှန်းချက် ရောက်အောင်လုပ် ဖို့က တွန်းအားပေးဆောင်ရွက်ဖို့တော့ လိုသေးတယ်” ဟု ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲ နောင်က ပြောသည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါ ကင်းဝေးရေးရည်မှန်းချက်များပြည့်မီရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက် အသိပညာပေးပွဲတစ်ရပ်ကိုလည်း ဇန်နဝါရီ ၁၄ ရက်က မော်လမြိုင်ရှိ ရာမညဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်သည် ငှက်ဖျားရောဂါ အဖြစ်များသည့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့နှင့် နယ်မြေထိစပ် နေခြင်းနှင့် ဝေးလံခေါင်ဖျားပြီး ကျန်းမာရေး ဌာနက လက်လှမ်းမမီသည့် တိုင်းရင်း သားဒေသများဖြစ်သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ငှက်ဖျား ဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောသည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားဖြစ် ပွားမှုနှုန်းလျော့ကျလာခြင်းသည် ငှက်ဖျား ရောဂါစစ်ဆေးသည့် ကိရိယာနှင့် ကုသရာ ၌ အသုံးပြုသည့် ဆေးများကို လုံလောက် စွာနှင့် လက်လှမ်းမီစွာ အသုံးပြုစေ နိုင်ခြင်း ငှက်ဖျားရောဂါကာကွယ်ကာ ကွယ်ပေးသည့် တာရှည်ခံဆေးစိမ်ခြင် ထောင်များကို ငှက်ဖျားအမြစ်တွယ်မှု မြင့်မားသောဒေသရှိ ကျေးလက်ပြည်သူများနှင့် တောတောင် ထူထပ်သည့် ဝေးလံ ခက်ခဲဒေသအထိ အခမဲ့ ဝေငှအသုံးပြု စေနိုင်ခြင်း၊ ငှက်ဖျားနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတများ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေခြင်းတို့ ကြောင့်ဟု ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန တာဝန်ရှိသူတို့က သုံးသပ်သည်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါကာကွယ်တိုက် ဖျက်ရေး ဌာနကလည်း ငှက်ဖျားရောဂါနှင့် ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးအပြင် ကျန်းမာရေး အသိပညာပေးလုပ်ငန်း များကိုလည်း NGO၊ INGO အဖွဲ့ အစည်းတို့နှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိသည်။

ယဉ်စနိုင်း